Photo – MOI
▪️ဖြစ်ရပ်အချက်အလက်
မြန်မာစစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ဟာ သမ္မတဖြစ်ပြီး နှစ်လအတွင်းမှာပဲ အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာမှာ သံတမန်ရေးရာအထီးကျန်နေရတာကနေ ရုန်းထွက်နိုင်ဖို့ ကြီးမားတဲ့အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။
▪️ကနဦးသုံးသပ်ချက်
အာဏာသိမ်းပြီးနောက် ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံကို ပထမဆုံး သွားခွင့်ရခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံကိုတော့ တတိယအကြိမ် ရောက်ခဲ့တာပါ။ ဒါပေမဲ့ တရုတ်ခရီးစဉ်ဟာ အရင်တုန်းကလို အခြားနိုင်ငံခေါင်းဆောင်တွေနဲ့အတူ ရောပြီး အဖိတ်ခံရတဲ့ ခရီးစဉ်မျိုးမဟုတ်ဘဲ နိုင်ငံတော်အဆင့် သီးသန့် ဖိတ်ကြားခံခဲ့ရတာ ဖြစ်ပါတယ် [ခရီးစဉ်ဆိုင်ရာ အချက်အလက်များကို ISP ဒေတာအချက်အလက် ၅၀/၂၀၂၆ (ISP-DM2026-050) တွင် ရှုပါ]။ မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုရဲ့ မတူညီတဲ့ချဉ်းကပ်ပုံနဲ့ ကွဲပြားတဲ့အကျိုးစီးပွားတွေကို ဒီခရီးစဉ်တွေမှာ မြင်ရပါတယ်။ ဦးမင်းအောင်လှိုင်အစိုးရရဲ့ မျှော်မှန်းချက်နဲ့ အကျိုးစီးပွားတွေကိုလည်း တွေ့ရပါတယ် [ISP ဒေတာအချက်အလက် ၅၁/ ၂၀၂၆ ကနေ ၅၃/၂၀၂၆ (ISP-DM2026-051 to 053) အထိ ရှုပါ]။ ဒီကွဲပြားချက်တွေကို ကဏ္ဍသုံးခုခွဲပြီး သုံးသပ်နိုင်ပါတယ်။




ပထမတခုက မဟာဗျူဟာနဲ့ လုံခြုံရေးဆိုင်ရာ ချဉ်းကပ်မှုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ချဉ်းကပ်မှုဟာ သူ လက်ကိုင်ပြုထားတဲ ‘အိမ်နီးချင်းဦးစားပေးမူဝါဒ’ (Neighborhood First Policy)၊ ‘အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ’ (Act East Policy) နဲ့ ‘အပြန်အလှန်အမှီသဟဲပြုပြီး ဘက်စုံလွှမ်းခြုံသောမူဝါဒ’ (မဟာသာဂရ – Mahasagar) တွေအပေါ် အခြေခံပါတယ်။ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု ကျယ်ပြန့်လာတာကို ပူပန်သလို အရှေ့မြောက်နယ်စပ်ဒေသလုံခြုံရေးကိုလည်း အာရုံစိုက်ပါတယ်။
တရုတ်နိုင်ငံကတော့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) ကို အကောင်အထည်ဖော်ဖို့နဲ့ နယ်စပ်တည်ငြိမ်ရေးအပြင် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ရရှိရေးတွေအပေါ် အဓိကအခြေခံပါတယ်။ တဖက်မှာလည်း နယ်စပ်ကုန်သွယ်ရေးကို ပြန်စချင်နေပါတယ်။ ဒီအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မရှိမဖြစ် ကြားဝင်စေ့စပ်ပေးသူ (indispensable broker) အဖြစ် တိုက်ရိုက်ပါဝင်နေသလို မြန်မာ့အရေးကိုင်တွယ်မှုမှာ အင်အားသုံးလွှမ်းမိုးနိုင်စွမ်း (coercive influence) ကိုလည်း လက်ကိုင်ပြုထားပါတယ်။ ဦးမင်းအောင်လှိုင်အစိုးရက လက်ရှိမှာ ရခိုင်နဲ့ ချင်းအပြင် စစ်ကိုင်း-မကွေးနဲ့ ဆက်စပ်နေတဲ့ အနောက်ဘက်စစ်မျက်နှာစာတွေမှာ အသာစီးရနိုင်ဖို့ ရည်မှန်းထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မျက်နှာစာ တည်ငြိမ်ရေးနဲ့ ကုန်သွယ်မှုတွေ ပြန်စနိုင်ဖို့အတွက်ကိုလည်း အာရုံစိုက်နေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံနဲ့ နီးကပ်တဲ့ဆက်ဆံရေးကို နိုင်ငံရေးနဲ့ စစ်ရေးထိုးစစ်အဖြစ် အသုံးချလိုပြီး တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကိုလည်း မလွှဲမရှောင်သာ အားထားနေရပါတယ်။
ဒုတိယတခုကတော့ စီးပွားရေးနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာကိစ္စတွေ ဖြစ်ပါတယ်။ ကုလားတန်ဘက်စုံစီမံကိန်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ အကောင်အထည်ဖော်ရေး စတာတွေဟာ အိန္ဒိယနိုင်ငံအတွက် အဓိကအကျိုးစီးပွားတွေပါ။ နှစ်နိုင်ငံကုန်သွယ်ရေးကို အမေရိကန်ဒေါ်လာ ငါးဘီလီယံအထိ တိုးချဲ့နိုင်ဖို့နဲ့ ကျပ်-ရူးပီး တိုက်ရိုက်ငွေပေးချေမှုဆိုင်ရာ ကိစ္စတွေဟာလည်း ရှေ့တန်းရောက်ခဲ့ပါတယ်။ အိန္ဒိယဟာ မြန်မာဆီကနေ ဗျူဟာမြောက်မြေရှားသတ္တု ရနိုင်ဖို့လည်း အထူးစိတ်ဝင်စားခဲ့ပါတယ်။ လန်ဒန်အခြေစိုက် The Economist Intelligence Unit (EIU) ရဲ့ သုံးသပ်ချက်အရ ကမ္ဘာ့မြေရှားထုတ်လုပ်မှုရဲ့ ၁၆ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံကနေ ထွက်ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယဟာ မြန်မာကတဆင့် ထောက်ပံ့ရေးကွင်းဆက်သစ်အဖြစ် ဖန်တီးချင်နေပါတယ်။ ဒါပေမဲ့ မြေရှားတူးဖော်မှုလုပ်ငန်းတွေကို တရုတ်ရင်းနှီးမြှုပ်နှံသူတွေက ကျောထောက်နောက်ခံပေးထားတဲ့အပြင် စျေးကွက်ရပ်တန့်သွားအောင် ဖိအားပေးနိုင်စွမ်းလည်း ရှိတယ်လို့ EIU က ထောက်ပြထားပါတယ်။ တဖက်မှာလည်း မြေရှားလုပ်ကွက်အများစုဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ရှိနေပါတယ်။
တရုတ်နိုင်ငံက ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မူဆယ်-မန္တလေးရထားလမ်းအပါအဝင် CMEC စီမံကိန်းတွေကို အကောင်အထည်ဖော်ရေး အရှိန်မြှင့်ချင်ပါတယ်။ ယွမ်-ကျပ် တိုက်ရိုက်ပေးချေမှုနဲ့ နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်နိုင်ရေးကလည်း အရေးပါပါတယ်။ တခါ မြစ်ဆုံဆည်စီမံကိန်းပြန်စနိုင်ဖို့ ဦးမင်းအောင်လှိုင်အစိုးရက ကြိုးပမ်းနေပါတယ်။ ဒါဟာ တရုတ်ရဲ့လိုလားချက်ကို ဖော်ဆောင်ပေးဖို့နဲ့ နိုင်ငံမြောက်ပိုင်းစစ်မျက်နှာစာက KIA ကို ဖိအားပေးရာမှာ အသုံးဝင်မယ့် အပေးအယူတခု (bargaining chip) ဖြစ်လာနိုင်တယ်လို့ ဇွန် ၂၀ ရက်ထုတ် The Economist မဂ္ဂဇင်းမှာ သုံးသပ်ထားပါတယ်။
