Situation Brief

ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးနှင့် စစ်စီးပွားရေးမျက်နှာစာ

အမှတ်-၁ စစ်ဒေသအောက်တွင်ရှိသော တပ်ဖွဲ့များ၏ စစ်ရေးအောင်မြင်မှုဖြစ်သည်။ ထို့အပြင် တော်လှန်ရေးတပ်များ၏ ဘဏ္ဍာတိုက်ကို ဝင်ငွေ ဖြည့်တင်းပေးနိုင်မည့် သတ္တုနယ်မြေနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းကိုပါ တိုးချဲ့ ထိန်းချုပ်လိုက်နိုင်ခြင်း ဖြစ်သည်။
By ISP Admin | October 1, 2025

Photo – AFP

ကချင်-စစ်ကိုင်းနယ်စပ်မှာရှိတဲ့ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့ထက်မနည်းက ခြောက်ရက်တာထိုးစစ်ဆင်ပြီး စက်တင်ဘာ ၂၀ ရက်မှာ သိမ်းခဲ့ပါတယ်။ ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ရဲ့ အမှတ်-၁ စစ်ဒေသအောက်မှာရှိနေတဲ့ တပ်ဖွဲ့တွေရဲ့ ပူးတွဲစစ်ဆင်ရေးအောင်မြင်မှုဖြစ်ပါတယ်။ တော်လှန်ရေးတပ်တွေအတွက် ပဋိပက္ခအတွင်း စစ်စီးပွားရေး (war economy) နဲ့ ဘဏ္ဍာတိုက်ကိုဖြည့်တင်းပေးနိုင်တဲ့ ရွှေသတ္တုနယ်မြေ (mining) အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွေကိုပါ တိုးချဲ့ထိန်းချုပ်လိုက်နိုင်တာ ဖြစ်ပါတယ်။

ဗန်းမောက်ဟာ စစ်ရေးအရ ကြီးမားတဲ့ အချက်အချာကျမှု မရှိပါဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေရဲ့ နယ်စပ်ဒေသတွေကို ကူးသန်းနိုင်တဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းပေါ် မှာရှိပါတယ်။ အရင်က စစ်ကော်မရှင်တပ်တွေနဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တို့က ထိန်းချုပ်ထားပြီး ကြားကနေ ဖြတ်တောက်ထားပါတယ်။ အခုတော့ အိန္ဒိယနယ်စပ်ထွက်ပေါက် ဗန်းမောက်-တမူးလမ်းပိုင်း၊ ဗန်းမောက်-အင်းတော်-ရှမ်းမြောက်ဒေသ လမ်းပိုင်းတခုလုံးကို တော်လှန်ရေးတပ်တွေက အပြည့်အဝ ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗန်းမောက်ဟာ ရွှေထွက်တဲ့ဒေသဖြစ်ပါတယ်။ မြို့ရဲ့ အနောက်ဘက်တကြောမှာ ရွှေတွင်းတွေရှိပါတယ်။ မဲဇာမြစ်ကြောင်းတလျှောက်ဟာလည်း ရွှေမျောတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ရာနယ်မြေ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အထိ ဗန်းမောက်မှာ တရားဝင်ရွှေလုပ်ကွက် ၂၇ ခု၊ လျှောက်ထားဆဲ ၁၀၀ ဝန်းကျင်ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ရွှေတူးဖော်မှုအများအပြားတိုးလာပြီး ရွှေကျင်းနဲ့ မျောပေါင်း ၁,၂၀၀ ထက်မနည်း ရှိလာပါတယ်။ အဲဒီလို ရွှေလုပ်ကွက်တွေရှိတဲ့ နယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကော်မရှင်အပါအဝင် SNA တပ်တွေအကြား အားပြိုင်မှုတွေရှိခဲ့ပါတယ်။

ဗန်းမောက်ဟာ စစ်စီးပွားရေးလိုအပ်ချက်နဲ့ ဘဏ္ဍာငွေဖြည့်တင်းပေးနိုင်တဲ့ နယ်မြေအစိတ်အပိုင်းတခု  (missing piece in sustaining the war economy) ဖြစ်ပါတယ်။ အခုအခါ မြို့နယ်တခုလုံးရဲ့ မြောက်ဘက်ကလွဲပြီး ကျန်အရပ်သုံးမျက်နှာကို တော်လှန်ရေးတပ်တွေက အပြည့်အ၀ ထိန်းချုပ်ထားပါပြီ (ISP Mapping အမှတ်-၁၁၃ ကိုရှုပါ)။ နယ်မြေအားပြိုင် ထိန်းချုပ်ရေးအပြင် သယံဇာတနဲ့ မြေပြင်တပ်တွေရဲ့ စစ်စီးပွားရေးပါ ဆက်နွှယ်နေတဲ့အတွက် တန်ပြန်ထိုးစစ်နဲ့ ပဋိပက္ခတွေ အရှိန်ပြန်မြင့်လာနိုင်ခြေ ရှိပါတယ်။




Situation Brief

ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးနှင့် စစ်စီးပွားရေးမျက်နှာစာ






Leave a Reply

Your email address will not be published. Required fields are marked *