Photo – SSPC/Thurain
၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကော်မရှင်က ပြန်သိမ်းခဲ့ပါတယ်။ ဒီနောက်ပိုင်း မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းမရဲ့ ၄၄ ဒသမ ၄ ရာခိုင်နှုန်းကို စစ်ကော်မရှင်က ပြန်ပြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း စစ်ကော်မရှင်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နယ်မြေ ၅၈ ဒသမ ၃ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပါတယ်။ အဲဒီဆုံးရှုံးခဲ့တဲ့နယ်မြေရဲ့ ၁၁ ဒသမ ၃ ရာခိုင်နှုန်း ပြန်သိမ်းခဲ့တာပါ။
၂၀၂၅ ခုနှစ် ဧပြီလတုန်းက စစ်ကော်မရှင်ဟာ ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို တရုတ်အစိုးရရဲ့ အကူအညီနဲ့ ပြန်ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ရေးနည်းနဲ့ တိုက်ခိုက်သိမ်းယူဖို့ ထိုးစစ်ဆင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇွန်လမှာ နောင်ချိုမြို့ကို စတင်ထိုးစစ်ဆင်ခဲ့ပြီး ၄၅ ရက် အကြာမှာ ပြန်ရခဲ့ပါတယ်။ စက်တင်ဘာ ၉ ရက်မှာ ကျောက်မဲမြို့ကို တိုက်ခိုက်ပြီး ၂၁ ရက် အကြာမှာ ပြန်သိမ်းခဲ့ပါတယ်။ အောက်တိုဘာ ၁ ရက်မှာတော့ သီပေါမြို့ကို စတင်တိုက်ခိုက်ပြီး ၁၆ ရက်အကြာမှာ ပြန်ရခဲ့ပါတယ်။ သီပေါမြို့ကို စစ်ကော်မရှင်က ပြန်သိမ်းထားပေမဲ့ လားရှိုးကို ချိတ်ဆက်ထားတဲ့ ပြည်ထောင်စုလမ်းပိုင်းကို MNDAA က ဆက်လက်ထိန်းချုပ်ထားဆဲပါပဲ။ လက်ရှိမှာ မိုးကုတ်နဲ့ မိုးမိတ်တို့ကနေ ဆုတ်ခွာပြီး စစ်ကော်မရှင်နဲ့ အပစ်ရပ်ဖို့ သဘောတူထားတယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင် ပြန်သိမ်းနိုင်တဲ့ပမာဏဟာ နည်းသေးပေမဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြို့ပြဧရိယာတွေကို ပြန်သိမ်းနေတာ ဖြစ်ပါတယ်။ မြို့တွေကို စစ်ကော်မရှင်က ထိန်းချုပ်ထားပြီး အဲဒီမြို့တွေနဲ့ ဆက်စပ်နေတဲ့ မြို့နယ်တွေထဲက ကျေးလက်ဒေသအများစု၊ တောင်ကုန်းတောင်တန်း အများစုကိုတော့ တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေက ဆက်ပြီး ထိန်းချုပ်ထားပါတယ် (ISP Mapping အမှတ် – ၁၁၆ ကိုရှုပါ)။ သူတို့ ပြန်သိမ်းထားတဲ့ မြို့တွေမှာ အုပ်ချုပ်ရေးယန္တရား ပြန်စဖို့နဲ့ လူထုဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ စစ်ကော်မရှင်က ကြိုးပမ်းနေသလို ကျေးလက်ဒေသတွေမှာတော့ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေး ယန္တရားနဲ့ EAOs တွေရဲ့ အုပ်ချုပ်ရေးယန္တရားတွေ အပြိုင်အဆိုင် လည်ပတ်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။


Situation Brief
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆုံးရှုံးခဲ့သော နယ်မြေဧရိယာ၏ ၁၁ ဒသမ ၃ ရာခိုင်နှုန်းကို စစ်ကော်မရှင် ပြန်သိမ်း
