Photo – AFP
‘မြန်မာ့အခြေပြစစ်တမ်း (State of Myanmar)-ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ (၂၀၂၅-၂၀၂၆)’ အနုစိတ် ပိုင်းခြားစိတ်ဖြာ သုံးသပ်အကဲဖြတ်ချက်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)က ထုတ်ဝေပါသည်။ ၂၀၂၅ ခုနှစ် တနှစ်တာအတွင်း ထူးခြားခဲ့သော ဖြစ်ထွန်းမှုများ၊ အကျိုးသက်ရောက်မှုများ၊ ၂၀၂၆ ခုနှစ်အတွက် ဖြစ်တန်ခြေများနှင့် ဦးတည်လမ်းကြောင်းလားရာများကို ယခုစစ်တမ်းတွင် ဆန်းစစ်ဖော်ပြထားသည်။ စစ်တမ်း၌ပါဝင်သော ပိုင်းခြားစိတ်ဖြာသုံးသပ်ချက်များမှာ ISP-Myanmar ၏ သုတေသနပြုမှုနှင့် ဒေတာအချက်အလက်များအပေါ် အခြေခံထားပါသည်။ ISP-Myanmar ၏ မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) ကို တနှစ်လျှင်တကြိမ် ထုတ်ဝေမည်ဖြစ်ပြီး နှစ်စဉ် ဇန်နဝါရီလအတွင်း ဖြန့်ချိသွားပါမည်။
▪️အနှစ်ချုပ်
မြန်မာနိုင်ငံဟာ ကျဆုံးနိုင်ငံဖြစ်သွားနိုင်ခြေရှိတဲ့ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်ရနေဆဲဖြစ်ပါတယ်။ (၁) တော်လှန်ရေးအင်အားစုတွေအကြား နိုင်ငံရေးအရ ညီညီညွတ်ညွတ် ဦးဆောင်နိုင်စွမ်းမရှိတာ၊ (၂) တရုတ်နိုင်ငံက အားထည့်တွန်းတွန်း၊ ရလဒ်ထွက်အောင် ဖိအားပေးပါဝင်နေသလောက် အမေရိကန်ပြည်ထောင်စုနဲ့ ကျန်နိုင်ငံတကာပိုင်းက မြန်မာ့အရေး စိတ်ဝင်စားမှုနည်းပါးသွားတာ၊ (၃) ကျားဖြန့်နှိမ်နင်းရေးနဲ့ မြေရှားသတ္တုအရေးလို ပဋိပက္ခစီးပွားရေးတွေကပဲ မြန်မာ့အရေး သတင်းခေါင်းစဉ်နဲ့ မူဝါဒအာရုံစိုက်စရာတွေ ဖြစ်လာတာ၊ (၄) စစ်တပ်ဘက်ကလည်း မဟာဗျူဟာမြောက် လိုက်လျောညီထွေ ပြင်ဆင်နိုင်စွမ်းရှိလာတာနဲ့ (၅) ပြည်သူလူထုအနေနဲ့ စစ်ဘေးဒဏ်၊ ငလျင်ဘေးဒဏ်၊ လူမှုစီးပွားနဲ့ လူသားစာနာဒုက္ခတွေကို အားကိုးစရာမရှိသလောက်နီးနီး ဘ၀နဲ့ရင်းပြီး နင့်နင့်သီးသီးခံစားနေရတာတွေဟာ ၂၀၂၅ ခုနှစ်မှာ သိသာတဲ့အခြေအနေတွေပဲ ဖြစ်ပါတယ်။
စစ်တပ်ဟာ စစ်ရေး၊ သံတမန်ရေးနဲ့ နိုင်ငံရေး တန်ပြန်ထိုးစစ်တွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ရင်း လက်ရှိ ပဋိပက္ခစက်ဝန်းကနေ ဖောက်ထွက်ပြီး သူပုံဖော်လိုတဲ့ အရွေ့တခုကိုတွန်းနေတာ သတိပြုမိနိုင်ပါတယ်။ ရွေးကောက်ပွဲအလွန် အောက်ထစ်ဖြစ်တန်ခြေဟာ ၂၀၁၀ ပြည့်နှစ်မှာ တပ်ကဦးဆောင်ပြောင်းလဲတဲ့ သမ္မတဦးသိန်းစိန်ခေတ် ဖြစ်တန်ခြေမျိုးမဟုတ်ဘဲ ၁၉၄၈-၁၉၅၈ လွတ်လပ်ပြီး ၁၀ နှစ်တာကာလ ပြည်တွင်းသောင်းကျန်းမှုချေမှုန်းရေးလို့ စစ်တပ်ရဲ့ သမိုင်းဗေဒကသတ်မှတ်တဲ့ကာလမျိုး ဖြစ်တန်ခြေနဲ့ ပိုနီးစပ်နိုင်ပါတယ်။ ကြုံလှီနေတဲ့တိုင်းပြည်ကို စစ်တပ်ကပဲ သူ့လမ်းသူရှာ ဖောက်ထွက်သွားမယ့်သဘော ဖြစ်ပါတယ်။ ဒီလမ်းကြောင်းဟာ ၂၀၀၈ အခြေခံဥပဒေအရ ‘တပ်မတော်-ကြံ့ခိုင်ရေးပါတီ ပူးတွဲအုပ်ချုပ်ရေးစနစ်’ ဆိုတဲ့ စပ်ကြားအင်စတီကျူးရှင်းစနစ်ကို တည်ဖို့ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ပုံစံကိုဖျက်ပြီး ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်ကို အသက်သွင်းမယ့်သဘော ဖြစ်ပါတယ်။ ဒီလမ်းကြောင်းဟာ မြန်မာ့နိုင်ငံရေးမှာ နှိုင်းယှဉ်ချက်အရ ရယ်ဒီကယ်မဖြစ်ဘဲ သဘောထားပျော့ပြောင်းမှုရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ နိုင်ငံရေးကို နိဂုံးချုပ်ဖို့ ရည်ရွယ်တဲ့လက္ခဏာ ရှိပါတယ်။ ဒီလမ်းကြောင်းဟာ အာဆီယံရဲ့ ဘုံသဘောတူချက်ငါးရပ်ဆိုတဲ့ နိုင်ငံစုံသဘောညီချဉ်းကပ်မူဘောင်ကို ငြင်းဆန်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ပဲ သင့်သလို ထွက်ပေါက်ရှာမယ့်၊ တနည်းအားဖြင့် ပထဝီနိုင်ငံရေးမှာ အာဆီယံဗဟိုပြုမှုကို အားနည်းချည့်နဲ့စေမယ့် လမ်းကြောင်းလည်း ဖြစ်ပါတယ်။
မြန်မာ့အရေးမှာ ဖက်ဒရယ်ဒီမိုကရေစီဘက် ရှေးရှုတဲ့ အပြောင်းအလဲကို လိုလားဖော်ဆောင်လိုတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာအင်အားစုတွေအနေနဲ့ ၂၀၂၆ ခုနှစ်မှာ ပေါ်ထွန်းလာမယ့် ဦးတည်လမ်းကြောင်း သုံးခုကို မဟာဗျူဟာအကဲဖြတ်ချက်နဲ့ စောင့်ကြည့်ပြင်ဆင်မှု လုပ်ဆောင်သင့်ပါတယ်။ ရွေးကောက်ပွဲအလွန် နိုင်ငံရေးနဲ့ တပ်မတော်အတွင်း စတုတ္ထမျိုးဆက် ခေါင်းဆောင်မှုအပြောင်းအလဲ တဖြည်းဖြည်း ပုံပေါ်လာတဲ့ အခင်းအကျင်း၊ ပဋိပက္ခအရှိန်လျှော့ရေး (ဝါ) အပစ်အခတ်ရပ်စဲရေးအခင်းအကျင်းနဲ့ တရုတ်နိုင်ငံကို ဘယ်လိုချဉ်းကပ်ကြမလဲဆိုတဲ့ အခင်းအကျင်းတို့ပဲ ဖြစ်ပါတယ်။ မဟာဗျူဟာအကဲဖြတ်ချက်နဲ့ ဆောင်ရွက်ချက်မှားယွင်းရင် လမ်းကြောင်းသုံးခုဟာ ဆိုးသထက်ဆိုးမယ့်ဘက် ဦးတည်သွားနိုင်ပြီး မှန်ကန်ခဲ့ရင် တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် နာကျင်မှုသက်သာစေမယ့် လမ်းစပေါ်နိုင်ပါတယ်။ လိုဏ်ခေါင်းရဲ့အဆုံးမှာ အလင်းရောင်ရှိပါသေးတယ်။ ပိတ်ဆို့မည်းမှောင်၀င်္ကပါ၊ ကွေ့ကောက်နေတဲ့လိုဏ်ခေါင်းနဲ့တူတဲ့ တိုင်းပြည်အခြေအနေမှာ ညကြည့်အမြင်နဲ့ လမ်းပြမြေပုံရှိပါမှ၊ အားလည်းအားထုတ်ပါမှ အလင်းဆီရောက်နိုင်မှာပါ။
၁။ နိဒါန်း
၂၀၂၅ ခုနှစ် မြန်မာနိုင်ငံအတွင်းဖြစ်ရပ်တွေကို ခြုံငုံကြည့်ရင် တိုင်းပြည်ဟာ တရုတ်နိုင်ငံရဲ့ ဩဇာစက်ဝန်းထဲ အိပ်ရင်းနဲ့လမ်းလျှောက်ဝင်နေသလို ဖြစ်ပါတယ်။ အိပ်ရာက ချက်ချင်းနိုးထပြီး တရုတ်နိုင်ငံနဲ့ မဟာဗျူဟာမြောက်ချိန်ညှိပေါင်းစပ်မှု (strategic realignment) လုပ်နိုင်ဖို့ အမြော်အမြင်ရှိရှိ အပေးအယူအလဲအထပ် နိုင်ငံရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရမဲ့အစား မြန်မာ့ပဋိပက္ခဇာတ်ကောင်တွေဟာ အပြန်အလှန် အပြုတ်တိုက်ရေးလမ်းစဉ်ကို ဦးစားပေးနေတာဟာ တိုက်တန်းနစ်သင်္ဘောပေါ်မှာ ခုံနေရာလုနေသလို၊ ရေနစ်တဲ့တိုင်းပြည်ကို ဝါးကူထိုးနေသလို ဖြစ်နေပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ထင်ရှားတဲ့ဖြစ်ရပ်တွေ၊ သက်ဆိုင်ရာ အချက်အလက်ဒေတာတွေအရ မြန်မာဟာ ကျဆုံးနိုင်ငံ ဖြစ်သွားနိုင်ခြေရှိတဲ့ အကျပ်အတည်းကို ရင်ဆိုင်ရနေဆဲဖြစ်ပါတယ်။ စစ်ဘေးဒဏ်၊ စစ်ကိုင်း-မန္တလေး ငလျင်ကြီးဘေးဒဏ်နဲ့ အလုပ်အကိုင်၊ လျှပ်စစ်မီးကနေ စားသုံးကုန်အဆုံး ရှားပါးပြတ်တောက်မှုဒဏ်ကို ပြည်သူတွေ ခါးစည်းခံနေရတာပါ။ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အမြဲတစေ ရေရွတ်နေကြတဲ့ မြန်မာက အဆုံးအဖြတ်ပြုတဲ့၊ မြန်မာကသာ ဦးဆောင်တဲ့ (Myanmar-owned and Myanmar-led) ပဋိပက္ခဖြေရှင်းလုပ်ငန်းစဉ်ဟာ လေထဲမှာသာ ဖြစ်နေပြီး မြန်မာ့ပဋိပက္ခဇာတ်ကောင်တွေဟာ အပြုတ်တိုက်ရေး ညာသံပေးတာကလွဲလို့ ပြည်တွင်းရေးပဋိပက္ခကို ကိုယ်တိုင်ပိုင်ပိုင် ဖြေရှင်းနိုင်စွမ်းမရှိကြတာ ထင်ရှားပါတယ်။ ကုလသမဂ္ဂနဲ့ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေက မထိရောက်တာ၊ အမေရိကန်ပြည်ထောင်စုက မြန်မာနဲ့ ဒေသတွင်းကနေ ဆုတ်ခွာသွားတာတွေကြောင့် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ ရှေ့တန်းရောက်လာပါတယ်။ တိတိပပဆိုရရင် တရုတ်နိုင်ငံက လမ်းကြောင်းချပေးတဲ့ ဒီဇိုင်းကသာ မြန်မာ့ပဋိပက္ခအတွက် တခုတည်းသော မဟာဗျူဟာလုပ်ငန်းစဉ် ဖြစ်နေပါတယ်။
စစ်ကော်မရှင် ကျင်းပတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြတယ်။ ဆန့်ကျင်လို့မရဘဲ ဖြစ်လာခဲ့တဲ့အခါ ဘာလုပ်ကြမလဲဆိုတဲ့ မဟာဗျူဟာပြင်ဆင်မှု ရှိရပါမယ်။ ဖိအားပေါင်းစုံကြောင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ (EAOs) အနေနဲ့ ကိုးကန့် MNDAA (မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော်)နဲ့ တအာင်းပလောင် TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)တို့လို စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရတာမျိုးတွေ ပိုကြုံလာရနိုင်ပါတယ်။ ဒီအခြေအနေကို ရှောင်ကွင်းလိုတယ်။ ရှောင်ကွင်းလို့မရဘဲ ဖြစ်လာတဲ့အခါ ဘာလုပ်ကြမလဲဆိုတဲ့ မဟာဗျူဟာပြင်ဆင်မှု ရှိရပါမယ်။ ‘စစ်ဆင်ရေး ၁၀၂၇ ဟာ တရုတ်နဲ့ ဘာမှမဆိုင်ဘူး၊ ကိုယ့်အားကိုယ်ကိုး တော်လှန်ရေးပဲ၊ တရုတ်ဖိအား မမှုဘူး’ လို့ ကြွေးကြော်ခဲ့ကြပေမဲ့ တရုတ်ဖိအားက တကယ်အကျိုးဆက်ရှိလာတဲ့အခါ ဘာလုပ်ကြမလဲဆိုတဲ့ မဟာဗျူဟာပြင်ဆင်မှု ရှိရပါမယ်။
ဒီစစ်တမ်းမှာတော့ ၂၀၂၅ ခုနှစ်အတွင်း ထူးခြားဖြစ်စဉ်တွေကို ပြန်လည်သုံးသပ်တာ၊ ၂၀၂၆ ခုနှစ်အတွက် ဖြစ်တန်ခြေတွေကို လေ့လာတာ၊ ၂၀၂၆ ခုနှစ်ကစလို့ မဟာဗျူဟာကျကျ အာရုံစိုက်ပြင်ဆင်သင့်တဲ့ ဦးတည်ရာလမ်းကြောင်းတွေကို တွက်ဆတာ စသည်ဖြင့် ဖော်ပြသွားပါမယ်။ အထောက်အထားဒေတာတွေကို အတတ်နိုင်ဆုံး ဖော်ထုတ်ပြပြီး စဉ်းစားစရာ ဆန်းစစ်ချက်တွေကို ပွင့်လင်းတိပစွာ တင်ပြသွားပါမယ်။

မြန်မာ့အခြေပြစစ်တမ်း (State of Myanmar)
ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆)
၂။ ၂၀၂၅ ခုနှစ်အတွက် ပြန်လည်ဆန်းစစ်ချက်
မြန်မာနိုင်ငံဟာ ကျဆုံးနိုင်ငံဖြစ်သွားနိုင်ခြေရှိတဲ့ အကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီး မြန်မာ့ပဋိပက္ခရဲ့ ဘေးထွက်ဆိုးကျိုးဟာ ဒေသတွင်းနိုင်ငံတွေအတွက်သာမက ကျယ်ပြန့်တဲ့ နိုင်ငံတကာကိုပါ သက်ရောက်နေတာပါ။ မြန်မာ့အကျပ်အတည်းကို လေ့လာတဲ့အခါ လူသားဘ၀လုံခြုံမှုအခြေအနေ (human security) သမိုင်းတွင်အောင် ကျဆင်းနေတာနဲ့ တိုင်းပြည်မှာ ထီးပြိုင်နန်းပြိုင်အခြေအနေတွေ တရားဝင်မဟုတ်စေကာမူ လျစ်လျူရှုလို့ မဖြစ်နိုင်အောင် အပြိုင်းအရိုင်း ပြိုကွဲပေါ် ထွန်းလာတာကို သုံးသပ်ကြည့်နိုင်ပါတယ်။ လူသားဘ၀လုံခြုံမှုကို ပဋိပက္ခရဲ့ ဦးတည်လမ်းကြောင်း၊ ပဋိပက္ခအခြေပြုစီးပွားရေး (conflict economy)နဲ့ လူသားစာနာအကျပ်အတည်း (humanitarian crisis) တွေကို ထောက်ရှုပြီး လေ့လာနိုင်ပါတယ်။
၂(က)။ ပဋိပက္ခ