လက်ငင်းရင်ဆိုင်နေရတဲ့ နိုင်ငံခြားငွေအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဦးမင်းအောင်လှိုင်အစိုးရက ခရီးစဉ်နှစ်ခုစလုံးမှာ ကြိုးပမ်းခဲ့တာတွေ့ရပါတယ်။ ခရိုနီ လုပ်ငန်းရှင်အဟောင်းတွေရော ခရိုနီလက်သစ်တွေကိုပါ ပွဲထုတ်ခဲ့ပြီး ရှေ့တန်းမှာ နေရာပေးခဲ့ပါတယ်။ နှစ်နိုင်ငံလုံးဆီကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရဖို့ အားထုတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံခရီးစဉ်မှာဆို ‘မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း’ (MCITP) က စီစဉ်တဲ့ Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai ကို ခမ်းခမ်းနားနား လုပ်ခဲ့ပါတယ်။
အိန္ဒိယကို သွားတုန်းကလည်း ‘မြန်မာ-အိန္ဒိယကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲ’နဲ့ ‘မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ’ (Myanmar-India Business Dialogue) စတာတွေ လုပ်ခဲ့ပေမဲ့ တရုတ်မှာ လုပ်သလောက် မကြီးမားခဲ့ပါဘူး။ အချက်အလက်တွေကို ကြည့်ရင်လည်း ၂၀၂၆ ခုနှစ် ပထမလေးလမှာ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်တက်လာပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အဝင်နှေးနေတုန်းပါပဲ။
တတိယတခုဖြစ်တဲ့ သံတမန်ရေးနဲ့ ဩဇာလွှမ်းမိုးမှုမှာလည်း ကွဲပြားချက်တွေ ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ချဉ်းကပ်မှုဟာ နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံ အထီးကျန်ဆန်နေတာကို လက်တွေ့ကျကျ ပယ်ချလိုက်ခြင်း (pragmatic rejection of isolationism) ပဲလို့ EIU က သုံးသပ်ပါတယ်။ တရုတ်နိုင်ငံကတော့ မြန်မာစစ်တပ်က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နိုင်ငံရေးအရထောက်ခံမှု (political endorsement) ပေးလိုက်တာလို့ ဆိုပါတယ်။ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစနစ် လိုအပ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ထုတ်ဖော်ပြောခဲ့ပေမဲ့ တရုတ်နိုင်ငံကတော့ ဒီလိုပြောခဲ့တာမျိုး မရှိပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တုန်းကလို အကြီးစား စီမံကိန်းကြီးတွေ ဖော်ဆောင်ဖို့ လက်မှတ်ထိုးတာမျိုးတော့ တရုတ်နိုင်ငံက မလုပ်ခဲ့ပါဘူး။ ဒါဟာ အရင်က လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေ အတည်ဖြစ်နေသေးတယ်၊ ထပ်ပြီးထိုးဖို့ မလိုသေးဘူးဆိုတဲ့ သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။ နှစ်နိုင်ငံလက်မှတ်ထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ ၁၈ ခုထဲမှာ မီဒီယာ၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးနဲ့ ငလျင်ပြန်လည်ထူထောင်ရေးတို့လို လက်တွေ့ဖော်ဆောင်ဖို့ လွယ်ကူတဲ့ အကြောင်းအရာတွေ များခဲ့ပါတယ်။ ဆွဲဆောင်မှုကို အသုံးပြုတဲ့ ဩဇာအာဏာ (soft power) ကဏ္ဍတွေနဲ့ပဲ သက်ဆိုင်တယ်လို့ အကြမ်းဖျင်းနားလည်နိုင်ပါတယ်။ တရုတ်နိုင်ငံ ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ (GCI) နဲ့ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအစီအမံ (GGI) တွေမှာ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားပြောခဲ့တာတွေဟာ သတိပြုစရာပါပဲ။ ဦးမင်းအောင်လှိုင်အစိုးရအဖို့ နိုင်ငံတကာမှာ အထီးကျန်ဆန်မှုကနေ ရုန်းထွက်နိုင်ဖို့ပဲ အဓိကဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ထောက်ခံပေးမှုနဲ့အတူ ကုလသမဂ္ဂနဲ့ အာဆီယံမှာ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက်လည်း မျှော်လင့်နိုင်ခဲ့ပါတယ်။ အိန္ဒိယကို အရင်သွားခဲ့ပေမဲ့ တရုတ်နိုင်ငံအပေါ် အလွန်အမင်းမှီခိုနေရတာကို ချိန်ခွင်လျှာညှိနိုင်ဦးမှာ မဟုတ်ပါဘူး။
ဦးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုဟာ ဒေသတွင်းခေါင်းဆောင်တွေကို တရုတ်နိုင်ငံက စည်းရုံးသိမ်းသွင်းနေတဲ့ မဟာဗျူဟာတရပ်လို့လည်း ယူဆနိုင်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန် ၈ ရက်နဲ့ ၉ ရက်တွေမှာ မြောက်ကိုရီးယားနိုင်ငံကို သွားခဲ့ပါသေးတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရွေးကောက်ခံ ဝန်ကြီးချုပ်သစ် တာရစ်ရာမန် (Tarique Rahman) က ဇွန် ၂၄ ရက်ကနေ ၂၆ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် ပထမဆုံးခရီးသွားခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်းမှာပဲ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ ဖော်ဆောင်ရေးကို တရုတ်နိုင်ငံဘက်က အဆိုပြုဆွေးနွေးခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း (လက်ရှိ ဆီးနိတ် ဥက္ကဋ္ဌ) ဆုမ်ဒက်တက်ချို ဟွန်ဆင် (Hun Sen) ကလည်း ဇွန်လကုန်ပိုင်းမှာပဲ တရုတ်နိုင်ငံကိုသွားပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
▪️ဖြစ်တန်ခြေအကဲဖြတ်ချက်
ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယနဲ့ တရုတ်ခရီးစဉ်တွေအပြီး ရှေ့ဆက်ဖြစ်တန်ခြေနဲ့ သက်ရောက်မှုများစွာ ရှိနိုင်တဲ့အထဲ အကြောင်းအချက်သုံးခုကို ထုတ်နုတ်ပါမယ်။ ပထမတခုက အိန္ဒိယနိုင်ငံနဲ့ ဦးမင်းအောင် လှိုင်အစိုးရအကြား ထိတွေ့ဆက်ဆံမှု အရှိန်မြှင့်လာနိုင်ပေမဲ့ စိန်ခေါ်မှုတွေ ရှိနိုင်ပါသေးတယ်။ အိန္ဒိယ-မြန်မာ-ထိုင်းအဝေးပြေးကားလမ်းမကြီးနဲ့ ကုလားတန်ဘက်စုံစီမံကိန်းဖြတ်သန်းရာ ဒေသအများစုကို အာရက္ခတပ်တော် (AA) နဲ့ အခြားတော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းတခုဖြစ်တဲ့ ရိခေါ်ဒါရ်ကို ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတုန်းပါပဲ။ ကချင်ပြည်နယ်အတွင်း မြေရှားထွက်တဲ့ဒေသတွေကိုလည်း KIA က ထိန်းထားပါတယ်။ ဒါကြောင့် အိန္ဒိယရဲ့ ရေရှည်မဟာဗျူဟာအောင်မြင်နိုင်ရေးဟာ ဦးမင်းအောင်လှိုင်အစိုးရတခုတည်းအပေါ် မူတည်မနေဘဲ မြေပြင်မှာထိန်းချုပ်ထားဆဲဖြစ်တဲ့ လက်နက်ကိုင်တပ်တွေနဲ့ပါ သက်ဆိုင်နေပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ အဲဒီတပ်တွေနဲ့ပါ အလွတ်သဘော ထိတွေ့ဆက်ဆံမှု ပိုများလာနိုင်ခြေလည်း ရှိပါတယ်။
