Photo – AFP
▪️ကာလ (Period)
၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ။
▪️ဒေသ (Regions)
ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ မြေရှားသတ္တုထွက်ရှိသည့်ဒေသများနှင့် တရုတ်နိုင်ငံ။
▪️ဖြစ်စဉ်အကျဉ်း (Issues)
၂၀၂၅ ခုနှစ် ကိုးလအတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၂၄ သန်း (တန်ချိန် ၂၈,၀၀၀ ကျော်)ရှိခဲ့သည်။ ယခင်နှစ်နှင့် ကာလတူနှိုင်းယှဉ်ပါက ဒေါ်လာ သန်း ၁၀၀(တန်ချိန် ၁၀,၀၀၀ ကျော်)လျော့ကျခဲ့သည်1။
▪️ပါဝင်ဖက်အုပ်စုများ (Groups Involved)
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) နှင့် တရုတ်ကုမ္ပဏီများ။
▪️အခြေအနေ/တိုးတက်မှု (Status/ Development)
KIA ထိန်းချုပ်ထားသော နယ်စပ်ဂိတ်လေးခုကို တရုတ်အစိုးရက ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်တွင် ပြန်ဖွင့်ခဲ့သည်။ KIA နှင့် ညှိနှိုင်းမှုတစုံတရာမရှိဘဲ ပြန်ဖွင့်ခဲ့ခြင်းမှာ တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှုလျော့ကျနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ မြေရှားရယူနိုင်ရေးအတွက် အိန္ဒိယနှင့် အခြားနိုင်ငံများကလည်း ကြိုးပမ်းနေသည်။ ၂၀၂၅ ခုနှစ် ကိုးလအတွင်း တရုတ်နိုင်ငံသို့ ပြည်ပက မြေရှားတင်သွင်းမှု ပမာဏ တန်ချိန် ၅၂,၀၀၀ ကျော်အနက် ၅၃ ရာခိုင်နှုန်း (တန်ချိန် ၂၈,၀၀၀ ကျော်)မှာ မြန်မာနိုင်ငံကနေ တင်သွင်းခဲ့ခြင်းဖြစ်သည်။ မြန်မာကနေ တရုတ်သို့ မြေရှားတင်ပို့မှုတန်ဖိုးမှာ ၂၀၂၄ ခုနှစ် (စက်တင်ဘာလအထိ)တွင် အမေရိကန်ဒေါ်လာ ၇၂၄ သန်းရှိသည်။ ယခင်နှစ်နှင့် ကာလတူနှိုင်းယှဥ်ပါက အမေရိကန်ဒေါ်လာ သန်း ၁၀၀ လျော့နည်းခဲ့သည်။
▪️သက်ရောက်မှုများ (Implications)
နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ၏ စာရင်းများအရ ကမ္ဘာ့မြေရှားတူးဖော်မှုတွင် မြန်မာနိုင်ငံက အဓိကပါဝင်သူအဖြစ် ဆက်ရှိနေသည်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့မြေရှားထုတ်လုပ်မှုတွင် တရုတ်နိုင်ငံက ၆၁ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံက ၁၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ၌ရှိနေသည်။ ၂၀၂၅ ခုနှစ် ကိုးလတာအတွင်း မြန်မာဘက်ကနေ တရုတ် သို့ မြေရှားတင်ပို့မှု လျော့ကျခဲ့သော်လည်း တည်ငြိမ်စိတ်ချရသည့် မြေရှားထောက်ပံ့ရေးကွင်းဆက်ကို တရုတ်နိုင်ငံက ရှာဖွေနေသဖြင့် မြန်မာနိုင်ငံတွင် မြေရှားတူးဖော်မှုပိုများလာနိုင်သည်။ လက်ရှိတွင်လည်း ကချင်ပြည်နယ်သာမက ရှမ်းပြည်နယ် အရှေ့ပိုင်းတွင်ပါ တူးဖော်မှုများ တိုးချဲ့လာကြသည်။ ဥပမာအားဖြင့် UWSA ထိန်းချုပ်ဒေသ မိုင်းယွန်း၊ မိုင်းပေါက်နှင့် NDAA ထိန်းချုပ်ဒေသ မိုင်းယောင်းမြို့နယ်တို့၌ ယခုနှစ်ဆန်းပိုင်းတွင် မြေရှားလုပ်ကွက် ၂၀ ထက်မနည်းတိုးလာသည်။ တဖက်တွင်လည်း သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်မှု ပိုများလာနိုင်သည်။ နိုင်ငံဖြတ်ကျော် သက်ရောက်မှုများကြောင့် ထိုင်းကဲ့သို့ အိမ်နီးချင်းများကလည်း မြေရှားတူးဖော်တင်ပို့မှုများကို အလေးထားကိုင်တွယ်ရန် ပြင်ဆင်လာကြသည်။


ISP Political & Conflict Economy Tracker
၂၀၂၅ ခုနှစ် ကိုးလအတွင်း တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရှိခဲ့
အောက်ခြေမှတ်စု
- တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)က ထုတ်ပြန်သော အချက်အလက်များကို အခြေခံ၍ တွက်ချက်ထားပါ သည်။ မြေရှားစျေးနှုန်းမှာ နှစ်အလိုက် ပြောင်းလဲမှုရှိနိုင်ပါသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်ကို နှိုင်းယှဉ်သည့်အခါ ပြောင်းလဲနေသည့် စျေးနှုန်းများအပေါ်မူတည်၍ တန်ဖိုးကွာဟချက်ရှိနိုင်သည်ကို သတိပြုရပါမည်။ ↩︎