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ပဋိပက္ခလမ်းကြောင်းမှာ ပဋိပက္ခဖြစ်ပွားမှု အရေအတွက်ကြိမ်နှုန်း (frequency) ကျဆင်းလာပြီး ပဋိပက္ခရဲ့ လွန်ကြူးကြမ်းကြုတ်မှု (intensity) သဘောသဘာ၀တွေကတော့ ပိုပြင်းထန်လာတာ တွေ့ရပါတယ် [ISP ဒေတာအချက်အလက် ၁/၂၀၂၆ (ISP-DM2026-001) နှင့် ISP ညွှန်းပြမြေပုံ ၁/၂၀၂၆ (ISP-M2026- 001) တို့ကိုရှုပါ]။


တချိန်တည်းမှာ ပဋိပက္ခဟာ တိုက်ပွဲ (battle)တွေအဆင့်မှာ ဗုံလုံတလှည့် ငါးပျံတလှည့် ဖြစ်နေနိုင်သေးပေမဲ့ စစ်ပွဲ (war) အဆင့်မှာတော့ တဖက်ဖက်က အပြတ်မနိုင်တော့တဲ့၊ ဘယ်သူမှ ယတိပြတ်မရှုံးနိုင်တော့ဘူး (stalemate) ဆိုတဲ့ အခြေဆိုက်သွားပြီလို့ သုံးသပ်နိုင်ပါတယ်။ ဒီသုံးသပ်ချက်ဟာ အကြောင်းရင်း သုံးရပ်အပေါ် အခြေခံပါတယ်။
( ၁ ) ISP-Myanmar က ထောက်ပြခဲ့သလိုပဲ စစ်တပ်ဟာ ‘တပ်ကို ကိုင်လှုပ်ခဲ့တဲ့ ၁၀ လတာရှော့ခ်’ကို ကျော်လွန်ခဲ့ပြီလို့ သုံးသပ်နိုင်ပါတယ်။ စစ်တပ်ဟာ သူ့ရဲ့အားနည်းချက် (ဗဟိုပြိုရင် တိုင်းပြည်ပြိုမယ်ဆိုတာ) ကို လက်နက်အဖြစ် (weaponizing the weakness) သုံးပြီးတော့ တရုတ်နိုင်ငံရဲ့အကူအညီနဲ့ လက်ရှိအကျပ်အတည်းထဲက ထွက်ပေါက်ရှာခဲ့တာ တွေ့ရပါတယ် [ISP ဒေတာအချက်အလက် ၁၇၃/၂၀၂၅ (ISP-DM2025-173) ကိုရှုပါ]။

ဒီလိုအခြေဆိုက်ရတာကို တရုတ်နိုင်ငံရဲ့ ကျောထောက်နောက်ခံပေးမှုကိုပဲ လက်ညှိုးထိုးနေရင်လည်း မပြည့်စုံနိုင်ပါဘူး။ မြန်မာစစ်တပ်ဟာ မကြုံစဖူး အားနည်းချည့်နဲ့သွားပေမဲ့ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မလူသစ်စုဆောင်းတာ၊ လေကြောင်းစွမ်းရည်ကို သိသိသာသာ ထိရောက်အောင် မြှင့်တင်လာတာ၊ စစ်ဆင်ရေးလိုအပ်ချက်နဲ့အညီ အမိန့်ပေးစနစ်ကို ဖြေလျှော့ပြီး အဆင့်ဆင့် လုပ်ပိုင်ခွင့်ပိုပေးလာတာ အစရှိတဲ့ စစ်တပ်ဘက်က မဟာဗျူဟာမြောက် လိုက်လျောညီထွေ ပြင်ဆင်နိုင်စွမ်း (strategic adaptability) ရှိလာတာတွေကြောင့်လည်း စစ်ရေးမှာ အရှိန်အဟုန်ပြန်တင်လာနိုင်တာကို သတိပြုရမှာပါ။
( ၂ ) တော်လှန်ရေးအင်အားစုတွေဟာ သမိုင်းတွင်အောင် နယ်မြေစိုးမိုးမှု၊ စစ်ရေးအရ မနိုင်စဖူး အနိုင်ထူးခဲ့ပေမဲ့ လက်ရှိစစ်တပ်အစား ပိုမိုကောင်းမွန်တဲ့ တခြားရွေးချယ်စရာနဲ့ အစားမထိုးနိုင်တာ တွေ့ရပါတယ်။ စစ်ရေးအောင်မြင်မှုကို နိုင်ငံရေးအရ နိဂုံးမချုပ်နိုင်ရင်၊ အင်စတီကျူးရှင်းဘောင်ဝင်တဲ့ အကျိုးကျေးဇူးတခုခု (institutionalized gains) အဖြစ် မပြောင်းလဲနိုင်ရင် တိုက်ပွဲတွေမှာ ဗုံလုံတလှည့် ငါးပျံတလှည့် ဖြစ်နေနိုင်သေးပေမဲ့ စစ်ပွဲအဆင့်မှာတော့ ဘယ်သူမှ ယတိပြတ်မရှုံးနိုင်တော့ဘူးဆိုတဲ့ အခြေဆိုက်တော့တာပါပဲ။ ဒါ့အပြင် ‘စစ်ဆင်ရေး ၁၀၂၇’ (အထူးသဖြင့် ဒုတိယလှိုင်းအလွန်) နောက်ပိုင်းအခြေအနေတွေက စစ်ရေးမဟာမိတ်ဖွဲ့မှု သက်သက်ဟာ အကန့်အသတ်ရှိတယ်။ စစ်ရေးထိုးစစ်ဆင်ရာမှာ ညှိနှိုင်းပေါင်းစပ်နိုင်ပေမဲ့ စိုးမိုး၊ ထိန်းချုပ်လာနိုင်တဲ့ နယ်မြေဒေသ တခုနဲ့တခု မတူညီမှု၊ ဒေသအတွင်း တင်ကူးရှိထားတဲ့ လူမျိုးရေး၊ ဘာသာရေးတင်းမာမှု၊ ပဋိပက္ခစီးပွားရေးနဲ့ ကျောထောက်နောက်ခံပြုထားတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားပေးပုံမတူညီမှုစတာတွေကြောင့် ဘုံရန်သူစစ်တပ် ပြုတ်ကျရေးဆိုတဲ့ ကြွေးကြော်သံကလွဲလို့ ဒေသခံပြည်သူတွေ လက်ခံနိုင်ဖွယ် အုပ်ချုပ်ရေးအစီအမံနဲ့ ‘မူ’ အပေါ် အခြေခံတဲ့ ညှိနှိုင်းဆွေးနွေးရေး စတဲ့ နိုင်ငံရေးထိုးစစ်တွေ တွဲဖက်ပါမလာတာဟာ အဓိက သင်ခန်းစာတရပ်အဖြစ် ဆင်ခြင်နိုင်ပါတယ်။ ဒါ့အပြင် ခံစစ်ကို ကြုံရပုံမတူတာ၊ ခံစစ်အတွက် ပေါင်းစပ်ပြင်ဆင်မှု အားနည်းတာတွေကို ညီနောင်သုံးဖော်ရဲ့ အတွေ့ အကြုံမှာ သတိပြုနိုင်ပါတယ်။ ဒါကို သင်ခန်းစာမယူဘဲ စစ်ရေးမဟာမိတ်ဖွဲ့စည်းရေးကိုပဲ အဆတိုးပြီး အားသွန်တွန်းနေမယ်ဆိုရင် ရေလိုက်လွဲသလို ဖြစ်နေဖွယ်ရှိပါတယ်။
အခြားတဖက်ကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ရဲ့ နိုင်ငံရေးမဟာမိတ်ဖွဲ့မှုတွေကိုကြည့်ရင်လည်း မီးတောက်က နည်းနည်း၊ မီးခိုးအူထွက်နေတာ များများဆိုသလို ရှုမြင်ရပါတယ်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကနေ အဓိက အင်အားကြီးတဲ့အဖွဲ့တွေ ထွက်ခွာကုန်ကြတာ၊ K2C-NUG စုဖွဲ့မှုမှာလည်း သဘောတူညီချက်တွေ မပြီးပြတ်ဖြစ်နေတာ၊ Joint Coordination Body (JCB) အဖြစ် ထပ်ဖွဲ့ရာမှာလည်း နိုင်ငံတကာဆက်ဆံရေးမှာ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံနဲ့ အဖုအထစ်ဖြစ်တာ၊ အရှေ့မြောက်နဲ့ အနောက်ပိုင်း EAOs အဖွဲ့တွေ ပါဝင်မှုမရှိတာ၊ NUG မပါဘဲဖွဲ့တဲ့ Multi-Ethnic Council (MEC) အပြင်၊ NUG က နှိုးဆော်တဲ့ Federal Supreme Council (FSC) လည်း ထပ်ပေါ်လာဖို့ရှိတာ စသည်ဖြင့် တပ်ပေါင်းစုကက်တလောက် ပြုစုရမယ့်သဘောဖြစ်ပါတယ်။ စုဖွဲ့မှုပလက်ဖောင်းများတာ ပြဿနာမဟုတ်ဘူးလို့ဆိုရင်တောင် စုဖွဲ့မှုတွေအကြား ပေါင်းစပ်ညှိနှိုင်းနိုင်မယ့် စနစ်မရှိတာကလည်း အဓိကအားနည်းချက် ဖြစ်နေပါတယ်။ စုဖွဲ့မှုပလက်ဖောင်းနဲ့ ပေါင်းစပ်ညှိနှိုင်းမှုကိစ္စသာမက ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter-FDC)၊ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ (The Articles of Federal Transitional Arrangement-AFTA) စသည်ဖြင့် နိုင်ငံရေးမျှော်ရည်ချက်နဲ့ လုပ်ငန်းစဉ်တွေဟာလည်း အခုထက်ထိ ပီပီပြင်ပြင် အကောင်အထည်မဖော်နိုင်သေးတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။
သမိုင်းတလျှောက် မြန်မာ့တော်လှန်ရေးအဖွဲ့တွေရဲ့ နိုင်ငံရေးမဟာမိတ်စုဖွဲ့မှုမှာ သီးသန့်အဖွဲ့အစည်း တခုချင်းအပေါ် အခြေပြုပေါင်းစပ်လို့ မဟာမိတ်ဖွဲ့မှုမျိုးသာရှိခဲ့ပြီး ၂၀၂၁ နွေဦးတော်လှန်ရေးနောက်ပိုင်းမှာတော့ အဖွဲ့အစည်းအချင်းချင်း ပေါင်းတာမဟုတ်ဘဲ ဖက်ဒရယ်ယူနစ်တွေအပေါ် မူတည်ပေါင်းစည်းရေးဆိုတဲ့ စုဖွဲ့မှုမျိုးကို KNU (ကဦးဆောင်ပြီး)၊ KNPP၊ CNF နဲ့ NUG တို့က ကြံဆအားထုတ်လာကြတာ တွေ့ရပါတယ်။ ဒါဟာ အဖွဲ့အစည်းအချင်းချင်းအကြား မဟာမိတ်ဖွဲ့မှုမျိုး မဟုတ်ဘဲ အားလုံးစုပေါင်း (coming together) နိုင်ငံသစ်တခုတည်ထောင်မယ့် ပုံစံမျိုး ပိုဆန်ပါတယ်။ ဒီလိုပုံစံမျိုး အကောင်အထည်ပေါ်ဖို့ ပြည်တွင်းနိုင်ငံရေးနဲ့ ပထဝီနိုင်ငံရေး ရေခံမြေခံ ရှိမှရှိသေးရဲ့လား၊ အခါနှောင်းပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အကြောင်းကတော့ ဒီလိုပုံစံမျိုး အကောင်အထည်ပေါ်ဖို့ အာဏာလက်ကိုင်ရှိထားတဲ့ စစ်တပ်ရဲ့ စစ်ရေးအရင်းအမြစ်အပါအဝင် ကျန်အားသာချက်တွေ (incumbent advantages) ကို မဖြတ်တောက်နိုင်တာ၊ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာရဲ့ ပထဝီနိုင်ငံရေးစိတ်ဆန္ဒ (geopolitical appetite) မရှိတာ၊ အရှေ့မြောက်နဲ့ အနောက်ပိုင်းအင်အားကြီး EAOs တွေအနေနဲ့ အားတက်သရော ပါဝင်မှုမရှိတာ၊ တပ်ဦးကနေ စံနမူနာပြဖော်ဆောင်မယ့် K2C-NUG အချင်းချင်းကြားမှာကို သဘောတူဖို့ ခက်နေသေးတာတွေကြောင့် ဒီမိုဒယ်အသစ်ဟာ ‘အလှမ်းကျယ် အလယ်လပ်’ ဖြစ်နေသလား သုံးသပ်စရာပဲ ဖြစ်ပါတယ်။ ဒီလိုနိုင်ငံရေးဇာတ်မျောကြီး တာရှည်လာလေလေ စစ်တပ်က NUG နဲ့ ဗမာ PDFs/LDFs တွေကို နိုင်ငံရေးဆွေးနွေးဖက် (dialogue partner) အဖြစ်နဲ့ မသတ်မှတ်ဘဲ EAOs တွေကိုသာ စစ်ရေးဖိအား၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားနဲ့တွဲပြီး အပစ်အခတ်ရပ်စဲရေးလမ်းကြောင်းပေါ် တဖွဲ့စီ ဆွဲတင်သွားနေတာ မြင်ရပါတယ်။
( ၃ ) အမေရိကန်ပြည်ထောင်စုရဲ့အခန်းကဏ္ဍ သိသိသာသာလျော့ကျသွားချိန်မှာ တရုတ်နိုင်ငံက အင်နဲ့အားနဲ့ ပိုမိုပါဝင်စွက်ဖက်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့အောင်ပွဲအရှိန်ကို တန့်စေခဲ့တာ၊ စစ်ကောင်စီကို ကျားကန်ပေးလာတာ စတဲ့အချက်တွေကြောင့် မြန်မာ့ပဋိပက္ခဟာ ယတိပြတ်အဖြေမထွက်နိုင်တော့တဲ့ အခြေအနေဆိုက်သွားရတာပါ။ ဒီအချက်ကိုတော့ ထီးပြိုင်နန်းပြိုင်အခြေအနေ အကြောင်းအရာနဲ့ဆက်စပ်ပြီး နောက်ပိုင်းမှာ အသေးစိတ် ဆွေးနွေးသွားပါမယ်။
၂(ခ)။ ပဋိပက္ခစီးပွားရေး
ပဋိပက္ခရဲ့ ဦးတည်ရာလမ်းကြောင်းက ယတိပြတ်အဖြေမထွက်ပေမဲ့ ပဋိပက္ခက ပိုကြမ်းကြုတ် (intensity) ပြင်းထန်လာလို့ လူသားဘ၀လုံခြုံရေး ကျဆင်းရသလို၊ ပဋိပက္ခစီးပွားရေးကလည်း လူသားဘ၀လုံခြုံရေး ထိုးစိုက်ဆင်းနေတာကို ဖော်ပြနေပါတယ်။ ပဋိပက္ခစီးပွားရေးမှာ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုပါမြောက်တဲ့ စီးပွားရေး (illicit economy) နဲ့ ပုံမှန်မဟုတ်တဲ့စီးပွားရေး (informal economy) ဆိုပြီး နှစ်မျိုးခွဲခြားပါတယ်။ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုပါမြောက်တဲ့ စီးပွားရေးမှာ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်၊ ကူးသန်းမှု၊ ကျားဖြန့်အွန်လိုင်းငွေလိမ်မှုနဲ့ လူကုန်ကူးမှုတွေ အဓိကပါဝင်ပါတယ်။ မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိမှုမှာ ကမ္ဘာ့အဆင့်တစ် ဖြစ်လာပြီး ကျားဖြန့်နဲ့ လူကုန်ကူးကျွန်ပြုမှုတွေမှာလည်း ကမ္ဘာ့သတင်းခေါင်းစဉ်နိုင်ငံ ဖြစ်လာနေပါတယ်။ ဒီပြဿနာတွေဟာ ချည့်နဲ့နိုင်ငံဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးနဲ့ လုံခြုံရေးအရင်းခံအကြောင်းတွေကြောင့် ဖြစ်နေရတာမို့ တရားဥပဒေစိုးမိုးမှု ရှုထောင့်တခုတည်းကနေ ချေမှုန်းဖမ်းဆီးလုပ်ရုံနဲ့ ပြေလည်မသွားဘူး၊ အရင်းခံပြဿနာကိုပါ တွဲဖက်ဖြေရှင်းတဲ့ ချဉ်းကပ်မှု လိုအပ်ပါတယ်။ မဟုတ်ရင် မိကျောင်းခေါင်းထုကစားပွဲလို ဒီမှာထု၊ ဟိုဘက်မှာ ပြူထွက်ပေါ် ဆိုတာမျိုး ဖြစ်နေမှာပါပဲ [ISP ညွှန်းပြမြေပုံ ၂/၂၀၂၆ (ISP-M2026-002) ကိုရှုပါ]။

