ISP's OnPoint

စစ်အုပ်ချုပ်ရေးအောက်က တရားစီရင်ရေးမဏ္ဍိုင်

ရွေးကောက်ခံအစိုးရအဖြစ် ကြေညာပြီးနောက် ထုတ်ပြန်လိုက်သော စစ်အုပ်ချုပ်ရေးအမိန့်သည် တိုင်းပြည်၏ ပကတိအခြေအနေကို ပြောပြနေသည်။ မြို့နယ် ၃၃၀ အနက် မြို့နယ် ၆၀ (၁၈ ရာခိုင်နှုန်းကျော်)၏ တရားစီရင်ရေးမဏ္ဍိုင်ကို စစ်တပ်လက်သို့ တရားဝင်လွှဲအပ်လိုက်ခြင်းလည်း ဖြစ်သည်။
By ISP Admin | May 6, 2026

Photo – AFP


▪️ဖြစ်ရပ်အချက်အလက်

စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ဟာ သမ္မတဖြစ်ပြီး မကြာခင် ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်မှာ မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ဒီမတိုင်ခင်ကလည်း မြို့နယ် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကျင့်သုံးစေခဲ့ရာကနေ အခု ဆက်ပြီးဖော်ဆောင်စေခဲ့တာဖြစ်ပါတယ်။ မြို့နယ် ၆၀ အတွက် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာကို ဦးမင်းအောင်လှိုင်က သူ့ရဲ့ လက်ရင်းလူယုံဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဆီ လွှဲပေးခဲ့ပါတယ်။ တရားစီရင်ရေးအာဏာကို စစ်တိုင်းမှူးတွေလက်ထဲ ဆက်ထားထားတဲ့သဘောပဲ ဖြစ်ပါတယ် [ISP ညွှန်းပြမြေပုံ ၁၇/၂၀၂၆ (ISP-M2026-017) ကိုရှုပါ]။



▪️ကနဦးသုံးသပ်ချက်

စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ မြို့နယ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ် (PDFs/LDFs) တွေ စိုးမိုးလှုပ်ရှားနေတဲ့ဒေသတွေ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် မြို့နယ်တွေရဲ့ လုံခြုံရေး၊ လူမှုရေး၊ ကုန်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးကအစ တရားစီရင်ရေးအဆုံး အရာအားလုံးဟာ မြန်မာစစ်တပ် စစ်တိုင်းမှူးတွေရဲ့ လုပ်ပိုင်ခွင့်အောက်ကို ရောက်ရှိသွားမှာပါ။ ဒါဟာ ဒေသခံတော်လှန်ရေးအင်အားစုတွေတင်မက ဒေသခံပြည်သူတွေအထိအကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ စစ်အုပ်ချုပ်ရေးအရ (၁) ဘယ်ပြစ်မှုတွေကို စီရင်နိုင်သလဲ၊ (၂) အရပ်ဘက်တရားစီရင်ရေးနဲ့ ဘာတွေကွာခြားသလဲ၊ (၃) စစ်အုပ်ချုပ်ရေးမရှိတဲ့ မြို့နယ်တွေရဲ့ တရားစီရင်ရေးမှာ ဘယ်လိုသက်ရောက်နိုင်သလဲ စတဲ့ အချက်သုံးချက်ကို သုံးသပ်ပါမယ်။ 

စစ်အုပ်ချုပ်ရေးအရ စီရင်ပိုင်ခွင့်ရှိတဲ့ အမှုတွေကတော့ နိုင်ငံရေးနဲ့ဆိုင်တဲ့ ပြစ်မှု ၁၂ မျိုး၊ ရာဇဝတ်မှုနဲ့ဆိုင်တဲ့ ပြစ်မှုကိုးမျိုး၊ သတင်းလွတ်လပ်ခွင့်နဲ့သက်ဆိုင်တဲ့ ပြစ်မှုနှစ်မျိုးဆိုပြီး အကြမ်းဖျင်းခွဲခြားနိုင်ပါတယ် [ISP ဒေတာအချက်အလက် ၃၉/၂၀၂၆ (ISP-DM2026-039) ကို ရှုပါ]။ ဒီအထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို နှိပ်ကွပ်အရေးယူလေ့ရှိတဲ့ ပုဒ်မအတော်များများ ပြန်ပါလာပါတယ်။ ရာဇဝတ်မှုတွေမှာ အများဆုံးတွေ့ရတတ်တဲ့ ပြစ်မှုတွေကိုလည်း ထည့်ထားပါတယ်။ စစ်တိုင်းမှူးတွေဟာ မူလရှိပြီးဖြစ်တဲ့ တရားရုံးတွေမှာဖြစ်ဖြစ်၊ စစ်ခုံရုံးဖွဲ့ပြီးဖြစ်ဖြစ် အဲဒီအမှုတွေကို တရားစီရင်ပိုင်ခွင့်ရှိသွားပါတယ်။ စစ်အုပ်ချုပ်ရေးဒေသတွေမှာရှိတဲ့ အရပ်ဘက်တရားရုံးတွေကတော့ တရားမမှုလောက်ပဲ စီရင်ခွင့်ရှိတော့မှာ ဖြစ်ပါတယ်။



