Photo – AFP
▪️မူဝါဒပြဿနာ
၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှာ အာဆီယံထိပ်သီးအစည်းအဝေး စတင်ပါမယ်။ မလေးရှားနိုင်ငံက ယူထားတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံဆီ လက်လွှဲပြောင်းချိန် နီးလာပါပြီ။ မြန်မာ့အကျပ်အတည်းက ရလဒ်အဖြေမထွက်သေးတဲ့အပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ် (ဒါဟာ ကုလသမဂ္ဂကစလို့ အနောက်နိုင်ငံတွေအလယ် တရုတ်နိုင်ငံအဆုံး အားလုံးက မူအားဖြင့်ထောက်ခံထားတဲ့ မြန်မာ့အရေး နိုင်ငံတကာရဲ့ တူညီဆန္ဒ multilateral consensus လည်းဖြစ်ပါတယ်)ဟာ အားနည်းသွားမယ့် အရိပ်အယောင်တွေ မြင်နေရပါတယ်။ အခြားအစားထိုးစရာ မရှိရင် ဒီလိုအားနည်းသွားတာဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့သဘောထား မူဘောင်တရပ် ပျက်ပြယ်သွားမယ့်သဘောရှိပါတယ်။ နိုင်ငံအလိုက် တနိုင်ငံချင်းစီရဲ့သဘောထားအတိုင်း စစ်ကော်မရှင်ကိုရော တော်လှန်ရေးအဖွဲ့တွေကိုပါ သီးသန့်ဆက်သွယ် မူဝါဒလမ်းစဉ်ချမယ့် လက္ခဏာမျိုးတွေ ပိုဖြစ်လာနိုင်ပါတယ်။ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (EU) နဲ့ အမေရိကန်ပြည်ထောင်စု စတဲ့ အနောက်နိုင်ငံတွေကတော့ အခါအားလျော်စွာ ဖိအားပေးအရေးယူတာတွေ ရှိနိုင်ပေမဲ့ အာဆီယံဘုံသဘောတူညီချက်ငါးရပ်လို ဒေသတွင်းနိုင်ငံတွေရဲ့ ညီညွတ်တဲ့လက်ခံမှု၊ ပူးပေါင်းမှုရဖို့ ခက်ခဲမှာပါ။
▪️မူဝါဒပြဿနာ၏ နောက်ခံအကြောင်းခြင်းရာ ဆက်စပ်အခြေအနေ
မလေးရှားနိုင်ငံရဲ့ ဥက္ကဋ္ဌသက်တမ်းအတွင်း မလေးရှားဝန်ကြီးချုပ်ကစလို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဆုံး မြန်မာ့အရေးကို ဖြေရှင်းပေးနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းခဲ့တာ၊ အရင်အာဆီယံဥက္ကဋ္ဌနိုင်ငံတွေနဲ့မတူဘဲ ထူးခြားတဲ့အားထုတ်မှုတွေ လုပ်ခဲ့တာကို အသိအမှတ်ပြုရမှာပါ။ အထူးသဖြင့် တော်လှန်ရေးအင်အားစုတွေကို တရားဝင်အသိအမှတ်ပြုမှုပေးရာမှာ လျှို့လျှို့ဝှက်ဝှက်မဟုတ်ဘဲ စစ်ကောင်စီ-စစ်ကော်မရှင်နဲ့ တန်းတူအဆင့်မျိုးအထိထားတာကို သတိပြုမိနိုင်ပါတယ်။ ဥပမာ-၂၀၂၅ ခုနှစ် ဧပြီလတုန်းက ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံသလို၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့လည်း အွန်လိုင်းကတဆင့် တွေ့ခဲ့ပါတယ်။ စစ်ကိုင်း- မန္တလေး ငလျင်ကြီးအပြီးမှာလည်း အာဆီယံရဲ့ လူသားစာနာအကူအညီတွေကို လိုအပ်နေတဲ့ မြန်မာ ပြည်တွင်းထဲအထိ တိုက်ရိုက်ချိတ်ဆက်ပေးနိုင်ခဲ့တာတွေ ရှိပါတယ်။