နိုင်ငံတော်ရဲ့ စည်းနှောင်မှုနဲ့ မဆိုင်တဲ့၊ ပုံမှန်မဟုတ်တဲ့ ပဋိပက္ခစီးပွားရေးကဏ္ဍမှာတော့ မြေရှားသတ္တုတူးဖော်ရေးလိုကိစ္စက အရေးပါပါတယ်။ မြန်မာဟာ HREE လို့ခေါ်တဲ့ လေးလံမြေရှား ထုတ်လုပ်မှုမှာ အများဆုံးနိုင်ငံတခု ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကစလို့ တရုတ်နိုင်ငံကို မြေရှားတင်ပို့မှုဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံရှိပြီး ဒီထဲမှာမှ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တင်ပို့မှုဟာ စုစုပေါင်းပမာဏရဲ့ ၈၆ ရာခိုင်နှုန်း (၄ ဒသမ ၂ ဘီလီယံဖိုး) ဖြစ်ပါတယ်။ ၂၀၁၉ ကနေ ၂၀၂၄ အထိ တရုတ်နိုင်ငံရဲ့ မြေရှားတင်သွင်းမှု ထက်ဝက်ကျော်ဟာ မြန်မာနိုင်ငံက ဖြစ်ပါတယ် [ISP ဒေတာအချက်အလက် ၂/၂၀၂၆ (ISP-DM2026-002) ကိုရှုပါ]။

၂၀၂၄ ခုနှစ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က စစ်တပ်ရဲ့မိတ်ဖက် ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ မြေရှားသတ္တုတွင်းဒေသတွေအားလုံးကို သိမ်းပိုက်လိုက်တဲ့အတွက် ၂၀၂၅ မှာ မြေရှားတူးဖော်မှု လျော့ကျခဲ့ပါတယ်။ မြေရှားတူးဖော်မှု သဘောတူစာချုပ်ဟောင်းတွေကို ဆက်ပြီးလက်ခံလိုက်နာဖို့ KIA ကို တရုတ်က ဖိအားပေးမှုတွေ ရှိခဲ့ပါတယ်။ ဒီကိစ္စဟာ တရုတ်နိုင်ငံရဲ့ ပထဝီနိုင်ငံရေးစဉ်းစားချက်မှာ အဓိကကျတဲ့ အရေးအရာတခု ဖြစ်လာပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေအတွက် (အထူးသဖြင့် ကချင်ပြည်နယ်က ဒေသခံတွေအတွက်) ကတော့ သဘာ၀ပတ်ဝန်းကျင်ထိခိုက်တဲ့ ဘေးထွက်ဆိုးကျိုး တသီတတန်းကြီးဖြစ်ရုံမက ဒီစီးပွားရေးကြောင့် စစ်ပွဲပဋိပက္ခ တွေ ပိုတိုးလာခဲ့ပါတယ်။
၂(ဂ)။ လူမှုစီးပွားဒုက္ခနှင့် လူသားစာနာအရေးပေါ်အခြေအနေ
၂၀၂၅ ခုနှစ်အတွင်း လူသားဘ၀လုံခြုံရေးကို ကျဆင်းစေတဲ့ အခြားအကြောင်းရင်းကြီးတခုကတော့ တိုင်းပြည်ရဲ့ လူမှုစီးပွား ထိုးစိုက်ကျဆင်းတာနဲ့ ပြည်သူလူထုမှာ လူသားစာနာဘေးကို ကြီးမားစွာ ခံစားရတာပါပဲ။ တိုင်းပြည်ရဲ့ GDP ဟာ ကျုံ့သွားပြီး အနုတ် ၂ ဒသမ ၇ ဖြစ်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဆိုပါတယ်။ ၂၀၂၀ ပြည့်နှစ်ကနေ စတွက်ရင် အာဏာသိမ်းမှုနောက်ပိုင်း GDP ကျုံ့သွားတာ ၁၆ ရာခိုင်နှုန်း ရှိတယ်လို့ Economist Intelligence Unit (EIU) က တွက်ချက်ပြပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးပြီးချင်း ပထမနှစ်မှာတင် GDP ဟာ ၁၄ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျုံ့သွားတယ်လို့ EIU ဒေတာက ပြပါတယ်။ GDP ကျုံ့သွားတဲ့အတွက် ပြည်သူတွေမှာ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးတာ၊ ဝင်ငွေ နည်းပါးသွားတာ၊ ချွေတာခြစ်ကုတ်လာရတာ၊ စီးပွားရေး လုပ်ခင်းကိုင်ခင်း မရှိတော့တာ၊ ချေးငွေတွေရဖို့ ခက်လာတာ၊ ပြည်သူ့ဝန်ဆောင်မှုတွေ ပြတ်တောက်တာ စတဲ့ ဒုက္ခတွေကို ရင်ဆိုင်ခဲ့ကြရပါတယ်။ တိုင်းပြည်ရဲ့ ငွေကြေးဖောင်းပွမှုကို ကြည့်ရင်လည်း ၂၀၂၅ ခုနှစ်အတွင်း ၃၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ဖော်ပြပြီး EIU ကတော့ စားသုံးသူဈေးဆနှုန်း (CPI) ၃၈ ဒသမ ၃ ရာနှုန်း ရှိခဲ့တယ်လို့ တွက်ချက်ပါတယ်။ အကျိုးဆက်အနေနဲ့ ကုန်စျေးနှုန်းတွေ မတန်တဆ ကြီးခဲ့ပါတယ်။
ပဋိပက္ခမီးမသေဘဲ ပြင်းထန်နေမှု၊ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ အဓမ္မစစ်မှုထမ်းဥပဒေနဲ့ စစ်ဘေးကြောင့် အစုအပြုံလိုက် ရွှေ့ပြောင်းမှုတွေဖြစ်လာပြီး ကျွမ်းကျင်လုပ်သား ရှားပါးမှု၊ လျှပ်စစ်မီး စတဲ့ စွမ်းအင်ပြတ်တောက်မှုတွေကြောင့် စီးပွားရေးဟာ အခုလို ကျပ်တည်းကြုံလှီ ဖြစ်နေရတာပါ။ ဒီကြားထဲ အလွဲလွဲအချော်ချော် စီးပွားရေးစီမံခန့်ခွဲမှုနဲ့ ကုန်သွယ်ရေးလိုငွေပြမှု ဖြစ်လာတဲ့အခါ ပြည်ပသွင်းကုန်တွေ ကန့်သတ်တာ၊ ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အိမ်ပြန်ပို့ငွေ (remittances) ရနိုင်ဖို့ နည်းပေါင်းစုံ သုံးခဲ့တာ၊ နိုင်ငံခြားငွေလဲနှုန်းတွေကို ထိန်းချုပ်ပြီး နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ကုန်စည်တွေကို ထိန်းချုပ်ကန့်သတ်တာတွေ လုပ်ခဲ့ပါတယ်။ စစ်ကော်မရှင်ရဲ့ စီးပွားရေးမူဝါဒကျင့်သုံးမှုဟာ စီးပွားရေးစနစ်ကြီးတခုလုံး အလျဉ်ပြတ်စေတဲ့အပြင် ကမောက်ကမပေါင်းစုံလည်း ဖြစ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် ကုန်သွယ်ရေးလမ်းမကြီးတွေ အပိုင်းပိုင်းပြတ်တောက်ခဲ့ပြီး တရားဝင်ကုန်စည်စီးဆင်းမှုတွေဟာ ကာလရှည် ရပ်ဆိုင်းကုန်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအရှေ့မြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ဖိအားပေးဖို့ တရုတ်နိုင်ငံကလုပ်ဆောင်ခဲ့တဲ့ ရေဖြတ်၊ မီးဖြတ်၊ အင်တာနက်ဖြတ်၊ ထောက်ပို့ဖြတ်၊ နောက် လူအင်အားဖြတ်ဆိုတဲ့ ‘ဖြတ်ငါးဖြတ်’နည်းဗျူဟာကလည်း ကုန်သွယ်စီးပွားပြတ်လပ်မှုတွေအပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိခဲ့ပါတယ်။ စစ်ကိုင်း-မန္တလေး ငလျင်ကြီးကြောင့် နာလန်မထူနိုင်သေးတဲ့ ပြည်သူတွေဟာ ဒီအခြေခံ စားသုံးကုန်ပြတ်လပ်မှုကြောင့် တပူပေါ်နှစ်ပူဆင့် နင့်သီးခံစားရပါတယ်။ ISP-Myanmar ရဲ့ သုတေသနစစ်တမ်းအရ အများဆုံးပြတ်တောက်မှုကတော့ လူသုံးကုန်ပစ္စည်းနဲ့ အခြေခံစားသောက်ကုန်တွေ ဖြစ်ပါတယ်။ ဆေးဝါးပြတ်လပ်မှုကတော့ ပြည်သူတွေအတွက် အဓိကပူပန်သောကရောက်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ စစ်တမ်းအရ ကုန်သွယ်လမ်းကြောင်း ပိတ်ဆို့မှုတွေကြောင့် ပြည်ပသွင်းကုန် ပြတ်လပ်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့သူက ၈၅ ရာခိုင်နှုန်းရှိပါတယ်။ လူတထောင်မှာ ၈၅၀ ဦးက ဒီပြဿနာတွေကို ရင်ဆိုင်ခဲ့ရတာပါ။ စစ်တမ်းမှာ ပါဝင်သူ မိသားစု ၉၂ ရာခိုင်နှုန်းဟာ ဒီပြတ်တောက်မှုတွေရဲ့ဒဏ်ကို ခံခဲ့ရတယ်လို့ ဖြေဆိုကြပါတယ် [ISP ဒေတာအချက်အလက် ၃/၂၀၂၆ (ISP-DM2026-003) ကိုရှုပါ]။

စစ်တမ်းအရ ဖြေဆိုသူအများစုက သူတို့ရဲ့ ဒုက္ခတွေကို ကူမယ့်သူမရှိဘူးလို့ဆိုကြပြီး ကိုယ့်အချင်းချင်းပဲ ဖေးမကူညီဖြေရှင်းရတယ်။ ဒေသခံပရဟိတအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့တွေ ကူတန်သလောက်ကူတယ်လို့ ဖြေကြတာလည်း ရှိပါတယ်။ EAOs လိုအဖွဲ့တွေ၊ PDFs နဲ့ LDFs တွေက ကူညီမှုရှိတယ်လို့ ဖြေဆိုသူ အနည်းငယ်ရှိပါတယ်။ စစ်ကော်မရှင်အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အကူအညီရတယ်လို့ ဖြေဆိုသူကတော့ အနည်းဆုံးပါပဲ။ အကျိုးဆက်အားဖြင့် ပြည်သူတွေဟာ လျှော့ပေါ့စားသုံး ချွေတာရပါတယ် [ISP ဒေတာအချက်အလက် ၁၉၂/၂၀၂၅ နှင့် ၁၉၃/၂၀၂၅ (ISP-DM2025-192 & 193) တို့ကိုရှုပါ]။


ဒီကြားထဲမှာတောင် အကြွေးကင်းတယ်ဆိုတာမရှိ ဆိုတာမျိုး ကြုံနေကြရပါတယ်။ ဒါ့အပြင် နှစ်လုံး၊ သုံးလုံး၊ စလော့ဂိမ်းလိုမျိုး လောင်းကစားလုပ်ငန်းတွေကလည်း ထွက်ပေါက်လို လုပ်နေကြတော့ အကြွေးနွံထဲ ထပ်ပြီးနစ်ရပြန်ပါတယ်။ အဆိုးဆုံးကတော့ မကောင်းဘူးဆိုတာ ကိုယ်ကိုယ်တိုင်က သိသိနဲ့ ရရာအလုပ်တွေကို လုပ်လာရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဥပမာတခုနဲ့ပြောရမယ်ဆိုရင် ကျားဖြန့်လုပ်ငန်းဆိုတာ ငွေလိမ်ဂိုဏ်းမှန်းလည်း သိတယ်၊ လူမဆန်တဲ့ ဒုစရိုက်လုပ်ငန်းဆိုတာလည်း သိတယ်။ ဒီလို သိသိကြီးနဲ့ကို ကျားဖြန့်လုပ်ငန်းတွေဆီ ကိုယ်တိုင်ကိုယ်ကျ သွားပြီးတော့ ရွေးချယ်လုပ်ရတဲ့အထိ ဖြစ်ရပ်တွေ တိုးလာနေပါတယ်။ အရင်ကဆိုရင် “ဖားကန့်မှာ လူတွေ စုနေပြီ”၊ အခုဆိုရင် “ကျားဖြန့်မှာ လူတွေ စုနေပြီ” လို့တောင် ပြောလို့ရတဲ့အထိ မီးထဲတိုးနေကြရတဲ့ ဘ၀မျိုးတွေပါ။ ဒါနဲ့တဆက်တည်းပဲ ပြည့်တန်ဆာလိုမျိုးတွေ၊ date girl လိုမျိုး အလုပ်တွေ၊ ဒီလိုအလုပ်တွေကိုလည်း အရွယ်သုံးပါးမရွေး လုပ်လာကြရပါတယ်။ ပဋိပက္ခပြင်းထန်ဒေသတွေမှာဆိုရင် တချို့မိဘတွေဟာ အသက်မပြည့်သေးတဲ့သူတို့ရဲ့ သားသမီးတွေကို KTV မှာ အလုပ်လုပ်ဖို့ဆိုပြီး ပို့လိုက်ကြတယ်ဆိုတဲ့ အထောက်အထားတွေ ပိုထွက်ပေါ်လာပါတယ်။ မိသားစုလိုက် ကိုယ့်ကိုယ်ကိုယ်သေကြောင်းစီရင်မှုတွေလည်း ၂၀၂၅ ခုနှစ်ထဲမှာ အဖြစ်များလာပါတယ်။ ISP-Myanmar က ကောက်ယူခဲ့တဲ့စစ်တမ်းမှာလည်း သူတို့ရဲ့ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုတွေ တိုးလာတယ်လို့ဖြေတဲ့သူ ခုနစ်ရာခိုင်နှုန်း (၇၄ ဦး)ရှိခဲ့ပါတယ်။ DVB သတင်းဌာနက ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေမှာတော့ ၂၀၂၅ တနှစ်တည်းမှာတင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သူ ၈၆ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်သတ်သေသူအများစုက အသက် ၁၉ နှစ်ကနေ ၂၅ နှစ်အကြား လူငယ်တွေ ဖြစ်နေပါတယ်။
ဒါတွေကိုကြည့်ရင် ပြည်သူလူထုအနေနဲ့ စစ်ဘေးဒဏ်၊ ငလျင်ဘေးဒဏ်၊ လူမှုစီးပွားနဲ့ လူသားစာနာဒုက္ခတွေကို အားကိုးစရာမရှိသလောက်နီးနီးဘ၀နဲ့ နင့်နင့်သီးသီး ခံစားနေရတယ်။ လူမှုစီးပွားအခြေအနေ ဒုက္ခနဲ့ လူသားစာနာ အရေးပေါ်အခြေအနေအကြားမှာ သားထားတဲ့မျဉ်းဟာ ပါးသထက်ပါးလာပါတယ်။ ဒီအရေးနှစ်ခုဟာ ခွဲစဉ်းစားရနိုင်တာမျိုး မရှိတော့ဘဲ စစ်မှုထမ်းပေါ်တာဆွဲတာ ကြမ်းလာတဲ့အခြေအနေမျိုး၊ ငလျင်ဘေးလို ကပ်ဘေးအခြေအနေမျိုးအောက်မှာ လူမှုစီးပွားဒုက္ခဟာ လူသားစာနာ အရေးပေါ်အခြေအနေအဖြစ် အလျင်အမြန် ပြောင်းလဲသွားတာကို သတိပြုနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ နှစ်ဆန်းမှာ အပြောများခဲ့တဲ့ နယ်မြေအလိုက်ကိုယ်ပိုင်အုပ်ချုပ်ရေး (territorial self-governance or resistance governance or local governance) ဆိုတာလည်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေအောက်မှာ၊ နိုင်ငံတကာအကူအညီတွေ အားနည်းသွားတဲ့ အနေအထားအောက်မှာ (စနစ်တရပ်လို ပုံပေါ်အောင်တည်ဆောက်နိုင်မယ့် ပြည်သူ့ဝန်ဆောင်မှုပေးရေး၊ တရားစီရင်ရေးတွေအဖြစ်) ဖြစ်ထွန်းဖို့ ခက်ခဲလာပါတယ်။ အုပ်ချုပ်ရေးအကူအညီအစား လူသားစာနာအကူအညီရရှိရေး အခြေအနေကို အထိုင်ပြန်ဆင်းသွားတဲ့သဘော ဖြစ်ပါတယ်။ ဒါကြောင့် ပဋိပက္ခ၊ ပဋိပက္ခစီးပွားရေးနဲ့ လူမှုစီးပွား၊
