Situation Brief

လီဒိုလမ်းမကြီးကတဆင့် ဒေသတွင်းချိတ်ဆက်ရေး တရုတ်နိုင်ငံ ပြင်ဆင်

လီဒိုလမ်းမကြီး ပြင်ဆင်ရေးအတွက် စစ်ကော်မရှင်ကို အိန္ဒိယနိုင်ငံဘက်က ကမ်းလှမ်းမှုများ ရှိခဲ့ပါသည်။ ထို့ကြောင့် ယခု လက်မှတ်ရေးထိုးမှုသည် အဆိုပါလမ်းကြောင်းကို အိန္ဒိယနိုင်ငံက ဝင်ရောက်မလုပ်ကိုင်မီ တရုတ်နိုင်ငံက လက်ဦးမှုယူလိုသည့်သဘောဟုလည်း ဆိုနိုင်ပါသည်။
By ISP Admin | September 18, 2025

Photo – AFP

စစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ ကန်ပိုက်တီ-မြစ်ကြီးနား-ပန်ဆောင် အဝေးပြေး လမ်းမကြီးစီမံကိန်း နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့ပါတယ်။ ဒါဟာ ယူနန်ပြည်နယ်ပေါင်စန်းခရိုင် ထိန်ချုံးမြို့ရဲ့ နယ်စပ်မြို့ ကန်ပိုက်တီကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဖြတ်ပြီး သမိုင်းဝင် လီဒိုလမ်းမကြီးတလျှောက် မြန်မာ-အိန္ဒိယနယ်စပ် ပန်ဆောင်မြို့အထိ ချိတ်ဆက်မယ့်အစီအမံ ဖြစ်ပါတယ်။ ဒါကို မြန်မာနိုင်ငံဘက်က Transland Public Co., Ltd. နဲ့ တရုတ်နိုင်ငံဘက်က Yunnan Baoshan Hengyi Industrial Group Co., Ltd. တို့အကြား လက်မှတ်ထိုးခဲ့တာပါ။ ဒီလမ်းဟာ တရုတ်ရဲ့ ရပ်ဝန်းလမ်းကြောင်းအစီအမံ (BRI) ထဲက စီးပွားရေးစင်္ကြံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာစီးပွားရေးစင်္ကြံ (BCIMEC) နဲ့လည်း ဆက်စပ်ပါတယ်။1 BCIMEC ဟာ ကူမင်း၊ ကာလကတ္တားနဲ့ ဒါကာမြို့တွေကို ချိတ်ထားတဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်း ဖြစ်ပါတယ်။ BCIMEC ဟာ အချုပ် အခြာအာဏာကို ထိခိုက်တယ်ဆိုပြီး အိန္ဒိယဘက်က တွန့်ဆုတ်ငြင်းဆန်နေခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့လထဲမှာပဲ လီဒိုလမ်းမကြီးပြင်ဆင်ရေးအတွက် အိန္ဒိယနိုင်ငံဘက်က စစ်ကော်မရှင်ကို ကမ်းလှမ်းခဲ့ပါတယ်။ ဒါကြောင့် အခုလက်မှတ်ရေးထိုးမှုဟာ အိန္ဒိယနိုင်ငံက ဝင်မလုပ်ခင် တရုတ်နိုင်ငံက လက်ဦးမှုယူလိုတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။

နားလည်မှုစာချွန်လွှာရေးထိုးလိုက်ပေမဲ့ မြေပြင်မှာ စီမံကိန်း အကောင်အထည်ပေါ်ဖို့က စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဒီလမ်းပိုင်းဖြတ်သန်းသွားတဲ့ ဆဒုံးနဲ့ ကန်ပိုက်တီမြို့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် လီဒိုလမ်းမကြီးတလျှောက်မှာလည်း KIA တပ်ဖွဲ့တွေ လှုပ်ရှားနေပါတယ်။ တဖက်မှာလည်း KIA ထိန်းချုပ်ထားတဲ့ မြေရှားလုပ်ကွက်တွေရှိရာ ဒေသတွေ(ပန်ဝါမြို့)ကို ပြန်သိမ်းဖို့ စစ်ကော်မရှင်က စစ်ရေးပြင်ဆင်နေတာကြောင့် လတ်တလော အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်တဲ့အခြေ အနေရှိပါတယ်။ တရုတ်အကျိုးစီးပွားတွေ အကောင်အထည်ဖော်နိုင်ဖို့ တရုတ်နိုင်ငံက ဖိအားပေးတွန်းနေတဲ့ KIA နဲ့ စစ်ကော်မရှင်အကြား နှစ်ပွင့်ဆိုင်ဆွေးနွေးပွဲကိုတော့ စစ်ကော် မရှင်ရဲ့ ရွေးကောက်ပွဲအလွန်မှာ ပိုမိုတွေ့လာရနိုင်ခြေ ရှိပါတယ်။




Situation Brief

လီဒိုလမ်းမကြီးကတဆင့် ဒေသတွင်းချိတ်ဆက်ရေး တရုတ်နိုင်ငံ ပြင်ဆင်




အောက်ခြေမှတ်စု


  1. ဒေတာအချက်အလက် – ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်အထိ။ ကနဦး၌ BCIMEC သည် BRI စီမံကိန်း၌ ပါဝင်ခဲ့ပါသည်။ သို့သော် အိန္ဒိယနိုင်ငံ၏ကန့်ကွက်မှုကြောင့် ၂၀၁၉ ခုနှစ်တွင် ပြုလုပ်သော ဒုတိယမြောက် BRI ဖိုရမ်၌ ထိုစီမံကိန်းကို BRI စီမံကိန်းများ စာရင်းကနေ ချန်လှပ်ထားခဲ့သည်။ ↩︎



Leave a Reply

Your email address will not be published. Required fields are marked *