မြန်မာ့ပဋိပက္ခမှာ အဓိကပါဝင်နေသူတွေ (stakeholders) ကို အသိအမှတ်ပြုရုံမက စည်းဝေးဖို့ လုံခြုံတဲ့နေရာ (safe space) နဲ့ ကုန်ကျစရိတ်စတဲ့ အရင်းအမြစ် (resources) ပါပေးပြီး အချင်းချင်းဆွေးနွေးကြဖို့နဲ့ ဆွေးနွေးချက်တွေကနေထွက်လာတဲ့ သဘောထားတွေကို အာဆီယံရဲ့မူဝါဒထဲ ချိတ်ဆက်တာမျိုးနဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာပါ တင်သွင်းနိုင်ဖို့အထိ ကြိုးစားခဲ့ပါတယ်။ SEMs (Stakeholder Engagement Meetings) လို့ခေါ်တဲ့ ဆွေးနွေးပွဲတွေကို ၂၀၂၅ ခုနှစ် မေ၊ ဩဂုတ်နဲ့ အောက်တိုဘာလတွေမှာ ကျင်းပခဲ့ပြီး မြန်မာ့အရေးအဓိကကျသူတွေရဲ့ လုပ်ငန်းလမ်းစဉ် (action plan) ရရှိဖို့ကို အာဆီယံအထူးကိုယ်စားလှယ်ရုံးက မျှော်လင့်တာဖြစ်ပါတယ်။ SEMs တွေမှာ လူကိုယ်တိုင်မတက်နိုင်တဲ့ အဖွဲ့တွေကိုလည်း အွန်လိုင်းအစည်းအဝေးတွေကတဆင့် ချိတ်ဆက်ဆွေးနွေး သဘောထားတောင်းခံခဲ့ပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ကိုယ်တိုင်လည်း ၂၀၂၅ ခုနှစ် ဇွန်လအတွင်း ထိုင်းနိုင်ငံကို လာရောက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ ဒါပေမဲ့ မြန်မာ့ပဋိပက္ခမှာ အဓိကပါဝင်နေတဲ့ (stakeholders) ဦးဆောင်သူတချို့ စုစည်းထားတဲ့ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (JCB –Joint Coordination Body) နဲ့ အာဆီယံအထူးကိုယ်စားလှယ်ရုံးအကြား SEMs မှာ ပါဝင်သင့်သူတွေကို ဘယ်လိုပုံစံနဲ့ ဖိတ်ကြားမလဲဆိုတဲ့ကိစ္စ အမြင်မတူတာ၊ ကျန်တဲ့ကိစ္စတချို့မှာပါ နားလည်မှုလွဲတာတွေကြောင့် JCB မှာပါတဲ့ EAOs တချို့က SEMs တွေကို ခေါင်းဆောင်အဆင့်စေလွှတ်ခြင်း မပြုခဲ့ပါဘူး။ ဒါကြောင့် တော်လှန်ရေးအဖွဲ့အစည်းတချို့ရဲ့ ထဲထဲဝင်ဝင် တက်ကြွတဲ့ပါဝင်ပတ်သက်မှု အားနည်းခဲ့ပါတယ်။ အလားတူ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ရွေးကောက်ပွဲဟာ အာဆီယံရဲ့ ဦးစားပေးမဟုတ်ဘူး၊ အကြမ်းဖက်မှုတွေရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေးကသာ မြန်မာအနေနဲ့ အဓိကဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ ထုတ်ပြောခဲ့ပေမဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အရှိန်မြှင့်ထိုးစစ်ဆင်ချေမှုန်းမှုတွေနဲ့ ရွေးကောက်ပွဲလမ်းကြောင်း တွန်းအကောင်အထည်ဖော်မှုတွေကို တားဆီးနိုင်စွမ်းမရှိခဲ့ပါဘူး။ အာဆီယံရဲ့ ဆော်ဩကမကထလုပ်ဖော်ဆောင်နိုင်စွမ်းဟာ စေတနာရှိသလောက် ခရီးမပေါက်၊ မထိရောက်ခဲ့တာ အမှန်ပါပဲ။

▪️မူဝါဒဆိုင်ရာ ရွေးချယ်နိုင်စရာများ
အာဆီယံနဲ့ မြန်မာ့ပဋိပက္ခမှာ အဓိကရတာဝန်ရှိသူတွေအတွက် မူဝါဒရွေးချယ်စရာ ဘေးကျပ်နံကျပ် ဖြစ်လာပါတယ်။ ဘုံသဘောတူညီချက်ငါးရပ်ကို ပြန်လည်အားကောင်းလာအောင်၊ လက်တွေ့ကျကျ နည်းနာကြွယ်ကြွယ်နဲ့ အသက်သွင်းမလား၊ ဒါမှမဟုတ် မြန်မာ့အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ သဘောထားမူဘောင်တရပ် ပျက်ပြယ်သွားတာကို ဘာသိဘာသာနေရင်း နိုင်ငံအလိုက် တနိုင်ငံချင်းက သူတို့ရဲ့အကျိုးစီးပွားအတိုင်း လက်ရှိစစ်ကော်မရှင်နဲ့ ရွေးကောက်ပွဲအလွန် တက်လာမယ့် အစိုးရသစ်ကိုရော၊ တော်လှန်ရေးအဖွဲ့တွေကိုပါ သီးသန့်ဆက်သွယ် မူဝါဒလမ်းစဉ်ချမှတ်လာမယ့် အခြေအနေကို လက်ခံတော့မလားဆိုတဲ့ မေးခွန်းဖြစ်လာပါတယ်။ အာဆီယံထဲမှာလည်း အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးကိစ္စ၊ တောင်တရုတ်ပင်လယ်အရေးကစလို့ ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိနေချိန်မှာ မြန်မာ့အရေးဟာ သခွတ်ပင်က မီးတကျည်ကျည် ဖြစ်နေတာကို မြန်မာ့အဓိကရတာဝန်ရှိအဖွဲ့အစည်းတွေ ထည့်တွက်ဆင်ခြင်ရမယ့်သဘော ဖြစ်ပါတယ်။ ဒီနှစ်တွေအတွင်း အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နဲ့ ကျန်နိုင်ငံတွေရဲ့ အသီးသီးအသကအသက လုံခြုံရေး၊ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားဦးစားပေး ဆောင်ရွက်ချက်တွေကလည်း အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို ချည့်နဲ့စေခဲ့ပြီးဖြစ်ပါတယ်။ ဖိလစ်ပိုင်နဲ့ တရုတ်အကြား တောင်တရုတ်ပင်လယ် ကိစ္စမှာ ဆက်ဆံရေးတင်းမာနေမှုကလည်း ဖိလစ်ပိုင်နိုင်ငံရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကာလအတွင်း မြန်မာ့အရေးကို ခက်ခဲစေမှာပါ။ အာဆီယံအတွင်း ကုန်းတွင်းပိုင်းနိုင်ငံတွေနဲ့ ရေကြောင်းနိုင်ငံတွေအကြား သဘောကွဲလွဲမှုကို ပိုနက်ရှိုင်းစေနိုင်ပါတယ်။ အခုလ ၂၆ ရက်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်မှာပါ။ သူက မြန်မာ့အရေးကို အာဆီယံသဘောတူညီချက် မူဘောင်အတွင်းကနေ အဆင့်လိုက်ရလဒ်ထွက်အောင် အာဆီယံနဲ့တွဲဖက်ပြီး သံတမန်ရေးရာဖိအားပေးတာနဲ့ ဆွဲဆောင်တာတွေကို တင်းတင်းရင်းရင်း ကြိုးပမ်းမယ်လို့ ကတိပြုမယ်ဆိုရင် အားတက်စရာကောင်းမှာပါ။ ဒါပေမဲ့ ဒီလိုဖြစ်တန်ခြေ နည်းပါးလွန်းပါတယ်။ ရှုတ်ချပြစ်တင်သံတမန်ရေးလောက်ပဲ တကြောင်းတပါဒ မျှော်လင့်နိုင်ဖွယ်ရှိပါတယ်။
အာဆီယံအထူးသုံးနိုင်ငံ (Asean Troika) စနစ်ကို ပိုအားကောင်းအောင် အာဆီယံအဖွဲ့ဝင်မဟုတ်တဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထည့်သွင်းပြီး မြန်မာ့အရေး ဆန္ဒတူတဲ့၊ ထက်သန်တဲ့ နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုကို တိတိပပ တွန်းအားပေးခြင်းအားဖြင့် ဘုံသဘောတူညီချက်ငါးရပ်ကို မသွေဖည်ဖို့ နည်းနာကြွယ်ကြွယ် ဆောင်ရွက်သင့်ပါတယ်…
▪️အာဆီယံနှင့် မြန်မာ့ပဋိပက္ခအဓိကရတာဝန်ရှိအဖွဲ့အစည်းများအတွက် မူဝါဒဆိုင်ရာ အကြံပြုချက်များ