လူသားစာနာ အကျပ်အတည်းတွေက တိုင်းပြည်ရဲ့ လူသားဘ၀လုံခြုံရေး ထိုးဆင်းကျနေတာကို ပေါ်လွင်စေတယ်၊ ကျဆုံးနိုင်ငံဖြစ်သွားနိုင်ခြေအတွက် အညွှန်းကိန်းတခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
၂(ဃ)။ ထီးပြိုင်နန်းပြိုင်အခြေအနေနှင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ
ကျဆုံးနိုင်ငံဖြစ်သွားနိုင်ခြေအတွက် နောက်ထပ်အကျပ်အတည်း အညွှန်းကိန်းတခုကတော့ တိုင်းပြည်မှာ ထီးပြိုင်နန်းပြိုင်အခြေအနေတွေ တရားဝင်မဟုတ်စေကာမူ လျစ်လျူရှုလို့ မဖြစ်နိုင်အောင် အပြိုင်းအရိုင်း ပြိုကွဲပေါ်ထွန်းလာနေတာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို အထင်ရှားစေဆုံးအချက်ကတော့ မြန်မာစစ်တပ်ရဲ့ နယ်မြေထိန်းချုပ်နိုင်စွမ်းဒေတာကိုကြည့်ရင် သိသာပါတယ်။ ISP-Myanmar ရဲ့ သုတေသနအရ EAOs နဲ့ PDFs အဖွဲ့အသီးသီးတို့ဟာ တိုင်းပြည်ရဲ့ ၃၇ ဒသမ ၈၄ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတာ တွေ့ရပါတယ် [ISP ညွှန်းပြမြေပုံ ၃/၂၀၂၆ (ISP-M2026-003) ကိုရှုပါ]။

ဒီထိန်းချုပ်မှုတွေဟာ နယ်စပ်ဒေသတလျှောက်မှာဖြစ်လို့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်စိုးရေးရှုထောင့်အရ ယုတ်လျော့မှုဖြစ်နေတဲ့သဘောပါပဲ။ စစ်တပ်အနေနဲ့ နယ်မြေထိန်းချုပ်မှုရှိစေကာမူ အုပ်ချုပ်ရေးအာဏာစက် မထူထောင်နိုင်တဲ့ နယ်မြေတွေကိုပါ ပေါင်းလိုက်ရင် တိုင်းပြည်ရဲ့ထက်ဝက်နီးပါးဟာ ‘တဗိုလ်တမင်း၊ တတော တကြက်ဖ’ဖြစ်နေတာ မြင်သာပါတယ်။ တိုင်းပြည်ရဲ့ အရှေ့မြောက်၊ အရှေ့တောင်၊ အနောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေဟာ ပဋိပက္ခစင်္ကြံတွေဖြစ်နေပုံ၊ ထီးပြိုင်နန်းပြိုင်ဖြစ်နေပုံတွေကို ISP-Myanmar က ‘အို မြောက်ပိုင်းလမ်း…’ခေါင်းစဉ်နဲ့ သုတေသနဆောင်းပါးတွေ အခန်းဆက်ရေးခဲ့ပါတယ်။
တရုတ်နိုင်ငံနဲ့ မြန်မာအကြား အာဏာချိန်ခွင်လျှာ မညီမျှလွန်းတဲ့အတွက် မြန်မာက တရုတ်ကို အင်အားဟန်ချက် ပြန်ထိန်းဖို့နေနေသာသာ ကျန်အင်အားကြီးနိုင်ငံတွေနဲ့ပါ အပြိုင်ခွဆက်ဆံ (hedging) လုပ်ဖို့တောင် မြန်မာမှာ နိုင်ငံတော်စွမ်းအား (state capacity) ရှိမနေပါဘူး။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက မြန်မာကို စွန့်ခွာလာကြချိန်မှာ ဒီဖြစ်နိုင်ခြေဟာ ပိုလို့တောင်မရှိ ဖြစ်ရပါတယ်။ တရုတ်အာဏာစက်ထက်မှုရဲ့ အထင်ရှားဆုံးသာဓကကတော့ ကိုးကန့် MNDAA ဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ သိမ်းယူခဲ့တဲ့ စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရုံးစိုက်ရာ လားရှိုးမြို့ကို တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ၂၀၂၅ ခုနှစ် ဧပြီ ၂၁-၂၃ ရက်မှာ မြန်မာစစ်တပ်လက်ထဲ ပြန်အပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီ ‘လားရှိုးမိုဒယ်’ အတိုင်းပဲ တရုတ်ရဲ့ကြားဝင်မှုကြောင့် တအာင်းပလောင် TNLA ဟာ သူတို့သိမ်းယူထားခဲ့တဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို နိုဝင်ဘာနောက်ဆုံးအပတ်အတွင်း စစ်တပ်ကို ပြန်လွှဲပေးခဲ့ရပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ (၁) ပဋိပက္ခအရှိန်လျှော့ချရေး၊ (၂) ရွေးကောက်ပွဲကတဆင့် တိုက်ရိုက်စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ရေးနဲ့ (၃) ရွေးကောက်ပွဲအလွန် တရုတ်နိုင်ငံက ကမကထလုပ်ပြီး ကြားဝင်ဖျန်ဖြေပေးဖို့ ကြိုးစားမယ်ဆိုတဲ့ သုံးပွင့်တခိုင် မဟာဗျူဟာလုပ်ငန်းစဉ်ကို တွန်းနေတယ်လို့ သုံးသပ်နိုင်ပါတယ်။ ISP-Myanmar က ရေးသားခဲ့ဖူးသလိုပဲ ဒါဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ၂၀၂၄ ခုနှစ် ဩဂုတ်လ (‘တပ်ကို ကိုင်လှုပ်ခဲ့တဲ့ ၁၀ လတာရှော့ခ်’ အကျပ်အတည်းကို နိဂုံးချုပ်ပြီး အသက်ရှူစချောင်စေတဲ့ကာလ) နေပြည်တော်ခရီးစဉ်အပြီးမှာ ဒီသုံးပွင့် တခိုင်လုပ်ငန်းစဉ်ကို လမ်းဖွင့်ပေးခဲ့တယ်လို့ ယူဆရပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ရွေးကောက်ပွဲမတိုင်မီ လက်ခံယုံကြည်လောက်ဖွယ် အပြောင်းအလဲတွေ (pre-election credible measures) လုပ်ဆောင်ဖို့ မြန်မာစစ်တပ်ကို ဖိအားပေးတာမျိုးမလုပ်တော့ဘဲ ရွေးကောက်ပွဲအလွန် အစိုးရသစ်ပေါ်လာမှသာ လက်ခံယုံကြည်လောက်ဖွယ် အပြောင်းအလဲတွေ (post-election credible measures) လုပ်ဖို့ တွန်းအားပေးတာမျိုးရှိမယ်လို့ သုံးသပ်ရပါတယ်။ ဒါမှသာ တရုတ်နိုင်ငံက ကမကထလုပ်ပြီး ရွေးကောက်ပွဲအလွန် ကြားဝင်ဖျန်ဖြေပေးရေးဆောင်ရွက်ရာမှာ မျက်နှာပျက်စရာမလိုတဲ့ လက်ခံလောက်ဖွယ်အခြေအနေမျိုးဖြစ်မှာပါ။ ဒါကြောင့် ရွေးကောက်ပွဲအလွန် ဖြေလျှော့မှုတွေအဖြစ်နဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်များများ ပြန်လွှတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ပြုတာ၊ နေအိမ်အကျယ်ချုပ် ပြောင်းထားတာ၊ ပြည်တွင်းစစ်မှာလည်း စစ်တပ်ဘက်က စပြီးမတိုက်ဘူးဆိုတဲ့ တဖက်သတ်အပစ်အခတ်ရပ်စဲရေးမျိုး ကြေညာတာ၊ ကုန်သွယ်ရေးနဲ့ ဘဏ်ငွေပေးချေမှုလို စီးပွားရေးကဏ္ဍတွေမှာ တင်းကျပ်တာကနေ ဖြေလျှော့မှုတချို့လုပ်ပေးတာ စတဲ့ ဆောင်ရွက်ချက်တွေဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်ရေးအားထုတ်မှုအတွက် အထောက်အကူပြုဖွယ် ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ မြန်မာ့နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ လူမှုရေးနယ်ပယ်က ပုဂ္ဂိုလ်တွေအကြားမှာတော့ တရုတ်နိုင်ငံအပေါ် အပြုသဘောမဆောင်တဲ့ အမြင်တွေ သိသိသာသာ များလာပါတယ်။ ISP-Myanmar က နှစ်စဉ်ပြုလုပ်တဲ့ ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း’ရဲ့ ၂၀၂၄ ခုနှစ်တွေ့ရှိချက်မှာ မြန်မာ့မူဝါဒအသိုက်အဝန်းမှာ တရုတ်နိုင်ငံဟာ အိမ်နီးချင်းကောင်းမဟုတ်ဘူးလို့ ယူဆသူတွေ သိသိသာသာ တိုးလာပါတယ်။ ထူးခြားချက်တခုကတော့ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးမှာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုအဖြစ် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေနဲ့ လုံခြုံရေးကဏ္ဍမှာ တရုတ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုဖြစ်တယ်လို့ အများစုက ဖြေဆိုခဲ့ခြင်းပါပဲ။ ယခင်နှစ်စစ်တမ်းတွေမှာ စီးပွားရေးအရ လွှမ်းမိုးမှုကို အကြီးဆုံးစိန်ခေါ်မှုလို့ ဖြေဆိုခဲ့ကြတာပါ။
မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်နေတယ်လို့ ယူဆသူ ပိုမိုများပြားလာသလို တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အာဏာရှင်စနစ်ဖြစ်စေလိုတယ်လို့ မြင်သူတွေလည်း ပိုများလာပါတယ်။ EAOs တွေအကြားမှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို သြဇာခံနိုင်ငံဖြစ်စေလိုတယ်လို့ ယူဆနေမှု အများဆုံးဖြစ်နေတာကိုလည်း စစ်တမ်းမှာ တွေ့ရပါတယ်။ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့မူဝါဒတွေဟာ လက်တွေ့မကျဘူးလို့ အများစုက ရှုမြင်ကြပါတယ် [ISP ဒေတာအချက်အလက် ၄/၂၀၂၆ ကနေ ၈/၂၀၂၆ (ISP-DM2026-004 to 008) အထိကို ရှုပါ]။



ဒါ့အပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း အကောင်အထည်ဖော်ရေးနဲ့ပတ်သက်ပြီး သဘောမတူသူများပါတယ်။ တရုတ်စီမံကိန်းတွေ ဆက်လက်လည်ပတ်နိုင်စေဖို့၊ တရုတ်စီမံကိန်းတွေကို မထိခိုက်စေဖို့အတွက် EAOs တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ (PDFs/LDFs) ကို တရုတ်ကုမ္ပဏီတွေက ဆက်သွယ်ခဲ့တာလည်း တွေ့ရပါတယ်။
မြန်မာ့အရေး တရုတ်နိုင်ငံရဲ့ ပါဝင်ဆောင်ရွက်ချက်ဟာ အာဆီယံရဲ့ ဘုံသဘောတူချက်ငါးရပ်ဆိုတဲ့ နိုင်ငံစုံ သဘောညီချဉ်းကပ်မူဘောင်ကို အားနည်းသွားစေခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဘုံသဘောတူချက်ငါးရပ်အပေါ် သဘောထားကွဲလွဲစရာ မရှိသလို၊ တရားဝင်လည်း ထောက်ခံထားပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ သူ လွှမ်းမိုးထားနိုင်တဲ့ အာရှဒေသတွင်းမှာ ‘နိုင်ငံစုံသဘောညီချဉ်းကပ်မူဘောင်’ (multilateralism) ကို လိုက်နာဖို့မလိုရင် လိုက်နာဆောင်ရွက်လိုစိတ်မရှိတာ၊ နမူနာကျင့်ထုံးမဖြစ်စေလိုတာ သတိပြုမိနိုင်ပါတယ်။ ဒါကြောင့် မြန်မာ့အရေးမှာ ‘နှစ်နိုင်ငံဆက်ဆံရေးမူဘောင်’ အတွင်းကဖြစ်စေ၊ တရုတ်နိုင်ငံက ဦးဆောင်ချမှတ်တဲ့ ‘အိမ်နီးချင်းနိုင်ငံတွေရဲ့ မူဘောင်’ (ဥပမာ- လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး) အတွင်းကပဲဖြစ်စေ ဆောင်ရွက်မှုကို ဦးစားပေးပါတယ်။ ဒါဟာ တနည်းအားဖြင့် ပထဝီနိုင်ငံရေးမှာ အာဆီယံဗဟိုပြုမှုကို အားနည်းချည့်နဲ့စေတဲ့ရလဒ် ဖြစ်ပေါ်စေပါတယ်။ မြန်မာ့အရေးဟာ အာဆီယံဗဟိုဖြစ်မှုကို အင်အားကြီးနိုင်ငံတွေက ဘယ်လိုသဘောထားလဲဆိုတာ စမ်းသပ်ဖို့ အပေါ်လွင်ဆုံးအရေးပဲ ဖြစ်ပါတယ်။
၃။ ၂၀၂၆ ဖြစ်တန်ခြေဆန်းစစ်ချက်
