Photo – AFP
ကုန်သွယ်မှုတန်ဖိုးဖော်ပြချက်ကွာဟမှု* အမေရိကန်ဒေါ်လာ ၆၃ ဘီလီယံကျော်ရှိလာ
▪️ကာလ (Period)
၂၀၁၈ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ။
▪️ဒေသ (Regions)
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ။
▪️ဖြစ်စဉ်အကျဉ်း (Issues)
မြန်မာနှင့် တရုတ်နိုင်ငံအကြား နှစ်အလိုက် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးဖော်ပြချက် ကွာဟမှုမှာ ပို၍ကြီးမားလာသည်။ နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဖော်ပြချက်ကွာဟမှုမှာခုနစ်နှစ်နီးပါးကာလအတွင်း အမေရိကန်ဒေါ်လာ ၆၃ ဘီလီယံကျော်ရှိခဲ့ပါသည်။ ထိုပမာဏထဲက အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံကျော်မှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အာဏာသိမ်းမှုအလွန်တွင် ရှိလာသော ပမာဏဖြစ်သည်။
▪️ပါဝင်ဖက်အုပ်စုများ (Groups Involved)
စစ်ကော်မရှင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်ဖွဲ့များနှင့် တရုတ်နိုင်ငံဘက်က အစုအဖွဲ့များ။
▪️အခြေအနေ/တိုးတက်မှု (Status/ Development)
နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဖော်ပြချက်ကွာဟမှုများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု အလွန်တွင် ပိုများလာသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၇ ဘီလီယံရှိခဲ့ရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၈ ဘီလီယံအထိ ရောက်ခဲ့သည် (ISP-DM2025-195 ကိုရှုပါ)။ နှစ်နိုင်ငံနယ်စပ်ဒေသ မတည်ငြိမ်ခြင်း၊ မြေရှားကဲ့သို့ တရားမဝင် သတ္တုတူးဖော်တင်ပို့မှုများမြင့်တက်လာခြင်း နှင့် EAOs များ၏ နယ်မြေထိန်းချုပ်မှုကျယ်ပြန့်လာခြင်းအပြင် ကုန်သွယ်လမ်းကြောင်း ပိတ်ဆို့ပြတ်တောက်မှုများကြောင့် တရားမဝင် ကုန်သွယ်မှုများ ပိုများလျက်ရှိသည်။
▪️သက်ရောက်မှုများ (Implications)
ကုန်သွယ်မှုတန်ဖိုးဖော်ပြချက်ကွာဟမှု ကြီးမားလာခြင်းသည် တရားမဝင်ကုန်သွယ်မှု ကြီးမားလာခြင်းကိုလည်း ညွှန်ပြနေသဖြင့် နိုင်ငံ၏ တရားဝင်စီးပွားရေးစနစ်အပေါ် သက်ရောက်စေပါသည်။ စျေးကွက်မတည်ငြိမ်မှုများ၊ ကုန်စျေးနှုန်းကြီးမြင့်မှုနှင့် ငွေကြေးဖောင်းပွမှုဒဏ်ကို ပြည်သူလူထုက ခါးစည်းခံခဲ့ရသည်။ ထို့အပြင် သယံဇာတတူးဖော်ခြင်းနှင့် အဆမတန် တင်ပို့ခြင်းကဲ့သို့သော လုပ်ဆောင်မှုများကြောင့် လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလည်း ဒေသခံများ ရင်ဆိုင်ကြရသည်။ မြန်မာ-တရုတ်နယ်စပ်တွင် လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်မှု ပိုမိုကျယ်ပြန့်နေသည့်အပြင် တရားဝင်ကုန်သွယ်ရေးအတွက် ညှိနှိုင်းမှုများ မရှိသေးသဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဖော်ပြချက်ကွာဟမှုများမှာ ဆက်လက်ကြီးမားနေနိုင်ပါသည်။


ISP Political Economy Tracker
မြန်မာ-တရုတ် ကုန်သွယ်မှုတန်ဖိုး ဖော်ပြချက်ကွာဟမှု အမေရိကန်ဒေါ်လာ ၆၃ ဘီလီယံကျော် ရှိလာ
အောက်ခြေမှတ်စု
(*) မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ‘ကုန်သွယ်မှုတန်ဖိုးဖော်ပြချက်ကွာဟမှု’ဆိုသည်မှာ စစ်ကော်မရှင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)တို့က ဘဏ္ဍာနှစ်အလိုက်ထုတ်ပြန်သော စုစုပေါင်းကုန်သွယ်မှုတန်ဖိုးများကို နှိုင်းယှဥ်ကြည့်ရာမှ ထွက်ပေါ်လာသော ကိန်းဂဏန်းဖြစ်သည်။
