AnalysisPolicy Brief

‘ပြည်ကြီးဝန်ကို အိုးတန်ဆန်ခပ်…’ – ULA/AA ၏ စီမံအုပ်ချုပ်မှုနှင့် နယ်မြေစိုးမိုးမှုအလွန် စိန်ခေါ်ချက်များ

အင်စတီကျူးရှင်းစနစ် ခိုင်မာအားကောင်းလာတာ တချို့ကို သိသိသာသာမြင်ရပေမဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ စစ်ရေး မတည်ငြိမ်မှု၊ အရင်းအမြစ် ရှားပါးမှုနဲ့ လုပ်ကိုင်နိုင်စွမ်း အကန့်အသတ်တွေလည်း ရှိနေပါတယ်။ အုပ်ချုပ်သူတွေရဲ့ လက်တွေ့ဝန်ဆောင်မှု ပေးနိုင်စွမ်းနဲ့ မျှော်လင့်ချက်ကြီးတဲ့ ရခိုင်လူထုအကြား ကွာဟချက်တွေ ရှိလာတာကို ဖြေရှင်းနိုင်ရေးက လက်ငင်းစိန်ခေါ်ချက်တရပ် ဖြစ်နေပါတယ်။
By ISP Admin | August 12, 2026

Photo – AFP


‘ပြည်ကြီးဝန်ကို အိုးတန်ဆန်ခပ်…’ ULA/AA ၏ စီမံအုပ်ချုပ်မှုနှင့် နယ်မြေစိုးမိုးမှုအလွန် စိန်ခေါ်ချက်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၁ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)က ထုတ်ဝေပါသည်။ ISP-Myanmar က အထူးပြုလေ့လာနေသော သုတေသနနယ်ပယ်များနှင့် ဆက်စပ်မှုများအား အခြေပြု၍ (၁) Tracker (၂) Situation Brief (၃) Policy Brief (၄) ISP OnPoint (၆) The State of Myanmar (၇) ‘ISP နှင့်အတူ မိနစ် ၃၀’ ဆွေးနွေးမှုအစီအစဉ် စသည်တို့ကိုလည်း စဉ်ဆက်မပြတ် ထုတ်ဝေဖြန့်ချိနေပါသည်။ အဆိုပါထုတ်ဝေမှုများအား ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။


ယခုဆန်းစစ်ချက်ခေါင်းစဉ်တွင် ပါရှိသော ‘ပြည်ကြီးဝန်ကို အိုးတန်ဆန်ခပ်…’ စကားရပ်အပြည့်အစုံမှာ ‘ပြည်ကြီးဝန်ကို အိုးတန်ဆန်ခပ်၊ မင်းကျင့်ဝတ်နှင့် လျောက်ပတ်သင့်စွာ စီရင်ရာသည်’  ဟူ၍ ဖြစ်ပါသည်။ ထိုစကားရပ်သည် ရခိုင်ရာဇာပျို့ပါ မင်းကျင့်တရားဆိုင်ရာ အဆိုအမိန့်ဖြစ်ပြီး ကြီးမားသော နိုင်ငံတော်တာဝန်၀တ္တရားများကို ထမ်းဆောင်ရာ၌ တန်ရာတန်ဖိုး၊ အိုးနှင့်ဆန်ခပ် မျှတသကဲ့သို့ မင်းကျင့်တရားနှင့်အညီ သင့်မြတ်လျောက်ပတ်စွာ စီမံအုပ်ချုပ်ရမည်ဆိုသည့် အဓိပ္ပာယ်သက်ရောက်ကြောင်း ဦးသာညွန့်၏ ‘ရှေးခေတ် ရခိုင်ပြည်အုပ်ချုပ်ရေးစနစ်’ ဟောပြောချက် (၁၉၇၃) တွင် ပါရှိခဲ့သည်။ ထို့အတူ အရှင်စက္ကိန္ဒနှင့် အရှင်ဝါသ၀တို့က ၁၉၈၆ ခုနှစ်တွင် ရေးသားပြုစုခဲ့ပြီး ၁၉၉၆ ခုနှစ်၌ ထုတ်ဝေခဲ့သော ‘ဥပမာစုံ ရခိုင်စကားပုံ’စာအုပ်တွင်လည်း ပါရှိသည်။ မြန်မာမှုနယ်ပယ်တွင် အထင်ကရဖြစ်သော ‘စကားကြီး ဆယ်မျိုး’ စာရင်း၌လည်း ‘အိုးတန်ဆန်ခပ်’ စကားပြောဆိုနည်းပါရှိပြီး၊ အိုးနှင့်ဆန် တန်ရုံထည့်၍ချက်လျှင် ကောင်းစွာကျက်နပ်သကဲ့သို့ ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်းဖြင့် လိုရင်းရောက်အောင် ပြုမူခြင်းအား ရည်ညွှန်းပါသည်။