ဒုတိယတချက်က တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကြားဝင်မှုနဲ့ ကုန်သွယ်ရေးအလားအလာ ဖြစ်ပါတယ်။ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ နှစ်နိုင်ငံသဘောတူခဲ့တဲ့ နားလည်မှုစာချွန်လွှာတွေဟာ လက်တွေ့အကောင်အထည်ဖော်ဖို့ လွယ်ကူတာမို့ ပြဿနာမရှိနိုင်ပါဘူး။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ (၁) ပဋိပက္ခအရှိန်လျှော့ချရေး၊ (၂) ရွေးကောက်ပွဲကတဆင့် တိုက်ရိုက်စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ရေးနဲ့ (၃) ရွေးကောက်ပွဲအလွန် တရုတ်နိုင်ငံက ကမကထလုပ်ပြီး ကြားဝင်ဖျန်ဖြေပေးဖို့ ကြိုးစားရေးဆိုတဲ့ သုံးပွင့်တခိုင် မဟာဗျူဟာလုပ်ငန်းစဉ်ကို တွန်းနေတယ်လို့ ISP-Myanmar က အကဲဖြတ်ထားပါတယ်။ အဲဒီ သုံးပွင့်တခိုင်လမ်းစဉ်ထဲက တတိယအဆင့်ကြိုးပမ်းချက်တွေကို ပိုပြီးမြင်လာရနိုင်ပါတယ်။ အခု ဇွန်လအတွင်းမှာပဲ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)က ရှမ်းပြည်နယ်ကိုသွားပြီး ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နဲ့ ‘၀’ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့နဲ့ တွေ့ဆုံတာ၊ နေပြည်တော်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နဲ့ တွေ့ဆုံကြတာတွေကိုကြည့်ရင် ရှမ်းပြည်အရှေ့ပိုင်းနဲ့မြောက်ပိုင်း တည်ငြိမ်ရေးဟာ ပိုပြီး အရှိန်ရလာနိုင်ပါတယ်။ တဆက်တည်းမှာပဲ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပြီး ကုန်စည်စီးဆင်းတာတွေ ပိုဖြစ်လာနိုင်ပါတယ်။ မြန်မာ-တရုတ် ကုန်သွယ်စီးပွားကိစ္စတွေနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ MCITP ရဲ့ အခန်းကဏ္ဍက ရှေ့တန်းပိုရောက်လာဖို့ ရှိပါတယ်။
မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုဖြစ်လာနိုင်တာက တတိယအချက်ဖြစ်ပါတယ်။ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်နှစ်ခုစလုံးမှာ အိမ်နီးချင်းနိုင်ငံကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေအတွက် လုံခြုံရေးအာမခံချက် ပေးခဲ့တယ်။ ဒါ့အပြင် မြစ်ဆုံဆည်ပြန်စဖို့ကိုလည်း ကာလတခုသတ်မှတ်ပြီး ကြိုးပမ်းလာပါတယ်။ ဒါတွေ ပေါက်မြောက်အောင်မြင်ဖို့ဆိုရင် စီမံကိန်းကြီးတွေရှိတဲ့ ဒေသတွေနဲ့ သယံဇာတထွက်ရှိရာ လမ်းကြောင်းတွေကို အပြည့်အ၀ထိန်းချုပ်ထားနိုင်မှပဲ ဖြစ်နိုင်မှာပါ။ ဒါကြောင့် ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ မြောက်ဘက်၊ အနောက်ဘက်နဲ့ အလယ်ပိုင်းစစ်မျက်နှာစာတွေမှာ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ထိုးစစ်တွေ ပိုပြင်းထန်လာနိုင်ပါတယ်။

ISP On Point
လုံခြုံရေး၊ စီးပွားရေးနှင့် ဩဇာလွှမ်းမိုးမှု – မြန်မာအပေါ် တရုတ်နှင့် အိန္ဒိယတို့၏ ချဉ်းကပ်ပုံ ကွဲပြားချက်များ