၂၀၂၆ ခုနှစ်ကစလို့ နောက်သုံးနှစ်လောက်အထိကို အောက်ထစ်ဖြစ်တန်ခြေ (baseline scenario)၊ ကြားဝင်ပြီး လမ်းကြောင်းပြန်တည့်နိုင်မယ့် ဖြစ်တန်ခြေ (intervention scenarios) နဲ့ အဆိုးဆုံး ဖြစ်တန်ခြေ (worst-case scenarios) ဆိုပြီး သုံးမျိုးခွဲ ဆန်းစစ်ပါမယ်။
၃(က)။ အောက်ထစ်ဖြစ်တန်ခြေ
တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာက လမ်းကြောင်းပြန်တည့်ဖို့ မစွမ်းသာတော့ဘူးဆိုရင် အောက်ထစ်ဖြစ်တန်ခြေကတော့
( ၁ ) စစ်တပ်ဟာ ပဋိပက္ခကို စီမံခန့်ခွဲသွားနိုင်မယ်။ မြန်မာ့တော်လှန်ရေး(ဝါ) ပဋိပက္ခဟာ တကြောင်းဆွဲမျဉ်းလို တသမတ်တည်းဖြစ်နေတာမဟုတ်ဘဲ စက်ဝန်းတခုပြီးတခု၊ မျိုးဆက်တွေ လက်ဆင့်ပြောင်း၊ အခင်းအကျင်းတွေပြောင်း၊ နည်းပညာတွေပြောင်း၊ ပထဝီနိုင်ငံရေးဝန်းကျင်တွေပြောင်း စသည်ဖြင့် ဖြစ်နေတာ လေ့လာနိုင်ပါတယ်။ အနီးခေတ်သမိုင်းကို ပြန်ကြည့်ရင်လည်း ၁၉၈၈ ခုနှစ်ကစလို့ တော်လှန်မှုနဲ့ ဖိနှိပ်မှုစက်ဝန်းဟာ သူတင်ကိုယ်တင် အားပြိုင်လွန်ဆွဲလို့ မတိုးသာမဆုတ်သာ (stalemate) အခြေအနေကို ရောက်ခဲ့ပြီဆိုတိုင်း စစ်တပ်ကပဲ စက်ဝန်းကို ဖြတ်တောက်ပြီး ထွက်ပေါက်ရှာသွားတာမျိုး တွေ့ရပါတယ်။ အခုလည်း ၂၀၂၁ အလွန် တော်လှန်မှုနဲ့ ဖိနှိပ်မှု မတိုးသာမဆုတ်သာအခြေအနေကို စစ်တပ်က ၂၀၂၅-၂၆ ရွေးကောက်ပွဲတွေနဲ့ တရုတ်နိုင်ငံရဲ့ အကူအညီကိုယူပြီး စက်ဝန်းဖြတ်တောက် ဖောက်ထွက်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ် [ISP ဒေတာအချက်အလက် ၁၇၄/ ၂၀၂၅ (ISP-DM2025-174) ကို ရှုပါ]။

( ၂ ) စစ်တပ်ဟာ အကြီးအကျယ်စစ်ပန်းနေတဲ့ စစ်သားတွေနဲ့ လူထုထောက်ခံမှုမရှိတဲ့ စစ်ကို ဆင်နွှဲနေရတာမို့ ‘စစ်ဆင်ရေး ၁၀၂၇’တုန်းကလို တောမီးပမာဟုန်းဟုန်း တောက်တဲ့ စစ်မီးပဋိပက္ခမျိုးကို အရှိန်လျှော့ချနိုင်ကောင်းသော်လည်း အကွက်လိုက် ထလောင်နေမှာ၊ တမြည့်မြည့်နဲ့ မီးကြွင်းမီးကျန်တွေ ဆက်ရှိနေမှာကိုတော့ အပြီးတိုင်ငြှိမ်းသတ်နိုင်ဖို့ မလွယ်ပါဘူး။ တနည်းအားဖြင့် ဆုံးရှုံးထားတဲ့နယ်မြေတွေကို ကာလတိုနဲ့ ပြန်ရနိုင်ဖို့ မလွယ်ပါဘူး။ ထီးပြိုင်နန်းပြိုင်တွေ သူတလူ ငါတမင်း (de facto rival power centers) နဲ့ အချုပ်အခြာအာဏာ ဆုတ်ယုတ်တဲ့ ကြုံ လှီနိုင်ငံတော် (diminished statehood) ကိုပဲ စစ်တပ်က အနိုင်အထက်ကျင့်လို့တမျိုး၊ ကုလားဖန်ထိုးလို့တဖုံ ဆက်အုပ်ချုပ်ဖို့ ခက်ခက်ခဲခဲ အားထုတ်နေရဦးမယ်လို့ ဆန်းစစ်နိုင်ပါတယ်။
( ၃ ) အုပ်စိုးသူလူတန်းစားမှာ အတွင်းပဋိပက္ခတွေ ပိုများလာနိုင်ခြေရှိပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ ‘တပ်မတော်-ကြံ့ခိုင်ရေးပါတီ ပူးတွဲအုပ်ချုပ်ရေး’ဆိုတဲ့ စပ်ကြား အင်စတီကျူးရှင်းစနစ်ကို စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တည်ဖို့ကြိုးစားခဲ့ပေမဲ့ လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီပုံစံကိုဖျက်ပြီး ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်ကို အသက်သွင်းမယ့် လက္ခဏာမျိုး ပိုတွေ့နေရပါတယ်။ ကြံ့ခိုင်ရေးပါတီ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ကနေ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ စစ်အရာရှိ ၄၈၉ ယောက်ကို စေလွှတ်ပြီး ရွေးကောက်ပွဲအလွန် လွှတ်တော်ဥက္ကဋ္ဌတွေ၊ အစိုးရအဖွဲ့ဝင်တွေကစလို့ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်တွေအဆုံး တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပဲ စီစဉ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ကြားနေရသလို၊ တပ်နဲ့ ကြံ့ခိုင်ရေးခေါင်းဆောင်တွေအကြား အဝေမတည့်တဲ့ ပြဿနာတွေလည်း ရှိနေပါတယ်။ စစ်တပ်အနေနဲ့ တိုက်ရိုက်အုပ်စိုးမှု မလုပ်နိုင်ဘူး၊ အခြေခံဥပဒေအရပဲ အုပ်ချုပ်ချင်တယ်၊ ပါတီစုံစနစ်ကိုလည်း အနိမ့်ဆုံးသဏ္ဌာန်အရဖြစ်ဖြစ် ဆက်ထားချင်သေးတယ်ဆိုရင် အရပ်သား လက်ဝေခံနိုင်ငံရေးပါတီတခု လိုအပ်နေမှာဖြစ်ပါတယ်။ အရပ်သားစစ်စစ် လက်ဝေခံပါတီကို အယုံအကြည်မရှိတဲ့ စစ်ဗိုလ်ချုပ်တွေအတွက် မြန်မာ့နိုင်ငံရေးမှာ ဘောင်းဘီချွတ်လို့ခေါ်ကြတဲ့ စစ်ဗိုလ်လူထွက် (ကြံ့ခိုင်ရေးပါတီလို) ပါတီမျိုးက လိုအပ်နေဦးမှာပါ။ ဒါပေမဲ့ စစ်ဗိုလ်လူထွက်တွေ အဓိကခေါင်းဆောင်တဲ့ပါတီက ဘောင်းဘီချွတ်တွေဟာ လက်ရှိစစ်တပ်ခေါင်းဆောင်တွေထက် စစ်တပ်တက္ကသိုလ်အပတ်စဉ်နဲ့ ဝါသမ္ဘာအရကြည့်ရင် အမြဲစီနီယာဖြစ်နေမှာပါ။ ဒါကြောင့် ‘တပ်မတော်-ကြံ့ခိုင်ရေးပါတီ ပူးတွဲအုပ်ချုပ်ရေးစနစ်’ ဆိုတဲ့ စပ်ကြားအင်စတီကျူးရှင်းစနစ် အတိုင်းသွားမယ်ဆိုရင် (ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD လို ပြိုင်ဘက်မျိုးမရှိရင်) စစ်တပ် ဗီတိုအာဏာပိုင်စနစ်ကို အကြာကြီး ဆက်ထိန်းထားနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ တပ်ကို ခေါင်းဆောင်တဲ့ တပ်ချုပ်ဟာ လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လို နိုင်ငံရေးရည်မှန်းချက် ကြီးမယ်ဆိုရင်တော့ ဘောင်းဘီချွတ်လူဟောင်းနဲ့ ဘောင်းဘီဝတ်လူသစ်အကြား အာဏာလွန်ဆွဲမှုဟာ အမြဲ အဝေမတည့် ဖြစ်နေမှာ သေချာပါတယ်။ ဒါကို ရှောင်ရှားနိုင်ဖို့ ဘောင်းဘီဝတ်လူသစ်ဟာ စပ်ကြားအင်စတီကျူးရှင်းစနစ်အတိုင်း မသွားဘဲ ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်ကို အသက်သွင်းရမယ့်သဘော ဖြစ်ပါတယ်။ ဒါဟာ စစ်တပ်နဲ့ ဘောင်းဘီချွတ်ပါတီ ရင်ဆိုင်ရမယ့် အုပ်စိုးသူလူတန်းစား အာဏာသက်ဆိုးရှည်ရေးအတွက် သင်းဖွဲ့တည်ဆောက်မှုဆိုင်ရာ အတွင်းဝိရောဓိ (structural contradiction) ပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒီအခြေအနေအတိုင်း တွေ့နေရတာပါပဲ။ အာဏာကို လက်ပြောင်းလက်လွှဲလုပ်ရဖို့ အချိန်ရောက်လာလေ အာဏာလောဘဇောကြီးတဲ့ လက်ရှိခေါင်းဆောင်နဲ့ ခေါင်းဆောင်ဟောင်းတွေအကြား ပဋိပက္ခပိုတိုးလေ၊ ပုဂ္ဂိုလ်အသီးသီး၊ ဘက်အသီးသီးကလည်း ဆရာမွေး-တပည့်မွေးနဲ့ ပဒေသရာဇ်တွေလို၊ ခေတ်ပေါ်ဂိုဏ်းတွေလို ပိုအားပြိုင်လာလေ၊ ဒီလိုနဲ့ အုပ်စိုးသူလူတန်းစားကြောင့်ပဲ စနစ်ရဲ့တည်ငြိမ်မှုဟာ ပိုခက်ခဲလေ ဖြစ်နိုင်ဖွယ်ရှိပါတယ်။
( ၄ ) ရွေးကောက်ပွဲအလွန်တက်လာမယ့် အစိုးရဟာ ပြည်သူလူထုထောက်ခံမှုကို ရဖို့မလွယ်ပေမဲ့ နိုင်ငံတကာမှာ (အထူးသဖြင့် ဒေသတွင်းနိုင်ငံတွေအကြားမှာ) တော့ ‘မချစ်သော်လည်း အောင့်ကာနမ်းရဖွယ်’ (tolerable) အဆင့်မျိုး ရနိုင်ပါတယ်။ အထူးသဖြင့် မြန်မာ့ပဋိပက္ခရဲ့ ဘေးထွက်ဆိုးကျိုးဒဏ်ကို ဆိုးဆိုးရွားရွား ခံနေရဆဲ၊ ပိုခံရနိုင်ခြေများနေသေးတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အနေနဲ့လည်း အရပ်သားအစိုးရသစ်နဲ့ ပိုမိုဆက်ဆံတာကို လက်တွေ့ကျတဲ့ အဖြေတခုအဖြစ် ရွေးချယ်လာနိုင်ခြေရှိပါတယ်။ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုနှိမ် နင်းရေး၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အစရှိတဲ့ ခေါင်းစဉ်အမျိုးမျိုးအောက်မှာ သံခင်းတမန်ခင်း အသက်ရှူပေါက်တွေ အများကြီးရလာနိုင်ပါတယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ လုံခြုံရေးနဲ့ လူမှုစီးပွားရေးကဏ္ဍတွေမှာ လက်တွေ့ကျပြီးအဆင်အခြင်ရှိတဲ့ အစွမ်းနည်းနည်းပြနိုင်ရင်ကို တရားဝင်မှု (legitimacy) ကိစ္စဟာ အရင်ကလို အကျပ်အတည်းအခြေအနေကနေ စိန်ခေါ်အဆင့်မျိုးကို လျော့ကျသွားဖွယ်ရှိပါတယ်။
( ၅ ) ၂၀၂၁-၂၀၂၅ ပဋိပက္ခစက်ဝန်း ပြတ်တောက်သွားမှုနဲ့အတူ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ တည်ဆောက်ခဲ့တဲ့မိုဒယ်ဖြစ်တဲ့ ‘တပ်မတော်-ကြံ့ခိုင်ရေးပါတီ ပူးတွဲအုပ်ချုပ်ရေးစနစ်’ စပ်ကြားအင်စတီကျူးရှင်းစနစ်ကို ဖျက်တဲ့သဘော သက်ရောက်တယ်။ အာဆီယံရဲ့ဘုံသဘောတူချက်ငါးရပ်ဆိုတဲ့ နိုင်ငံစုံသဘောညီချဉ်းကပ်မူဘောင်ကို ငြင်းဆန်ပြီး အိမ်နီးချင်းနိုင်ငံတွေ (အထူးသဖြင့် တရုတ်နိုင်ငံ) နဲ့ပဲ သင့်သလို ထွက်ပေါက်ရှာမယ့်၊ တနည်းအားဖြင့် ပထဝီနိုင်ငံရေးမှာ အာဆီယံဗဟိုပြုမှုကို အားနည်းချည့်နဲ့စေမယ့်သဘော ဖြစ်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ဒီလမ်းကြောင်းဟာ မြန်မာ့နိုင်ငံရေးမှာ နှိုင်းယှဉ်ချက်အရ ရယ်ဒီကယ် (radical) မဖြစ်၊ သဘောထားပျော့ပြောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ နိုင်ငံရေးကို နိဂုံးချုပ်ဖို့ရည်ရွယ်တဲ့လက္ခဏာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရယ်ဒီကယ်မဖြစ်ဘူးလို့ ဆိုရတာဟာ သူတို့အနေနဲ့ အမျိုးသားရင်ကြားစေ့ရေး (တိတိပပဆိုရရင် စစ်တပ်နဲ့ ရင်ကြားစေ့သင့်မြတ်ရေး) ဦးတည်ချက်ထားတယ်၊ ၂၀၀၈ အခြေခံဥပဒေပါ စစ်တပ်ရဲ့ အခွင့်ထူးတွေကို ယာယီလက်ခံထားပြီး ဖြည်းဖြည်းချင်းပြောင်းလဲဖို့ ကြိုးစားတယ်။ ဒီလုပ်ငန်းစဉ်အတွင်းမှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတရေးနဲ့ ရိုဟင်ဂျာအရေးလို ကိစ္စတွေမှာ လစ်ဘရယ် လူ့အခွင့်ရေးနှုန်းစံတွေကနေ သွေဖည်ခဲ့တယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ EAOs တွေနဲ့ မီဒီယာအပါအဝင် အရပ်ဘက်အဖွဲ့တွေလို သဘာ၀မဟာမိတ်တွေနဲ့ ဆက်ဆံရေးပျက်ပြားမှုတချို့ သိသိသာသာ ရှိခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းရှိတဲ့ ဗမာအများစုနဲ့ နိုင်ငံရေးအရ တတိုင်းပြည်လုံးရဲ့ ၈၀ ရာခိုင်နှုန်းဝန်းကျင်အထိ ဩဇာအရှိဆုံး၊ အင်အားအကြီးဆုံး ပျော့ပြောင်းတဲ့ မော်ဒရိတ် (moderate) အင်အားစု မရှိတော့ဘူးဆိုရင် အကျိုးဆက်များစွာ ဖြစ်စေပါမယ်။ လူများစုဗမာတွေအကြား အကွဲအပြဲ ပိုများလာနိုင်ပါတယ်။ ဗမာအချင်းချင်းအကြားမှာပဲ ဒေသစွဲနဲ့ ဂိုဏ်းဂဏစွဲတွေပိုများပြီး စုစည်းနိုင်တဲ့ ခေါင်းဆောင်မဲ့လို့ ‘ကြောင်မရှိ ကြွက်ထ’ အစည်းပြေတာတွေ ပိုဖြစ်နိုင်ပါတယ်။ လူမျိုး၊ ဘာသာရေး၊ ဒေသစွဲအခြေပြု ပဋိပက္ခတွေနဲ့ မျိုးဆက်အားပြိုင်မှု စတဲ့ အကွဲအပြဲဖြစ်နိုင်ခြေတွေကို ကျော်လွှားပြီး တတိုင်းပြည်လုံးနီးနီး လွှမ်းခြုံတဲ့ထောက်ခံမှုနဲ့ (ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရည်အသွေးအရ ပြည်ထောင်စု ပီပီပြင်ပြင် တည်ဆောက်ရေးမှာ အငြင်းပွားစရာရှိနေစေဦးတော့) အနိမ့်ဆုံးအဆင့် နိုင်ငံတည်ဆောက်ရေး (state-building) အခွင့်အလမ်း မရှိတော့တာ ကြုံရပါမယ်။ ချွတ်ယွင်းချက်တွေရှိပေမဲ့ အဆင့်ဆင့် အားထုတ်ယူရမယ့် နိုင်ငံရေးအသွင်ကူးပြောင်းမှု (political transition) ကို ဦးဆောင်ဖို့ ပြည်သူလူထုက လုပ်ပိုင်ခွင့်အပ်နှင်းထားတဲ့ အရပ်ဘက်နိုင်ငံရေးပါတီမရှိတော့တဲ့အခါ ငြိမ်းချမ်းစွာဒီမိုကရေစီဖော်ဆောင်ရေး မျှော်လင့်ချက် မရှိနိုင်တော့တာ ကြုံရပါမယ်။ စစ်တပ်နဲ့ စစ်တပ်လက်ဝေခံပါတီတွေကိုသာ ပြိုင်ဘက်မရှိ နိုင်မြင်းအဖြစ် အိမ်နီးချင်းနိုင်ငံတွေက လက်ခံလာရမယ်။ ဗမာအဓိကဦးဆောင်တဲ့ စစ်တပ်ဟာ အားကောင်းတဲ့ပြိုင်ဘက်အရပ်သားဗမာ မရှိတော့တဲ့အတွက် ဗမာ-ဗမာချင်းပဋိပက္ခမှာ ကျန်ဗမာအဖွဲ့တွေကို ဆွေးနွေးညှိနှိုင်းဖက် (dialogue partner)လို့ မသတ်မှတ်တော့တာ သိသာလာပါမယ်။ အထိန်းအထေမရှိတော့တဲ့ စစ်တပ်ကြောင့် အရပ်ဘက်အဖွဲ့တွေလည်း ပိုဖိနှိပ်ခံရပြီး ပြည်ပအခြေစိုက်လှုပ်ရှားရတာ၊ မထိရောက်တော့တာ ပိုကြုံရပါမယ်။ မော်ဒရိတ်အသံ နှုတ်ပိတ်ခံလိုက်ရတဲ့အတွက် သတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာလည်း ပြင်းထန်တဲ့၊ အပြုတ်တိုက် အပြတ်ရှင်း ဆူညံသံတွေပဲ ပိုလို့သာ ပဲ့တင်ထပ်လာနိုင်ပါတယ်။
တိုင်းရင်းသားတွေအတွက် (ချွတ်ယွင်းမှုတွေရှိစေကာမူ တဆင့်ခံကြားချပြီး ပေါင်းကူးလုပ်ပေးနိုင်ခြေရှိတဲ့ မော်ဒရိတ်ဗမာ မရှိတော့တဲ့အခါ) စစ်တပ်ဗမာသာ တဖွဲ့တည်းသော အဓိကဒိုင်ယာလော့ပါတနာ ဖြစ်သွားမှာပါ။ ဒီစစ်တပ်နဲ့ညှိရင် အခုချိန် အများဆုံးမျှော်လင့်နိုင်တာက လစ်ဘရယ်နှုန်းစံတွေဖြစ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးမှုတွေကို ဦးစားမပေးတဲ့၊ အပစ်အခတ်ရပ်စဲတည်ငြိမ်ရေး၊ စီးပွားရေးအကျိုးအမြတ်မျှဝေရေးနဲ့ လက်နက်ကိုင်ထားတဲ့ လူပေါ်လူဇော်တွေ (armed elites) ရဲ့ အာဏာနဲ့ ဗဟိုချုပ်ကိုင်မှုကို အဆင့်ဆင့်အားကောင်းစေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (illiberal peacebuilding) ပဲ ဖြစ်တန်ခြေ ရှိပါတယ်။ ဖက်ဒရယ်အရေးဆွေးနွေးရင်လည်း ကုန်သွယ်ရေးလမ်း ထိန်းချုပ်ရေး၊ နယ်စပ်အခွန်ကောက်ရေးနဲ့ စီးပွားရေးပရောဂျက်တွေအတွက် မျှဝေယူရေးဆိုတဲ့ ‘ဆန်ပေးမှဆေးရ ဖက်ဒရယ်မူ’ (transactional federalism) မျိုးသာ ဖြစ်ဖွယ်ပိုများပါတယ်။ ဒီထက်ဆိုးရင်တော့ စစ်တပ်က အူတိုင်ဖြစ်ပြီး ထီးပြိုင်နန်းပြိုင် လက်နက်ကိုင်အင်အားကြီးအဖွဲ့ပေါင်းစုံရဲ့ အာဏာချိန်ခွင်လျှာမျှခြေ (a polycentric or pluralized praetorian equilibrium) သာ ဖြစ်လာနိုင်ပါတယ်။ ဒီမျှခြေစနစ်ဟာ အလုပ်ဖြစ်ရုံ တည်ငြိမ်မှုကို ရရှိစေပြီး အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲတွေဖြစ်ဖို့တော့ ဝေးနေဦးမှာပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လို ပြည်တွင်းမှာ တတိုင်းပြည်လုံးအဆင့် အလဲအထပ်လုပ်နိုင်ဖို့ ကိုယ်စားပြုနိုင်မယ့်အင်အားစုမရှိတဲ့အခါ ပြည်ပ(အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေ)ရဲ့ အခန်းကဏ္ဍဟာ နယ်စပ်ချင်း ထိစပ်နေတဲ့ EAOs တွေကတဆင့် ပိုပြီးဝင်ရောက်စွက်ဖက် အဆုံးအဖြတ်ပေးနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေဟာ တပ်တွင်း တစထက်တစ ပုံပေါ်လာနေတဲ့ စတုတ္ထမျိုးဆက်အပြောင်းအလဲနဲ့ တိုက်ဆိုင်နေတာမို့ မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေထဲမှာ အရပ်သားကို မယုံတဲ့၊ အန္တရာယ်လို့ မြင်နေတဲ့အမြင်အပြင် EAOs တွေကို အိမ်နီးချင်းနိုင်ငံတွေရဲ့ ပဉ္စမံတပ်တွေအဖြစ် မြင်တာမျိုး ပိုမိုအားကောင်းလာဖွယ် ရှိပါတယ်။
( ၆ ) ပဋိပက္ခစီးပွားရေးကတော့ တရားမဝင်ရော ပုံမှန်မဟုတ်တဲ့ကဏ္ဍတွေမှာပါ ဆက်ပြီး အရှိန်ရှိနေပါဦးမယ်။ ပဋိပက္ခကို အရှိန်လျှော့ချဖို့ဆိုရင် ပဋိပက္ခစီးပွားရေးကို တနည်းနည်းနဲ့ ထည့်သွင်းစဉ်းစားတာမရှိဘဲ မဖြစ်နိုင်သလောက်ပါပဲ။
( ၇ ) လူသားစာနာအကျပ်အတည်းကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည်အရေးကနေ ကျန်နယ်စပ်အသီးသီးမှာရှိတဲ့ တိုင်းရင်းသားဒုက္ခသည်တွေအရေးနဲ့ ပြည်တွင်းစစ်ဘေးရှောင်တွေအရေးအထိ ဆက်ဖြစ်နေပြီး သဘာ၀ကပ်ဘေးနဲ့ ဥတုအပြောင်းအလဲဒဏ်တွေကြောင့် အရေးပေါ်အခြေအနေတွေကိုလည်း ကြုံနိုင်ပါသေးတယ်။
၃(ခ)။ ကြားဝင်ပြီး လမ်းကြောင်းပြန်တည့်နိုင်မည့် ဖြစ်တန်ခြေ
ကြားဝင်ပြီး လမ်းကြောင်းပြန်တည့်နိုင်မယ့် ဖြစ်တန်ခြေ (intervention scenarios) မှာတော့ ပုံစံနှစ်မျိုးရှိပါတယ်။ ပထမပုံစံကတော့ ‘ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်’၊ ‘အကုန်ရရင်ရ မရရင် ဘာမှမလိုချင်ဘူး’၊ ‘ဒီမျိုးဆက်နဲ့တင် ပြတ်အောင်ဖြတ် တော်လှန်မယ်’၊ ‘အဆုံးထိသွားမယ်’ဆိုတဲ့ အမြင်စွဲကိုင်မှုဖြစ်ပါတယ်။ ၂၀၂၁ နောက်ပိုင်း ‘မှတပါးအခြားမရှိ’ အဖြစ် အားကောင်းခဲ့တဲ့ ဒီချဉ်းကပ်မှုပုံစံဟာ ၂၀၂၁-၂၀၂၅ ပဋိပက္ခစက်ဝန်း ပြတ်တောက်သွားမှုနဲ့အတူ ပင်မရေစီးအဖြစ် အပြောင်းအလဲပင်လယ်ထဲ ထည့်ဝင်စီးဆင်းဖို့ ဖြစ်နိုင်ခြေနည်းပါးသွားနိုင်ပါတယ်။ ဒီနေရာမှာ အပြုတ်တိုက် အပြတ်မနိုင်လို့၊ နိုင်ငံရေးအရ ပင်မရေစီး မဖြစ်တော့လို့ စစ်ကို ဆက်တိုက်ဖို့ စိတ်ဆန္ဒမိုတီ မရှိတော့ဘူး၊ မက်လုံးမရှိတော့ဘူး၊ တွေ့ဆုံဆွေးနွေးရေးလမ်းကိုပဲ ရွေးချယ်မယ်ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ တိုက်နေတဲ့ လက်နက်ကိုင်အုပ်စုတွေ အစုအစုနဲ့ များနေတာ၊ ဘယ်သူ့ဘယ်သူမှ ဩဇာမညောင်း၊ အာဏာစက်မထက်တာ (အမိန့်ပေးစနစ် ကျစ်လျစ်ခိုင်မာမှုမရှိတာ) တွေကြောင့် ပဋိပက္ခလေ့လာရေးသုတေသီတွေ အကိုးအကားများတဲ့ ‘သူနာ-ကိုယ်နာဖြစ်လို့ သူမသာကိုယ်မသာ အခြေအနေမျိုး’ (mutually hurting stalemate) ဆိုက်ဖို့အတွက် အများသဘောတူကြမယ့်ချင့်ချိန်မှုမျိုး (unified calculation) မဖြစ်နိုင်ပါဘူး။ လက်နက်ကိုင်အဖွဲ့တွေ အရေအတွက်များလေလေ ‘ဘယ်သူမှမနိုင်တော့ဘူး၊ ဆွေးနွေးကြရအောင်’ ဆိုတဲ့ ချင့်တွက်မှုမျိုးကို အများသဘောတူဖို့ ခက်ခဲလေပါပဲ။ ဒီလိုအခြေအနေမှာ တတိုင်းပြည်လုံးဆိုင်ရာ အောင်ပွဲထက် ကိုယ့်ဒေသမှာ ကိုယ်ထိန်းချုပ်ပြီး အာဏာစက်ထူထောင်ရေးဆိုတဲ့ ရည်မှန်းချက်ကို ပြောင်းလဲကျဉ်းပစ်လိုက်တဲ့ အဖွဲ့တွေ (ISP-Myanmar ရဲ့ တင်စားချက်အရ ‘လမ်းများအားလုံး လောက်ကိုင်သို့’ ဆိုတဲ့အဖွဲ့မျိုးတွေ)နဲ့ စစ်စီးပွားရေးကို ပိုဦးစားပေးလာတဲ့ အဖွဲ့တွေ အတွေ့ရပိုများလာတတ်ပါတယ်။
ဒိုင်ယာလော့နည်းနဲ့ တတိုင်းပြည်လုံးအရေး၊ ဒေသအရေးကို ရွေးချင်ကြတယ်ဆိုရင်တောင် ‘ရန်သူနဲ့ဆွေးနွေးတဲ့အဖွဲ့ သစ္စာဖောက်’ ဆိုတဲ့ စွပ်စွဲချက်က စစ်မြေပြင်မှာ ရှုံးတာထက် ပိုကြောက်စရာကောင်းနေပါတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူ့မျက်နှာနဲ့ စစ်မြေပြင်က ရဲဘော်တွေရဲ့ အသေအပျောက် အကျအဆုံးထက်ကို ပိုအလေးထားစရာဖြစ်နေပါတယ်။ နိုင်ငံရေးသိပ္ပံသုတေသီတွေ ဆွေးနွေးလေ့ရှိတဲ့ ကိုယ့်ရဲ့ပရိသတ်က ကိုယ့်ကို ဆွမ်းကြီးလောင်းမယ့်ဒဏ် (audience costs) ကို ကြောက်နေရတဲ့အဖြစ်ပါပဲ။ ဒါကြောင့် တရုတ် (ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံတွေက) ဖိအားပေးလို့ တွေ့ဆုံညှိနှိုင်းရတယ်ဆိုတဲ့ အကြောင်းပြချက်ကလွဲလို့ အခြားနည်း မရှာဝံ့တာ၊ နိုင်ငံရေးစိတ်ကူးစိတ်သန်းအားနည်းကုန်တာ သတိပြုမိနိုင်ပါတယ်။ ဒါ့အပြင် တဖက်ဖက်က ယတိပြတ်မနိုင်တော့ပေမဲ့ ဆက်တိုက်နေရတာဟာ တရားသောစစ်ဆိုတဲ့ နိုင်ငံရေးအလင်္ကာ (narrative legitimacy) ကို အလံလွှင့်နေနိုင်ဖို့ အခွင့်အရေးမို့ သဘောထားတင်းမာသူတွေအတွက် ဘဝင်ခိုက်စရာပါပဲ။ အဓမ္မ ရှုံးရမယ်၊ ဓမ္မက နိုင်ရမှာပဲဆိုတဲ့ နိုင်ငံရေးဇာတ်ကွက်နဲ့ စစ်မြေပြင်ယုတ္တိကို ပြန်ထိန်းတာမျိုးပါ။ စစ်မြေပြင်ယုတ္တိက ဆွေးနွေးညှိနှိုင်းဖို့ တွန်းနေပေမဲ့ နိုင်ငံရေးပုံပြင်က သည်းခြေကြိုက် ဖြစ်နေနိုင်ပါတယ်။ ‘နယ်မြေထိန်းနိုင်ရင် နိုင်နေပြီ’ ဆိုတဲ့ နိုင်ငံရေးဇာတ်ပြောကြောင့် အချက်အလက်နဲ့ သုံးသပ်နိုင်စွမ်း နည်းပါးသူ၊ ကိုယ်တိုင်လည်း တိုက်ရိုက်မခံရသူတွေအတွက် မိုတီတက်စေမယ့် အားဆေးပါပဲ။ ကျည်လွတ်မီးလွတ်က အသံကောင်းဟစ်ပြီး အရေးပါခွင့်ရနေသူတွေ (အထူးသဖြင့် ပြည်ပရောက်အီလစ်တွေ)အတွက် လော်ဘီလုပ်စရာ ကုန်ကြမ်းဖြစ်စေပါတယ်။ သွေးရိုးသားရိုး ယုံကြည်သူတွေအတွက်လည်း ပဋိပက္ခကို နိုင်ငံရေးပဋိပက္ခအဖြစ် ဖွင့်ဆိုနားလည်တာမဟုတ်ဘဲ သူသေ-ကိုယ်သေ ရှင်သန်မှုဆိုင်ရာပဋိပက္ခ (existential conflict) အဖြစ် အဓိပ္ပာယ်ခံယူသွားမိတဲ့အခါ ကိုယ့်ဘောင်ကိုယ်ပိတ်မိပြီး နိုင်ငံရေးအဖြေရှာဖို့ မစဉ်းစားနိုင်တော့ဘဲ အဆုံးသတ်လမ်း မမြင်နိုင်မယ့် ပဋိပက္ခထောင်ချောက်ထဲ ရောက်သွားရပါတော့တယ်။
