Situation Brief

မြန်မာ-ထိုင်းနယ်စပ်မျဥ်း သုံးပုံတပုံကို KNU ထိန်းချုပ်

မြန်မာ-ထိုင်းနယ်စပ် နယ်နိမိတ်အရှည် ၂,၄၁၆ ကီလိုမီတာရှိသည့်အနက် ကီလိုမီတာ ၈၀၀ နီးပါးကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
By ISP Admin | July 18, 2025

Photo – AFP


ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ဥကရစ်ထစခန်းကို သိမ်းယူပြီးတဲ့နောက် မြန်မာ-ထိုင်းနယ်စပ်မျဥ်းတလျှောက်လုံးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ထိန်းချုပ်နိုင်မှုဟာ နယ်စပ်မျဥ်းတခုလုံးရဲ့ သုံးပုံတပုံခန့်1 ကျယ်ပြန့်သွားပါပြီ။ မြဝတီမြို့နဲ့ မိုင် ၃၀ သာဝေးပြီး နယ်စပ်မျဥ်းအနီးမှာရှိတဲ့ ဥကရစ်ထစခန်းကို ဇူလိုင် ၁၂ ရက်မှာ KNU/KNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။ ဒီစခန်းဟာ နယ်စပ်စည်းလုံခြုံရေးအတွက် ဗျူဟာမြောက်အရေးပါသလို ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ မြန်မာ-ထိုင်းနယ်စပ် နယ်နိမိတ်အရှည်ဟာ ၂,၄၁၆ ကီလိုမီတာရှိပြီး လက်ရှိမှာ KNU က နယ်စပ်မျဉ်းရဲ့ ကီလိုမီတာ ၈၀၀ နီးပါးကို ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန် KNU ရဲ့ စစ်ဆင်ရေးအများစုဟာ ပြည်မဘက်ကို တိုးချဲ့ထိန်းချုပ်နိုင်ဖို့ထက် မြန်မာ-ထိုင်းနယ်စပ်မျဉ်းဘက် ဆန့်ထုတ်ထိန်းချုပ်နိုင်ရေးကိုပဲ အလေးပေးဦးတည်ခဲ့တာ တွေ့ရပါတယ်။ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအတွက် နယ်စပ်မျဥ်းနဲ့ နယ်စပ်ဒေသထိန်းချုပ်မှုက နယ်မြေတည်ဆောက်နိုင်ဖို့၊ အရင်းအမြစ်စုစည်းတည်ဆောက်နိုင်ဖို့၊ ဒေသတွင်း နယ်စပ်ကုန်သွယ်စီးပွားနဲ့ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးတွေမှာ အရေးပါမှုကို မြှင့်တင်နိုင်ဖို့ဆိုတဲ့ အခန်းကဏ္ဍသုံးရပ်လုံးအတွက် အခရာကျပါတယ်။

KNU အနေနဲ့ နယ်စပ်မျဥ်းတလျှောက် ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာတာဟာ ကရင့်တော်လှန်ရေးမှာ သူ့ရဲ့ နိုင်ငံရေး၊ နယ်မြေပိုင်ဆိုင်မှုနဲ့ အုပ်ချုပ်ရေးအာဏာကို ချဲ့ထွင်လာနိုင်တာ ဖြစ်ပါတယ်။ ဥကရစ်ထစခန်းနယ်မြေဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (​DKBA) စစ်ဌာနချုပ်နယ်မြေနဲ့ တဆက်တစပ်တည်း ရှိနေတာကြောင့် အခုအခါ DKBA ရဲ့ နယ်မြေကျဉ်းသွားပြီဖြစ်ပါတယ်။ KNU အတွက် ရိက္ခာကအစ လက်နက်ခဲယမ်းအဆုံး အခြေခံကျတဲ့ ကုန်စည်တွေ သွင်းယူနိုင်ဖို့ လမ်းကြောင်းတွေ ပွင့်သွားတာလည်း ဖြစ်ပါတယ်။ KNU အနေနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းတွေနဲ့ စခန်းတွေကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အထိ အားစိုက်လာနိုင်ခြေ ရှိပါတယ်။



➤ အပြည့်အစုံကို ကပြင်ရပ်ဝန်းစာမျက်နှာတွင် ရယူဖတ်ရှုနိုင်ပါပြီ။


Situation Brief

မြန်မာ-ထိုင်းနယ်စပ်မျဥ်း သုံးပုံတပုံကို KNU ထိန်းချုပ်




အောက်ခြေမှတ်စု

  1. ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်အထိ ရရှိထားသည့်အချက်အလက်များအပေါ် အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။ ↩︎



Leave a Reply

Your email address will not be published. Required fields are marked *