▪️အနှစ်ချုပ် 

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ဟာ အုပ်ချုပ်ရေးယန္တရားတခုကို တဖြည်းဖြည်း တည်ဆောက်နေပါတယ်။ ပုံစံခွက်ကျ တည်ဆောက်လည်ပတ်တာမျိုးထက် အရင်းအမြစ်နဲ့ နိုင်ငံရေး ပေးထားချက်တွေအပေါ် အခြေခံပြီး ‘တဆင့်ချင်း စမ်းသပ်တည်ဆောက်တဲ့ပုံစံ’ကို တွေ့ရပါတယ်။ ကျေးလက်ဒေသတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဖော်ဆောင်နိုင်ပြီးနောက်ပိုင်း ‘ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့’ကို ဖွဲ့စည်းပြီး နယ်မြေစိုးမိုးမှုကို အုပ်ချုပ်ရေးအာဏာအဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်။ ယာယီ အပစ်ရပ်ကာလကို မဟာဗျူဟာကျကျ အသုံးချပြီး ဒေသန္တရအုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ တရားစီရင်ရေးယန္တရားတွေ ခိုင်မာအောင် တည်ဆောက်ခဲ့ပါတယ်။ နောက်ပိုင်း အစိုးရတရပ်ဖွဲ့စည်းပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း တာဝန်ယူဆောင်ရွက်ရင်း အဖွဲ့အစည်းရဲ့ နိုင်ငံရေးတရား ဝင်မှုကို မြှင့်တင်ခဲ့ပါတယ်။ အချိန်တိုအတွင်း  ခရိုင်ရှစ်ခု လည်ပတ်နိုင်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ အင်စတီကျူးရှင်းစနစ် ခိုင်မာအားကောင်းရေး တည်ဆောက်နေတဲ့ကာလလို့ ဆိုနိုင်ပါတယ်။ တပါတီ စီမံအုပ်ချုပ်ရေးစနစ်ကို လက်တွေ့ကျင့်သုံးနေပြီး ပါတီက စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးရဲ့ ဗဟိုချက်မအဖြစ် ရှိနေပါတယ်။ ပါတီရဲ့ နိုင်ငံရေးလမ်းစဉ်အောက်ကနေ လည်ပတ်ရတဲ့အတွက် ‘ပါတီရဲ့ဆုံးဖြတ်ချက်တွေက နိုင်ငံတော်ရဲ့ အမိန့်’ ဖြစ်လာမယ့်ပုံစံကို အသက်သွင်းထားပါတယ်။ အင်စတီကျူးရှင်းစနစ် ခိုင်မာအား ကောင်းလာတာ တချို့ကို သိသိသာသာမြင်ရပေမဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ စစ်ရေး မတည်ငြိမ်မှု၊ အရင်းအမြစ် ရှားပါးမှုနဲ့ လုပ်ကိုင်နိုင်စွမ်း အကန့်အသတ်တွေလည်း ရှိနေပါတယ်။ အုပ်ချုပ်သူတွေရဲ့ လက်တွေ့ဝန်ဆောင်မှု ပေးနိုင်စွမ်းနဲ့ မျှော်လင့်ချက်ကြီးတဲ့ ရခိုင်လူထုအကြား ကွာဟချက်တွေ ရှိလာတာကို ဖြေရှင်းနိုင်ရေးက လက်ငင်းစိန်ခေါ်ချက်တရပ် ဖြစ်နေပါတယ်။ အဲဒါတွေကို အချိန်မီမဖြေရှင်းနိုင်ရင် ULA/AA ရဲ့ နိုင်ငံရေး မျှော်မှန်းချက်နဲ့ လက်ရှိကြိုးပမ်းချက်တွေအပေါ် မေးခွန်းထုတ်လာနိုင်ပါတယ်။ အဖွဲ့အစည်းနဲ့ လူထုကြား လူမှုပဋိညာဉ် ပျက်ယွင်းမှုလည်း ကြုံရနိုင်ပါတယ်။ ဒါ့အပြင် အနာဂတ်အစိုးရတရပ် ဖြစ်ဖို့ လုံခြုံထိရောက်တဲ့ အုပ်ချုပ်ရေးနဲ့ လူမှုဝန်ဆောင်မှုပေးရေးတွေ ပိုပြီးအားကောင်းဖို့ လိုအပ်နေပါတယ်။



ULA/AA ၏ စီမံအုပ်ချုပ်မှုနှင့် နယ်မြေစိုးမိုးမှုအလွန် စိန်ခေါ်ချက်များ





Leave a Reply

Your email address will not be published. Required fields are marked *