လေကြောင်းတိုက်ခိုက်ခံထားရသော အိုးတိန်တွင်းရွာစာသင်ကျောင်း
Photo – AFP
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံပညာသင်ယူခွင့် ဆုံးရှုံးမှုတွေကြီးမားနေပြီး ကျောင်းအပ်နှုန်းတွေလည်း ကျဆင်းနေပါတယ်။ အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူ ၉ ဒသမ ၇ သန်းကျော်ရှိခဲ့ရာက ၂၀၂၅-၂၀၂၆ ခုနှစ်မှာ ၆ ဒသမ ၁ သန်းပဲရှိခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်နောက်ပိုင်း အခြေခံပညာကနေ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှုန်းဟာ လူဦးရေတိုးနှုန်းအရ တနှစ်ကို ပျမ်းမျှအား ဖြင့် ၁၀ သန်းနဲ့အထက်ရှိရမှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ပညာသင်နှစ်ငါးနှစ်လုံးမှာ အဲဒီပမာဏကို မရောက်ခဲ့ပါဘူး။ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းနဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)တို့ရဲ့ ထုတ်ပြန်ချက်တွေကိုကြည့်ရင် ကျောင်းနေအရွယ်လူဦးရေဟာ ၁၃ သန်းဝန်းကျင် ရှိနိုင်ပါတယ်။ ဒီပမာဏကို အခြေခံတွက်ကြည့်ရင် အခုပညာသင်နှစ်မှာ ကျောင်းနေအရွယ်ဦးရေ ခုနစ်သန်းဝန်းကျင် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေတယ်လို့ အကြမ်း ဖျင်း ခန့်မှန်းနိုင်ပါတယ်1။ ဒါကိုပဲ စုစုပေါင်း ကျောင်းဝင်နှုန်း (Gross Enrollment Ratio) နဲ့ တွက်ကြည့်တဲ့အခါ ကျောင်းနေအရွယ်ကလေးအားလုံးရဲ့ ၅၃ ရာခိုင်နှုန်း ပညာသင်ယူခွင့် ဆုံးရှုံးနေပါတယ်။ တဖက်မှာလည်း အဆင့်မြင့်ပညာ တက်လှမ်းသင်ယူခွင့်ရှိမယ့် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဖြေဆိုသူနှုန်းလည်း ဆက်တိုက်ကျဆင်းနေပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကိုးသိန်းကျော်ရှိခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ နှစ်သိန်းဝန်း ကျင်ပဲ ရှိပါတော့တယ်။
အခြေခံပညာသင်ယူခွင့် ရရှိရေးဟာ မြန်မာကလေးငယ်တွေအတွက် ကြီးမားတဲ့အခက်အခဲ ဖြစ်နေပါတယ်။ စီးပွားရေးမပြေလည်တာ၊ ဝင်ငွေထွက်ငွေမမျှတတာတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း လုံခြုံရေးစိတ်မချရတာ စတာတွေကလည်း ကျောင်းတက်နှုန်းကျဆင်းတာတွေကို ဝါးကူထိုးနေပါတယ်။ စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့ နေရာတွေမှာတော့ ပညာသင်ယူခွင့် ဆုံးရှုံးတာတွေလည်း ပိုများနေပါတယ်။ စာသင်ကျောင်းအများစုကို ပိတ်ထားရပါတယ်။ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကနေ ကင်းလွတ်အောင် တချို့စာသင်ကျောင်းတွေကို ဗုံးခိုကျင်းတွေနဲ့ တွဲထားရတာတွေလည်း ရှိပါတယ်။


Situation Brief
အခြေခံပညာသင်ယူခွင့်ဆုံးရှုံးသူ ခုနစ်သန်းဝန်းကျင်ရှိနိုင်
အောက်ခြေမှတ်စု
- ဒေတာအချက်အလက် – ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ။ ကျောင်းနေအရွယ်လူဦးရေကို တွက်ချက်ရာ၌ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းပါ အချက်အလက်များကိုအခြေခံ၍ ခန့်မှန်းတွက်ချက်ထားသည်။ နောက်ဆုံးကောက်ယူထားသော ၂၀၂၄ သန်းခေါင်စာရင်းမှာ ရှေ့ပြေးအစီရင်ခံစာသာထွက်ရှိထားပြီး အသက်အရွယ်အလိုက် လူဦးရေကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ၂၀၂၅ ခုနှစ်တွင် ကျောင်းနေအရွယ်ဦးရေ ပိုများနိုင်ပါသည်။ ↩︎