တချို့ကလည်း နိုင်ငံရေးအဖြေရှာဖို့ဆိုတာ စစ်တပ်ကို မယုံဘူး၊ စစ်တပ်က ကတိမတည်ဘူးဆိုတဲ့ (commitment problem) အကြောင်းပြချက်ကို ပေးကြပါတယ်။ ဒီအချက်ကို ဖြေရှင်းနိုင်ဖို့ တတိယအင်အားစု (အထူးသဖြင့် နိုင်ငံခြားအစိုးရ (ဝါ) နိုင်ငံတကာ) ရဲ့ အာမခံချက်ဟာ ဖြစ်နိုင်ခြေတရပ်ပါပဲ။ ကိုးကန့် MNDAA နဲ့ တအာင်းပလောင် TNLA အရေးမှာ တရုတ်ပါဝင်လာတာဟာ ဒီလိုအာမခံချက်ပေးနိုင်လို့ ဖြစ်ပါတယ်။ တရုတ်တခုတည်း အားမကိုးချင်ရင်တောင် အာဆီယံနဲ့ ကမ္ဘာ့ကုလသမဂ္ဂစတဲ့ နိုင်ငံတကာအကူအညီတွေ ရနိုင်ပါတယ်။ အပြုတ်တိုက်ရေး ရယ်ဒီကယ်ဖြစ်လွန်းလှတဲ့ မြန်မာပဋိပက္ခမှာ ဒီကိစ္စဟာ ကြောင်းကျိုးသင့်ဆွေးနွေးချက် (argument) သိပ်မဆန်လှဘဲ ဆင် ခြေဆင်လက် (excuse) ပိုဆန်ပါတယ်။ ကတိတည်၊ မတည်ပြဿနာထက် ပိုနီးစပ်တဲ့ဖြစ်နိုင်ခြေကတော့ စစ်ဖြစ်နေတဲ့ ဘက်အသီးသီးဟာ ကိုယ့်ကိုယ်ကိုယ် ပိုတွက်တာ၊ ရန်သူကို လျှော့တွက်တဲ့ပြဿနာ (information problem) တော့ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။
အပြတ်မနိုင်ပေမဲ့ ဆက်တိုက်နေရတဲ့ အရေးအကြီးဆုံးအကြောင်းတခုကလည်း စစ်ဆက်တိုက်နေတာဟာ မဟာ ဗျူဟာ အပြောင်းအလဲအတွက် အကျိုးမရှိပေမဲ့ နည်းဗျူဟာအမြတ်တော့ ရှိလို့ပဲဖြစ်ပါတယ်။ တနည်းအားဖြင့် နယ်မြေထိန်းချုပ် (အနိမ့်ဆုံးစိုးမိုး) ရေးဟာ ပဋိပက္ခစီးပွားရေး မက်လုံးတွေဖြစ်တဲ့ (သယံဇာတကတဆင့်၊ မှောင်ခိုကုန်သွယ်လမ်းကြောင်းကတဆင့်၊ အခွန်နဲ့ဂိတ်ကြေး စတာတွေကတဆင့်) ဝင်ငွေရပေါက်ရလမ်း ဖြစ်နေမယ်။ ပြည်ပရောက်မြန်မာတွေရဲ့ စိတ်အားထက်သန်မှုနဲ့ အလှူငွေစီးဆင်းမှုကိုလည်း ထိန်းထားနိုင်ရေးအတွက် အကျိုးရှိမယ်။ အခြားတဖက်ကလည်း မြန်မာစစ်တပ် အဓိကကျင့်သုံးတာက (အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုအမျိုးမျိုးနဲ့) အရပ်သားကို ပစ်မှတ်ထားပြီး ကြောက်နေအောင် လုပ်ထားတော့ အကြမ်းဖက်မှုဟာ စစ်အတွင်းအုပ်ချုပ်ရေးအတွက် အထိရောက်ဆုံးနည်းလမ်း ဖြစ်လာပါတယ်။ တော်လှန်ရေးအဖွဲ့တချို့ကလည်း ဒါကိုနမူနာယူပြီး စစ်တပ်နဲ့ပေါင်းတဲ့အရပ်သား၊ ဒါမှမဟုတ် ဝန်ထမ်း Non-CDM တွေလို့ စွပ်စွဲပြီး အရပ်သားတွေကို အကြမ်းဖက်တဲ့နည်း အာဏာစက်တည်ဆောက်လာတာတွေ တွေ့ရပါတယ်။ တဖက်နဲ့တဖက် မဟာဗျူဟာအပြောင်းအလဲဖြစ်အောင် အပြုတ်မတိုက်နိုင်တော့ပေမဲ့ နယ်မြေစိုးမိုး (ဝါ) ထိန်းချုပ်ရေးအတွက် အရပ်သားတွေကို ချောက်ချားနေအောင်လုပ်ထားတာ၊ ပဋိပက္ခစီးပွားရေးကို မီးကုန်ယမ်းကုန် သဲ့ယူတာတွေဟာ လက်နက်ကိုင်အဖွဲ့ အားလုံးအတွက်တော့ နည်းဗျူဟာအမြတ်အစွန်းတွေပါပဲ။ သူတို့အတွက် အရပ်သားနစ်နာမှုဟာ ဘေးထွက်ဆုံးရှုံးမှုမဟုတ်ဘဲ အရပ်သားဟာ ပစ်မှတ်ဖြစ်လာပြီး အရပ်သားရှိနေသရွေ့ငွေတွင်းကြီးပဲလို့ ဆိုရမလိုပါပဲ။
အချက်အလက်တွေကို ပြန်ဆန်းစစ်ကြည့်ရင် ‘စစ်ဆင်ရေး ၁၀၂၇’ (အထူးသဖြင့် ဒုတိယလှိုင်းနောက်ပိုင်း) နောက်ပိုင်းမှာ အလှည့်အပြောင်းဖြစ်စေနိုင်တဲ့ စစ်ဆင်ရေးကြီးတွေ လုပ်နိုင်တာမျိုး မတွေ့ရတော့ပါဘူး။ အဓိကအကြောင်းရင်းကတော့ စစ်ရေးဆိုင်ရာအရင်းအမြစ် (လက်နက်ခဲယမ်းမီးကျောက်)တွေ လျော့နည်းလာလို့ပါပဲ။ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေကြောင့် အရင်းအမြစ် လျော့နည်းသွားတာအပြင် မှောင်ခိုစျေးကွက်ထဲက အရင်းအမြစ်တွေဟာလည်း မတန်တဆစျေးတွေ ဖြစ်လာခဲ့ပါတယ်။ ပဋိပက္ခစီးပွားရေးကြောင့် အဖွဲ့တိုင်းလိုလို ဝင်ငွေရလမ်းတွေ များလာတာအပြင် စျေးကွက်ကလည်း ပိုပြီးကျုံ့လာတော့ အလုအယက်နဲ့ ဝယ်ယူရတာမျိုးတွေ ဖြစ်လာပါတယ်။ တဖက်မှာလည်း စစ်ရေးနည်းလမ်းနဲ့ အနိုင်တိုက်နိုင်ဖို့အတွက် မဟာမိတ်တွေ၊ တပ်ပေါင်းစုတွေကို ပုံစံမျိုးစုံနဲ့ ဖွဲ့လာကြတာ တွေ့ရပါတယ်။ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) လို အဖွဲ့မျိုးကို အတော်လေးမျှော်လင့်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ စစ်ရေးအရ အပြောင်းအလဲကြီးကြီးမားမားကို ဖန်တီးနိုင်ဖို့အတွက် စစ်ရေးအရင်းအမြစ်ရှားပါးလာမှု၊ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေ ခက်ခဲပြတ်တောက်လာမှုတွေက အဓိကအကြောင်းအချက် ဖြစ်နိုင်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို မကျော်လွှားနိုင်ဘဲ မဟာမိတ်စုဖွဲ့မှု ဖြစ်လာရုံနဲ့တော့ လက်နက်ကိုင်တော်လှန်ရေးဟာ အပြောင်းအလဲအတွက် ပင်မရေစီး တဖန်ပြန်ဖြစ်လာဖို့ ခက်နိုင်ပါတယ်။ ဒါပေမဲ့ အရေးပါတဲ့ မြစ်ခွဲ၊ ချောင်းခွဲတွေအဖြစ် အပြောင်းအလဲပင်လယ်ထဲကို စီးဝင်အကျိုးပြုနိုင်ခြေတော့ ရှိပါသေးတယ်။
လမ်းကြောင်းပြန်တည့်နိုင်မယ့် ဒုတိယပုံစံကတော့ ပဋိပက္ခဖြစ်စေတဲ့ ဇာစ်မြစ်ကို အရင်းခံကျကျ ပြောင်းလဲပစ်ရေး (conflict transformation) ပါပဲ။ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အပြန်အလှန်နာကြည်းမှုတွေကို လောလောပူကြုံထားရလို့ အစွဲနာ (recency effect) ခံစားမှုပြင်းထန်နေချိန်၊ တပ်ဘက်ကလည်း ‘နွေဦးသပိတ်စုံ သူပုန်ထ’လို၊ ‘စစ်ဆင်ရေး ၁၀၂၇’လို အရှက်တကွဲရှုံးရတာမျိုး နောင်မဖြစ်စေရဘူးလို့ ခံယူသလို၊ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း စစ်တပ်က အာဏာကို ထင်သလိုသိမ်းလို့ရတာမျိုး နောက်မဖြစ်စေရဆိုတဲ့ (never again mentality) စိတ်ဓာတ်မျိုး အားကောင်းနေသေးချိန်နဲ့ ပဋိပက္ခစီးပွားရေးကရလာတဲ့ အကျိုးအမြတ်တွေက လက်နက်ကိုင်အဖွဲ့ အတော်များများအတွက် မက်လုံးဖြစ်နေချိန်မှာ ဒီပုံစံအောင်မြင်ဖို့ကလည်း ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့နဲ့ အိမ်နီးချင်းနိုင်ငံတွေက တီထွင်ဖန်တီးမှုရှိတဲ့ မဟာဗျူဟာချဉ်းကပ်မှုမျိုးကို ဦးတည်နိုင်ရင်၊ အဓိကကျတဲ့ မြန်မာ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ တင်ကြိုသတ်မှတ်ချက်မထားတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို မဟာဗျူဟာရွေးချယ်စရာတခုအဖြစ် လက်ခံချမှတ်နိုင်ရင် ဒီပုံစံက အောက်ထစ်ဖြစ်တန်ခြေကို လမ်းကြောင်းပြန်တည့်ဖို့ရာ အလားအလာကောင်းရှိပါတယ်။
၃(ဂ)။ အဆိုးဆုံး ဖြစ်တန်ခြေ
အောက်ထစ်ဖြစ်တန်ခြေလည်း ပျက်ပြား၊ ကြားဝင်ပြီး လမ်းကြောင်းပြန်တည့်နိုင်မယ့် ဖြစ်တန်ခြေတွေကလည်း မထိရောက်ဆိုရင်တော့ အဆိုးဆုံးဖြစ်တန်ခြေကို ချင့်တွက်ကြည့်ဖို့ လိုအပ်ပါမယ်။ အဆိုးဆုံးဖြစ်တန်ခြေနှစ်ရပ် ရှိနိုင်ပါတယ်။ ပထမတခုကတော့ မြန်မာပြည်မှာ သူတလူ ငါတမင်း အခြေအနေတွေ ဆိုးလာတဲ့အတွက် နယ်စပ်တိုက်ပွဲတွေကနေ အိမ်နီးချင်းနိုင်ငံတွေကိုပါ ကြီးကြီးမားမားထိခိုက်လာတာ၊ နယ်စပ်ကတဆင့် ဒုက္ခသည်တွေ အလုံးလိုက်ဝင်လာတာ၊ ကျားဖြန့်လို၊ မူးယစ်ဆေးဝါးလိုကိစ္စတွေနဲ့ ကူးစက်ရောဂါဘေးလိုကိစ္စတွေမှာ ထိန်းမရဖြစ်လာတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အိမ်နီးချင်းနိုင်ငံတွေက မြန်မာ့နယ်စပ်ဒေသတွေကို တိုက်ရိုက်ဖြစ်စေ၊ တဆင့်ခံဖြစ်စေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာအလံလွှင့်လို့ဖြစ်စေ ယာယီဝင်သိမ်းပြီး တည်ငြိမ်မှုရအောင် ဆောင်ရွက်တာမျိုး (securitization by neighbors or internationalization of the Myanmar borders) ပဲဖြစ်ပါတယ်။
နောက်ဖြစ်တန်ခြေတခုကတော့ ဗမာအမျိုးသားရေးဝါဒလမ်းကြောင်းသစ်နဲ့ ပတ်သက်ပါတယ်။ ၂၀ ရာစုအဆန်း နယ်ချဲ့ဆန့်ကျင်ရေးနဲ့အတူ ပုံပေါ်လာတဲ့ ခေတ်သစ်ဗမာအမျိုးသားရေးဝါဒဟာ အမျိုး၊ ဘာသာ၊ သာသနာအခြေပြု၊ လူများစုဗမာတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအကြား ‘အစ်ကိုကြီး-ညီလေး ဆက်ဆံရေး’ (paternalistic relation) နဲ့ တည်ဆောက်ထားတာပါ။ ဗမာလူမျိုးဟာ မြန်မာနိုင်ငံပထဝီနယ်နိမိတ်အတွင်း လူဦးရေအများစုဖြစ်တဲ့ တိုင်းရင်းသားတမျိုးဖြစ်ပေမဲ့ သူတို့ကိုယ်သူတို့ ‘မြစ်ကြီးနားမှ ထားဝယ်အရောက်ဖြစ်သော ဗမာနိုင်ငံကြီးတခုလုံးကို တို့အိမ်ကြီးဖြစ်သည်ဟု မှတ်ကြပါကုန်’ ဆိုတဲ့ တို့ဗမာအစည်းအရုံး ကြေညာစာတမ်းလို တတိုင်းပြည်လုံးနဲ့ ဆိုင်တယ်လို့ မှတ်ယူထားတာပါ။ စစ်အာဏာရှင်အဆက်ဆက်အောက် ဒီမိုကရေစီအရေး ဆောင်ရွက်တဲ့ ဗမာတက်ကြွလှုပ်ရှားသူတွေကို တိုင်းရင်းသားခေါင်းဆောင်တွေက ဗမာပြည်နယ်ဖွဲ့ဖို့ကိစ္စ ဆွေးနွေးကြတိုင်း ဗမာအများစုက သူတို့ကိုယ်သူတို့ ဗမာသီးသန့်ကိုယ်စားပြုမှုအဖြစ် မြင်ကြည့်ဖို့ ခက်ခဲခဲ့ကြပါတယ်။
ဒါပေမဲ့ ‘စစ်ဆင်ရေး ၁၀၂၇’အပြီး စစ်တပ်အရာရှိတော်တော်များများရဲ့အမြင်မှာ တိုင်းရင်းသား EAOs တွေဟာ ဗမာအချင်းချင်း(NLD နဲ့ စစ်တပ်အကြား)ဖြစ်တဲ့ ပဋိပက္ခကို အခွင့်ကောင်းယူပြီး ဗမာ PDFs/LDFs ကို အသုံးချ၊ နယ်မြေချဲ့ထွင်၊ စစ်စီးပွားရေးအမြတ်ထုတ်ကြတယ်၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပဉ္စမံဖြစ်လာနေတယ်ဆိုတဲ့ သဘောထားမျိုး အားကောင်းလာပါတယ်။ ဒါကြောင့် စစ်တပ်က စစ်ရေးအရ အရှိန်အဟုန်ပြန်တင်လာနိုင်တဲ့အခြေအနေမှာ ဗမာအချင်းချင်းဖြစ်တဲ့ ပဋိပက္ခကို အခွင့်ကောင်းယူခဲ့တဲ့ တိုင်းရင်းသား EAOs တွေကို လက်စားချေရမယ်ဆိုတဲ့ အမြင်မျိုးကို ISP-Myanmar ရဲ့ ‘နေပြည်တော်လိုဂျီ’ သုတေသနမှာ ပိုတွေ့လာရပါတယ်။
ဒီအမြင်ကို ပိုအားကောင်းစေတာကတော့ စတုတ္ထမျိုးဆက် တပ်မတော်ခေါင်းဆောင်တွေ ဖြစ်လာမယ့်သူတွေနဲ့ စစ်တက္ကသိုလ်အပတ်စဉ်မကွာတဲ့ ရုရှားပြန် မြန်မာစစ်အရာရှိတွေကြောင့်ပဲ ဖြစ်ပါတယ်။ ရုရှားပြန် မြန်မာစစ်အရာရှိတချို့ဟာ ၁၉၉၀ ပြည့်နှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲချိန်က လူများစုရုရှားလူမျိုးတွေ အားနည်းနေချိန်မှာ လူနည်းစုတွေက အခွင့်ကောင်းယူပြီး ပြည်ထောင်စုက ခွဲထွက်ကြတာ၊ အနောက်တိုင်း လစ်ဘရယ်အတွေးအခေါ်တွေ သွတ်သွင်းပြီး ရုရှားသမိုင်းအစဉ်အလာကို ဖျက်ဆီးကြတာကို တန်ပြန်တဲ့၊ လူနည်းစုဒေသတွေကိုပြန်သိမ်းယူ (ဒါမှမဟုတ်) အာဏာစက်ထူထောင်ယူတဲ့ သမ္မတပူတင်အပါအဝင် လက်ရှိ ရုရှားခေါင်းဆောင်တွေရဲ့ အမျိုးသားရေးလမ်းစဉ်မျိုးကို မြန်မာမှာ တင်သွင်းလာပုံရပါတယ်။ ဗမာက ဗမာဒေသကို ကိုယ်စားပြုတယ်။ ဗမာ့ဦးစွန်းနိမ့်ပါးနေချိန်မှာ အခွင့်ကောင်းယူတယ် စတဲ့ အမျိုးသားရေးလမ်းစဉ်ဟာ လောကီပိုဆန်၊ လက်စားချေရေးပိုဆန်ပြီး အရင်ကရှိခဲ့တဲ့ ဗမာ-ဗုဒ္ဓဘာသာ အမျိုးသားရေးလမ်းစဉ်နဲ့ ခြားနားလာတာ သတိပြုမိနိုင်ပါတယ်။ ဒီအနှစ်သာရနဲ့ အသွင်သစ်ပေါ်လာနိုင်တဲ့ ဗမာအမျိုးသားရေးဝါဒမျိုးသာ အားကောင်းလာရင် တိုင်းပြည်အတွက် အဆိုးဆုံးအခြေအနေကိုသာ ကြုံရစေမှာဖြစ်ပါတယ်။ မြန်မာဟာ တရုတ်နိုင်ငံရဲ့ ရုပ်၀တ္ထုအကူအညီ အမာခံအထည် (hardware)မှာ ရုရှားဆော့ဖ်ဝဲ(software)နဲ့ သွားမယ့်နိုင်ငံ ဖြစ်သွားနိုင်ပါတယ်။