အာဆီယံအတွက် မူဝါဒအကြံပြုချက်ကတော့ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော် အောင်မြင်ဖို့ဆိုရင် လုပ်ရင်းစွဲ ထုံးနည်းညီ သံတမန်ရေးကြားဝင်ဆောင်ရွက်မှု (procedural diplomatic intervention) မျိုးတင်မက နိုင်ငံရေးခေါင်းဆောင်အဆင့်က တိုက်ရိုက်အားထည့် ကြားဝင်ဆောင်ရွက်ရေး (transactional political intervention) ကိုလည်း ဦးစားပေး တွဲဖက်ကျင့်သုံးသင့်ပါတယ်။ အာဆီယံထိပ်သီးခေါင်းဆောင်တွေ (အနိမ့်ဆုံး နိုင်ငံခြားရေးဝန်ကြီးသုံးဦးပါတဲ့ အဖွဲ့လိုမျိုး)က ဘုံသဘောတူညီချက်ငါးရပ်ကို လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ရေး တရုတ်၊ အိန္ဒိယနဲ့ ထိုင်းစတဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကို ဆွေးနွေးသင့်ပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲနဲ့ အပြိုင်လုပ်ငန်းစဉ်အဖြစ် ဘုံသဘောတူညီချက်ငါးရပ်ကို လက်တွေ့ကျကျ ဘယ်လိုဖော်ဆောင်မလဲ ဆိုတာ ညှိနှိုင်းသင့်ပါတယ်။ အလားတူပဲ လုပ်ရင်းစွဲ သံတမန်ရေးရာ ကြားဝင်ဆောင်ရွက်မှုတွေမှာလည်း ခေါင်းဆောင်အဆင့်က တိုက်ရိုက် အားထည့်ဆောင်ရွက်မှုကို ပိုအသက်ဝင်လာအောင်၊ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ အဆင့်ဆင့် အမှတ်အသား၊ အတိုင်းအတာ (benchmarks) တွေလုပ်ဖို့ လိုအပ်မှာပါ။ အထူးသဖြင့် အာဆီယံအထူးကိုယ်စားလှယ်ရုံးကို အလှည့်ကျဥက္ကဋ္ဌဖြစ်မှုပေါ် အခြေမခံဘဲ၊ အဆက်ပြတ်တောက်မှုမရှိစေဖို့ သုံးနှစ် စသည်ဖြင့် သက်တမ်းသတ်မှတ်ထားပေးတာ၊အာဆီယံအထူးသုံးနိုင်ငံ (Asean Troika) စနစ်ကို ပိုအားကောင်းအောင် အာဆီယံအဖွဲ့ဝင်မဟုတ်တဲ့ အိမ်နီးချင်းနိုင်ငံတွေကိုထည့်သွင်းပြီး မြန်မာ့အရေး ဆန္ဒတူတဲ့၊ ထက်သန်တဲ့ နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုကို တိတိပပ တွန်းအားပေးခြင်းအားဖြင့် ဘုံသဘောတူညီချက်ငါးရပ်ကို မသွေဖည်ဖို့ နည်းနာကြွယ်ကြွယ် ဆောင်ရွက်သင့်ပါတယ်။ အာဆီယံဘုံသဘောတူညီချက်ဟာ မြန်မာ့အရေး နိုင်ငံတကာကလက်ခံထားတဲ့ တူညီဆန္ဒဖြစ်တာမို့ ဒီသဘောတူညီချက် အားနည်းသွားရင် အာဆီယံရဲ့အခရာကျမှု (Asean centrality) ဟာ ချည့်နဲ့သွားမယ်။ တရုတ်လို အင်အားကြီးနိုင်ငံတွေအနေနဲ့ နိုင်ငံတကာဘုံသဘောတူညီချက်တွေကို မလိုက်နာဘဲနေနိုင်တယ်ဆိုတဲ့ နမူနာဆိုးဖြစ်သွားမယ်။ အာဆီယံအကျိုးစီးပွားနဲ့ နိုင်ငံတကာလမ်းစဉ်မှာ ထိခိုက်စရာရှိပါတယ်။
မြန်မာ့တော်လှန်ရေးအင်အားစုတွေအတွက်လည်း အခြားအစားထိုးစရာ နိုင်ငံတကာသဘောတူညီချက်တရပ်ရပ်ကို မဖော်ထုတ်နိုင်ရင် အာဆီယံဘုံသဘောတူညီချက်ကိုပဲ ချည်တိုင်အဖြစ်၊ ကျောရိုးအဖြစ်၊ ဆက်လက် တရားဝင်မှုအားကောင်းအောင် ထောက်ခံဖို့လိုအပ်ပါမယ်။ မြန်မာတို့အတွက် သင်ခန်းစာယူစရာကတော့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး သားပျက်သားလျှောဖြစ်အောင် လုပ်ခဲ့ မိတဲ့ကိစ္စပါပဲ။ ၁၉၉၄ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကစလို့ မြန်မာ့အရေးဖြေရှင်းဖို့ နိုင်ငံတကာတူညီဆန္ဒဖြစ်တဲ့ တပ်မတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေပါဝင်တဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့တာပါ။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်မှာ ၂၀၀၈ အခြေခံဥပဒေအောက်ကနေ ကြားဖြတ်ရွေး ကောက်ပွဲတွေကိုဝင်ဖို့ NLD က ဆုံးဖြတ်တဲ့အခါ မူလကိုင်စွဲထားတဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို စွန့်လွှတ်ခဲ့ပါတယ်။ တနည်းအားဖြင့် အဲဒီဆွေးနွေးမှုရလဒ်အဖြစ် ပေါ်ထွက်လာတဲ့ ခိုင်မာတဲ့ပဋိညာဉ်အရဖြစ်စေ၊ ဒါမှမဟုတ် အဆင့်လိုက် သဘောတူညီချက်မျိုးကတဆင့်ဖြစ်စေ ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်တာမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးရေပန်းစားမှုကို အားကိုးပြုပြီး ဝင်ခဲ့တာမျိုးဖြစ်ပါတယ်။ အကျိုးဆက်အားဖြင့် ၁၉၉၄ ခုနှစ်ကတည်းကရှိခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာဘုံသဘောတူညီချက်ဖြစ်တဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို မြန်မာ့အဓိကရတာဝန်ရှိအဖွဲ့အစည်းကပဲ သားပျက်သားလျှောဖြစ်အောင် လုပ်ခဲ့မိတာဖြစ်လို့ အဲဒီကနေပေါ်လာတဲ့ အကျိုးဆက်တွေကို သင်ခန်းစာအများကြီးယူနိုင်ပါတယ်။ အခုလည်း အားနည်းချက်တွေ၊ အားမရတာတွေရှိစေကာမူ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို ဘာသိဘာသာ သဘောထားပြီး မဟာဗျူဟာအမြင်နဲ့ ဆက်လက် တရားဝင်မှုအားကောင်းအောင် ထောက်ခံဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် မြန်မာ့အရေးဟာ နိုင်ငံတကာ သံခင်းတမန်ခင်းသောင်ပြင်မှာ အရာမထင်ဘဲ ဖြစ်သွားနိုင်ပါတယ်။

Policy Brief
မြန်မာ့အရေး နိုင်ငံတကာ၏တူညီဆန္ဒ ခိုင်မာအားကောင်းစေရန် မူဝါဒအကြံပြုချက်

သုံးပွင့်ဆိုက်တွေ့ဆုံရေးကို ဒေါ်အောင်ဆန်းစုကြည်ကအစဉ်တစိုပ်တောင်းဆိုခဲ့ပေမည့်၊ ၂၀၀၈ အရလုပ်တဲ့ရွေးကောက်ပွဲကို နိုင်ငံတကာကထောက်ခံခဲ့လို့ လူထုနဲ့ တိုင်းပြည်အကျိုးရှေးရီုက အမေစု က ရွေးကောက်ပွဲဝင်ခဲ့တာ။ ၂၀၂၀ မှာ မအလက နိုက်ငံ ၏ အာဏာ ကိုအဓ္ဓမပြကျင့်ခဲ့တယ်။ ဒါကိုလူထုကလက်မခံလို့ တိုက်းပြည် ဟာ ပြည်တွင်းစစ်ထဲကျ ရောက်ခဲ့တယ်။ နိုင်တကာက အကူအညီမရပေမည့်၊ လူထုကဆက်လက်တွန်းလှန်နေတာလက်တွေ့ပါ။ မအလ ဟာ သန်းရွေီရဲ့အကွက်ကို လိုက်နင်းပေမည့်၊ မအလ ရဲ့အခြေအနေနဲဘသန်းရွှေရဲ့အခြေအနေဟာမတူဘူ။ မအလ ဟာဒေသတွင်း အာဆီယံရဲ့ထောက်ခံမှုမရဘူ။ ငန်းရွှေကို အာဆီယံက 97 မှာ မဟာငီယာက အာဆီယံထဲ့ထည့်သွင်းခဲ့တယ်။ သန်းရွှေဟာ တိုက်းရက်းငားတွေ အပစ်ရပ်စဲတာလုပ်လို့ရပေမည့်၊ မအလဟာ EROs တွေရဲ့ တိုက်ခိုက်မှုကြောင့်ကျရှုံးခဲ့တယ်။ NCA ဟာ Toilet paper ဖြစ်စေတယ်။