စစ်အုပ်ချုပ်ရေးရဲ့ တရားစီရင်ပုံဟာ အရပ်ဘက်ရဲ့ စီရင်စစ်ဆေးပုံနဲ့ ကွာခြားပါတယ်။ အရပ်ဘက် တရားရုံးတွေမှာ သေးငယ်တဲ့အမှုတွေကို အကျဉ်းနည်းနဲ့ စစ်ဆေးပေမဲ့ စစ်အုပ်ချုပ်ရေးမှာတော့ ဘယ်အမှုကိုမဆို အကျဉ်းနည်းနဲ့ စီရင်ခွင့်ရှိပါတယ်။ သေဒဏ်နဲ့ တကျွန်းချခံရနိုင်တဲ့ ပြစ်မှုကြီးတွေကိုပါ သက်သေ၊ လျှောက်လဲချက် အဆင့်ဆင့်မပေးဘဲ အမြန်စီရင်ဆုံးဖြတ်ပါတယ်။ ချမှတ်နိုင်တဲ့ပြစ်ဒဏ်တွေက ပြင်းထန်သလို အယူခံပိုင်ခွင့်ကိုလည်း တားမြစ်ထားပါတယ်။ နိုင်ငံတော်တရားစီရင်ရေးရဲ့ အမြင့်ဆုံးဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကတောင် စစ်ခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးပယ်ဖျက်နိုင်စွမ်း မရှိပါဘူး။ 

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေနဲ့ ကြေညာခြင်းမရှိတဲ့ မြို့နယ်တွေရဲ့ တရားစီရင်ရေးက သိပ်ပြီး ကွာခြားဖို့မရှိပါဘူး။ စစ်အုပ်ချုပ်ရေးမြို့နယ်တွေမှာ စစ်ခုံရုံးနဲ့ စီရင်ခွင့်ရှိမယ့်ပြစ်မှုတချို့ဟာ လွှတ်တော်မခေါ်ခင် ဦးမင်းအောင်လှိုင် ပြဋ္ဌာန်းခဲ့တဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေမှာ ဆက်စပ်ပြစ်မှုတွေအဖြစ် ထည့်သွင်းထားတဲ့ ပြစ်မှုအမျိုးအစားတွေနဲ့ တူပါတယ်။ အဲဒီဥပဒေအရ ဆက်စပ်ပြစ်မှုတွေကို  (တိုက်ရိုက်တရားစီရင်ခွင့်မရှိပေမဲ့) တရားရုံးရဲ့၀ရမ်းမလိုဘဲ ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်း အရေးယူ ဖမ်းဆီးတာတွေ လုပ်နိုင်ပါတယ်။ ဒါဟာ သာမန်ပြည်သူတွေကစလို့ တည်ဆဲအစိုးရဝန်ထမ်းတွေအလယ် နိုင်ငံရေးရာထူးလက်ကိုင်ရှိသူတွေအထိ စောင့်ကြည့်စစ်ဆေးခွင့် ရှိနေတာပါ [ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေသစ်- ကျားဖြန့်နှိမ်နင်းရေးလား၊ နိုင်ငံရေးလက်နက်လား (ISP OnPoint အမှတ် ၂/၂၀၂၆) ကိုရှုပါ]။  ဒါကြောင့် စစ်အုပ်ချုပ်ရေးဒေသတွေမှာ စစ်တိုင်းမှူးတွေကတဆင့် တရားစီရင်ရေးကို ထိန်းချုပ်သလို စစ်အုပ်ချုပ်ရေးမရှိတဲ့ ဒေသတွေမှာလည်း ပြည်ထဲရေးဝန်ကြီးဌာနကတဆင့် ထိန်းချုပ်ထားမှာပါ။