၄။ ၂၀၂၆ ဦးတည်လမ်းကြောင်းသုံးခု
၂၀၂၆ ခုနှစ်မှာ ဦးတည်လမ်းကြောင်း (trend) သုံးခုကို မဟာဗျူဟာမြောက် အာရုံစိုက်ဖို့နဲ့ လို အပ်တဲ့ ဆောင်ရွက်ချက်တွေ လုပ်နိုင်၊ မလုပ်နိုင်အပေါ်မူတည်ပြီး တိုင်းပြည်ရဲ့အနာဂတ်ဟာ ပိုဆိုးသွားမလား၊ အကောင်းဘက်လမ်းစကို ဦးတည်နိုင်မလားဆိုတာ ပုံပေါ်နိုင်ပါတယ်။ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲအလွန် နိုင်ငံရေးနဲ့ တပ်မတော်အတွင်း တဖြည်းဖြည်းပုံပေါ်လာနေတဲ့ စတုတ္ထမျိုးဆက် ခေါင်းဆောင်မှုအပြောင်းအလဲ ဦးတည်လမ်းကြောင်း၊ ပဋိပက္ခအရှိန်လျှော့ရေး ဦးတည်လမ်းကြောင်းနဲ့ တရုတ်နိုင်ငံကို ချဉ်းကပ်ရေး ဦးတည်လမ်းကြောင်းတွေပဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအလွန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တန်းပြီးတော့ သမ္မတရာထူးကို ယူသည်ဖြစ်စေ၊ ရုပ်သေးသမ္မတတယောက်ယောက်ကို တဆင့်ခံထားပြီး အုပ်ချုပ်သည်ဖြစ်စေ တိုင်းပြည်ဟာ ၂၀၁၀ ပြည့်နှစ် ဦးသိန်းစိန်ကာလအခြေအနေမျိုး ပြန်ဖြစ်ဖို့ မရှိသလောက်ပါပဲ။ ၁၉၄၈-၁၉၅၈ လွတ်လပ်ပြီး ၁၀ နှစ်ကာလ၊ ပြည်တွင်းသောင်းကျန်းမှုချေမှုန်းရေးလို့ စစ်တပ်ရဲ့ သမိုင်းဗေဒကသတ်မှတ်တဲ့ ကာလမျိုး ဖြစ်တန်ခြေနဲ့ ပိုနီးစပ်နိုင်ပါတယ်။ ဒီဖြစ်တန်ခြေမှာ တပ်မတော်အတွင်း စတုတ္ထမျိုးဆက်ခေါင်းဆောင်မှု တဖြည်းဖြည်း နေရာယူလာတာကလည်း ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးအကြောင်းအချက်ဖြစ်ပါတယ် [ISP ဒေတာအချက်အလက် ၉/၂၀၂၆ ကနေ ၁၃/၂၀၂၆ (ISP-DM2026-009 to 013) အထိကို ရှုပါ]။





ပထမမျိုးဆက်တပ်မ တော်ခေါင်းဆောင်ဖြစ်တဲ့ ဦးနေဝင်းကနေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဒုတိယမျိုးဆက်ခေါင်း ဆောင်မှု အပြောင်းအလဲမှာ ဦးနေဝင်းဘက်က အသေးစိတ် ဝင်ရောက်စွက်ဖက်စီမံတာတွေ မရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ ပထမမျိုးဆက်ခေါင်းဆောင် ဦးနေဝင်းဟာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ကွယ်လွန်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အလားတူပဲ ဒုတိယမျိုးဆက်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် တတိယမျိုးဆက်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာ လက်ပြောင်းလက်လွှဲလုပ်ခဲ့ပြီးတဲ့နောက် ဆက်လက်ဝင်ရောက်ချုပ်ကိုင်ခြယ်လှယ်တာ မရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ လက်ရှိစစ်ခေါင်းဆောင်ဟာ သူ့ကိုစင်တင်ပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားမတွေ့တော့တာ၊ နောက်ဆုံး သမက်ဖြစ်သူကိုပါ ဖမ်းဆီးထောင်ချခဲ့တာ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ခေါင်းဆောင်ဟောင်းတွေရဲ့ လှုပ်ရှားမှုတွေကိုပါ အကျယ်ချုပ်လောက်နီးနီး (ဥပမာ- သူတို့နဲ့ သူတို့မိသားစုတွေရဲ့ ပြည်ပထွက်ခွာခွင့်တွေ ကန့်သတ်တာ၊ ‘စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ’ လိုမျိုး ထုတ်ပြန်ပြီး ပါးပါးတမျိုး၊ ဗြောင်ကျကျတမျိုး ခြိမ်းခြောက်မှုတွေ) ဆောင်ရွက်ထားတာတွေ့ရပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တပ်တွင်းနေရာအရွှေ့အပြောင်းဆောင်ရွက်ချက်တွေ၊ ကြံ့ခိုင်ရေးပါတီကို ထိုးဖောက်ပြီး လူယုံတွေထည့်၊ ပါတီကို ဝါးမျိုသလောက် နီးနီးလုပ်နေတာတွေကိုကြည့်ရင် အရင်မျိုးဆက်ခေါင်းဆောင်တွေ ကြုံရတဲ့ ကံကြမ္မာမျိုးကို ရှောင်လွှဲဖို့ ကြိုးစားနေတာဖြစ်တယ်လို့ သတိပြုနိုင်ပါတယ်။ တတိယမျိုးဆက်ကနေ စတုတ္ထမျိုးဆက်ခေါင်းဆောင်မှု အပြောင်းအလဲကို လက်ရှိတပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ သူအာဏာစက်ထက်နေသရွေ့ နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်လွှမ်းမိုး ထိန်းချုပ်သွားနိုင်ခြေရှိတယ်လို့ သုံးသပ်ရပါတယ်။
အုပ်စိုးသူလူတန်းစားထဲမှာ ဘယ်လိုအခြေအနေမျိုးပဲ ပေါ် လာလာ လေဟာနယ်ဖြစ်သွားနိုင်ခြေရှိတဲ့ ပြည်တွင်းနိုင်ငံ ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ မော်ဒရိတ်နေရာကို ပြန်လည်တည်ဆောက်ဖြည့်တင်းရေးဟာ ရွေးကောက်ပွဲအလွန်နိုင်ငံရေးမှာ အဓိကကျလာပါတယ်။ အလားတူပဲ လူထုလှုပ်ရှားမှုတွေကို အရပ်သားကာကွယ်စောင့်ရှောက်ရေး၊ လူသားစာနာအကူအညီရရေး၊ လူမှုစီးပွားဒုက္ခလျော့ပါးရေး၊ တိုင်းပြည်ကံကြမ္မာကို ပြောင်းစေမယ့်၊ ပထဝီလုံခြုံရေးကို သက်ရောက်စေမယ့် စီးပွားရေးပရောဂျက်ကြီးတွေအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စတဲ့ကိစ္စရပ်တွေမှာ လမ်းပေါ်ထွက်ဆန္ဒပြတာ တခုတည်းမဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ရေးကလည်း လူ့အဖွဲ့အစည်း ပြန်လည်အားကောင်းသန်မာစေရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။
စစ်တပ်က စစ်ရေးဖိအား၊ အိမ်နီးချင်းနိုင်ငံတွေဖိအားနဲ့တွဲပြီး EAOs တွေကို တဖွဲ့စီအလိုက် အပစ်အခတ်ရပ်စဲရေးလမ်းကြောင်းပေါ် တွန်းနေတာကို တားနိုင်မလား၊ မတားနိုင်ရင် တဖွဲ့ချင်း ခွဲထွက်လုပ်ပြီး အမှည့်ခြွေမခံဘဲ အဖွဲ့စုံအပစ်အခတ်ရပ်စဲရေးဖြစ်အောင် ဘယ်လိုဆောင်ရွက်မလဲ၊ ၁၉၉၀ ပြည့်နှစ်တွေက အပစ်အခတ်ရပ်စဲရေးမျိုးလို နိုင်ငံရေးဆွေးနွေးမှု နောက်ဆက်တွဲမပါတဲ့ အပစ်ရပ်ရေးမျိုးမဖြစ်စေဘဲ ၂၀၁၀ ပြည့်နှစ်တွေက မိုဒယ်လို နိုင်ငံရေးဆွေးနွေးမှုနဲ့ ချိတ်ဆက်ထားတဲ့ အပစ်အခတ်ရပ်စဲရေးမျိုး၊ ဒါမှမဟုတ် ၂၀၁၀ ပြည့်နှစ်တွေက မိုဒယ်ထက် ပိုမိုကောင်းမွန်ဆီလျော်တဲ့ မိုဒယ်အသစ် ဘယ်လိုတွန်းမလဲ၊ လက်နက်ကိုင်တော်လှန်ရေးကနေ နိုင်ငံရေးအဖြေ တစုံတရာပေါ်ပေါက်လာအောင် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဘယ်လိုပြင်ဆင်ကြမလဲ၊ အသွင်ကူးပြောင်းရေးအစီအမံကို ဘယ်လိုပြင်ဆင်ကြမလဲ၊ ဒီလို ပဋိပက္ခအရှိန်လျှော့ချရေးနဲ့ အသွင်ကူးပြောင်းရေးတွေဆောင်ရွက်ရာမှာ တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍက အထူးအရေးကြီးတဲ့အတွက် တရုတ်နိုင်ငံကို ရန်လိုတာ၊ ထိပ်တိုက်ဆန့်ကျင်တာမျိုးမဟုတ်ဘဲ တရုတ်ကို ဆက်ဆံပြီး၊ ကျယ်ပြန့်တဲ့ နိုင်ငံတကာအကူအညီကိုပါရယူလို့ တရုတ်ကို မြန်မာ့အရေးမှာ အပြုသဘောပိုဆန်လာအောင် ဘယ်လိုဆောင်ရွက်မလဲ၊ တရုတ်နိုင်ငံနဲ့ မဟာဗျူဟာမြောက်ချိန်ညှိပေါင်းစပ်မှု (strategic realignment) လုပ်နိုင်ဖို့ အမြော်အမြင်ရှိရှိ အပေးအယူအလဲအထပ် နိုင်ငံရေးလုပ်ငန်းစဉ်ကို ဘယ်လိုဆောင်ရွက်မလဲ စသည်ဖြင့် တိုင်းပြည်ခေါင်းဆောင်အဖြစ် ခံယူသူတိုင်းက ဦးနှောက်မုန်တိုင်းဆင်ရမယ့်အရေး ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်အတွင်း ISP-Myanmar ရဲ့ သုတေသနတွေမှာ ဒီလမ်းကြောင်းသုံးသွယ်နဲ့ ဒါတွေနဲ့ဆိုင်ရာ အကြောင်းအချက်တွေကို ဦးစားပေးဆောင်ရွက်သွားဖို့ ရည်ရွယ်ပါတယ်။
၅။ နိဂုံး
၂၀၂၅ ခုနှစ်ကို ပြန်ပြောင်းကြည့်ရင် လူသားဘ၀လုံခြုံရေးရှုထောင့်အရရော၊ ထီးပြိုင်နန်းပြိုင်တွေ ပေါ် ထွန်းလို့ အချုပ်အခြာအာဏာယုတ်လျော့တဲ့ နိုင်ငံအဖြစ်နဲ့ရော မြန်မာ့အကျပ်အတည်းဟာ သေရေးရှင်ရေးကနေ မရုန်းထွက်နိုင်သေးတာ သိသာပါတယ်။ မြန်မာစစ်တပ်ဟာ စစ်ရေး၊ သံတမန်ရေးနဲ့ နိုင်ငံရေး တန်ပြန်ထိုးစစ်တွေကို အရှိန်အဟုန်နဲ့ဆောင်ရွက်ရင်း လက်ရှိပဋိပက္ခစက်ဝန်းက ဖောက်ထွက်ပြီး သူပုံဖော်လိုတဲ့ အရွေ့တခုကို တွန်းနေတာ သတိပြုမိနိုင်ပါတယ်။ မြန်မာ့အရေးမှာ ဖက်ဒရယ်ဒီမိုကရေစီဘက် ရှေးရှုတဲ့ အပြောင်းအလဲကို လိုလားဖော်ဆောင်လိုတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာအင်အားစုတွေအနေနဲ့ ၂၀၂၆ ခုနှစ်မှာ ပေါ်ထွန်းလာမယ့် ဦးတည်လမ်းကြောင်းသုံးခုဖြစ်တဲ့ (၁) ရွေးကောက်ပွဲအလွန် နိုင်ငံရေးနဲ့ တပ်မတော်အတွင်း တဖြည်းဖြည်းပုံပေါ်လာနေတဲ့ စတုတ္ထမျိုးဆက် ခေါင်းဆောင်မှုအပြောင်းအလဲ၊ (၂) ပဋိပက္ခ အရှိန်လျှော့ချရေး (ဝါ) အပစ်အခတ်ရပ်စဲရေးနဲ့ (၃) တရုတ်နိုင်ငံကို ဘယ်လိုချဉ်းကပ်ကြမလဲဆိုတဲ့ မဟာဗျူဟာအကဲဖြတ်ချက်နဲ့ စောင့်ကြည့်ပြင်ဆင်မှုတွေ လုပ်ဆောင်သင့်ပါတယ်။
ဒီဦးတည်လမ်းကြောင်းသုံးခုစလုံးမှာ မဟာဗျူဟာအကဲဖြတ်ချက်နဲ့ ဆောင်ရွက်ချက်မှားယွင်းရင် လမ်းကြောင်းသုံးခုဟာ ဆိုးသထက်ဆိုးမယ့်ဘက် ဦးတည်သွားနိုင်ပြီး မှန်ကန်ခဲ့ရင် တိုင်းပြည်အတွက် ပြည်သူလူထုနာကျင်မှု သက်သာစေမယ့် လမ်းစပေါ်နိုင်ပါတယ်။ ဒီအတွက်တော့ ISP-Myanmar က အမြဲတိုက်တွန်းနေတဲ့၊ မြန်မာ့ပဋိပက္ခဖြေရှင်းမှာ အမြဲလိုအပ်နေတဲ့ အားလုံးလွှမ်းခြုံစေမယ့်၊ နိုင်ငံရေး စိတ်ကူးစိတ်သန်းအသစ် (new political imagination) နဲ့ လက်တွေ့ကျကျ မဟာဗျူဟာမြောက် တဆင့်ချင်းတက်လှမ်းနိုင်မယ့် နိုင်ငံရေးလမ်းပြမြေပုံရှိဖို့က အဓိကပဲလို့ သုံးသပ်ရပါတယ်။ လိုဏ်ခေါင်းရဲ့အဆုံးမှာ အလင်းရောင် ရှိပါသေးတယ်။ ပိတ်ဆို့မည်းမှောင် ၀င်္ကပါ၊ ကွေ့ကောက်နေတဲ့ လိုဏ်ခေါင်းနဲ့တူတဲ့ တိုင်းပြည်အခြေအနေမှာ ညကြည့်အမြင်နဲ့ လမ်းပြမြေပုံရှိပါမှ၊ အားလည်းအားထုတ်ပါမှ အလင်းဆီရောက်မှာပါ။

မြန်မာ့အခြေပြစစ်တမ်း (State of Myanmar)
ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆)