▪️ဖြစ်တန်ခြေအကဲဖြတ်ချက်

ဦးမင်းအောင်လှိုင်အစိုးရအနေနဲ့ အရပ်ဘက်အုပ်ချုပ်ရေး ဖြစ်လာတဲ့အချိန်မှာ တချိန်က စစ်ခုံရုံးနဲ့ ဆုံးဖြတ်ခဲ့တာတွေ၊ စီရင်ခဲ့တာတွေအတွက် တာဝန်ယူမှုတာဝန်ခံမှုသဘော ရှိရပါမယ်။ ဒီအတိုင်းပဲ အာဏာလွှဲအပ်ခြင်းခံရတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း သူ လုပ်ခဲ့တာတွေအတွက်လွှတ်တော်ကို အစီရင်ခံတင်ပြသင့်ပါတယ်။ စစ်ခုံရုံးရဲ့ဆုံးဖြတ်ချက်တွေက အတည်မဟုတ်သင့်ဘဲ ကြီးလေးစွာချမှတ်ထားတဲ့ ပြစ်ဒဏ်တွေဆိုရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ပြန်ပြီး အယူ ခံဝင်ခွင့်ရှိတာမျိုး ဖြစ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ပြည်သူတွေရဲ့ နေ့စဉ်ဘ၀လုံခြုံရေးအပေါ် သက်ရောက်မှုက အကြီးမားဆုံးဖြစ်လာပါလိမ့်မယ်။ စစ်ခုံရုံးတွေကနေ စီရင်ပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေက ကျယ်ပြန့်များပြားပါတယ်။ ဧည့်စာရင်းမတိုင်ရင်တောင် ထောင်ချလို့ရတဲ့အထိ လုပ်နိုင်ပါတယ်။ ထိုက်သင့်တဲ့ ချေပခွင့်၊ အယူခံဝင်ခွင့်တွေမရဘဲ အမြင့်ဆုံးပြစ်ဒဏ်တွေနဲ့ စီရင်ခံရနိုင်ခြေကလည်း စိုးရိမ်စရာပါပဲ။ နောက်တခုက နိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင် ပျောက်ဆုံးသွားနိုင်ခြေ ဖြစ်ပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးစတဲ့ မဏ္ဍိုင်သုံးခုမှာ တရားစီရင်ရေးဟာ စစ်တပ်ဝင်ရောက်စွက်ဖက်ပိုင်ခွင့်ကို ဟန့်တားနိုင်တဲ့ မဏ္ဍိုင်တရပ်ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကြောင့် တရားစီရင်ရေးမဏ္ဍိုင်ဟာ စစ်တိုင်းမှူးတွေရဲ့ လက်ထဲရောက်ရှိသွားသလို အမြင့်ဆုံးဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလည်း အားကိုးဖွယ်ရာမရှိပါဘူး။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ တရားသူ ကြီးကိုးဦးမှာ ငါးဦးက အမျိုးသားတွေဖြစ်ပြီး လေးဦးက အမျိုးသမီးတွေဖြစ်ပါတယ်။ ဒီထဲက အမျိုး သားလေးဦးဟာ တပ်မတော်အရာရှိဟောင်းတွေ ဖြစ်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကိုလည်း လွှတ်တော်မခေါ်ခင်ကတည်းက ဦးမင်းအောင်လှိုင်စိတ်ကြိုက် ပြင်ဆင်ထားပါတယ်။ သာမန်ပြည်သူတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မြို့နယ်တရားရုံးတွေမှာ စစ်ဘက်အရာရှိတွေကိုပြောင်းခန့်ဖို့ မလွယ်သေးတဲ့အခြေအနေမှာ စစ်အုပ်ချုပ်ရေးအမိန့်အပါအဝင် လွှတ်တော်မခေါ်ခင် ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကနေ တရားစီရင်ရေးမဏ္ဍိုင်အပေါ်မှာပါ ဦးမင်းအောင်လှိုင်က လွှမ်းမိုးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒါတွေဟာ ISP-Myanmar ရဲ့ မြန်မာ့အခြေပြစစ်တမ်း (၂၀၂၅-၂၀၂၆) မှာ အကဲဖြတ်ခဲ့တဲ့အတိုင်း အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်တင်မက တရားစီရင်ရေးမှာပါ သူ့ရဲ့အာဏာစက် ဖြန့်ကြက်လာနိုင်တဲ့ အခြေအနေတွေနဲ့ ဆက်စပ်နေပါတယ်။ သမ္မတရဲ့အာဏာ စက်(presidential power) အကန့်အသတ်မဲ့ ဖြစ်လာပြီး ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ် အားကောင်းလာအောင် အသက်သွင်းမယ့် သက်ရောက်မှုလည်း ဖြစ်လာနိုင်ပါတယ်။



ISP On Point

စစ်အုပ်ချုပ်ရေးအောက်က တရားစီရင်ရေးမဏ္ဍိုင်






Leave a Reply

Your email address will not be published. Required fields are marked *


Related articles