Tracker

စစ်ခေါင်းဆောင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် ပွဲထုတ်ခံခဲ့ရသော စစ်တပ်၏ စတုတ္ထမျိုးဆက်သုံးဦး

လိုက်ပါသွားသော စစ်ဘက်အရာရှိငါးဦးအနက် သုံးဦးသည် စစ်တပ်၏ စတုတ္ထမျိုးဆက် ထိပ်တန်းအရာရှိများ ဖြစ်လာနိုင်သည်။ ၎င်းတို့အား တရုတ်နိုင်ငံသို့ခေါ်သွားပြီး တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံချိန်၌ ပွဲထုတ်ခဲ့ခြင်းကို ‘ဆွေပြမျိုးပြ’ မိတ်ဆက်ပေးခြင်းသဘောဟု သုံးသပ်နိုင်ပါသည်။
By ISP Admin | September 10, 2025

Photo – AFP


▪️ကာလ (Period)

၂၀၂၅ ခုနှစ် သြဂုတ် ၃၀ မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၆ ရက်။


▪️သက်ဆိုင်သူများ (Stakeholders)

စစ်ခေါင်းဆောင်နှင့်အတူ တရုတ်နိုင်ငံခရီးစဉ် လိုက်ပါသွားသော စစ်ဘက်ဆိုင်ရာအရာရှိများ။


▪️ဖြစ်စဉ်အကျဉ်း (Issues/activity)

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်သမ္မတအပါအဝင် နိုင်ငံတကာခေါင်းဆောင်တချို့နှင့် တွေ့ဆုံခဲ့သည်။ ၎င်းနှင့်အတူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (OTS-77)၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (DSA-35)၊ ဗိုလ်ချုပ် မိုးမြင့်ဆွေ (OTC-23)၊ ဗိုလ်ချုပ် ဇော်မင်းထွန်း (DSA-37)နှင့် ဒုတိ​ယဗိုလ်မှူးကြီး ကျော်ဇောရဲ (DSA-47) တို့လည်း ပါခဲ့သည်။


▪️အခြေအနေ ဦးတည်ချက် (Status/trends)

ထိုသူများအနက် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် နောင်တွင် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ရန် ရေပန်းစားသူဖြစ်သည်။ ဗိုလ်ချုပ် မိုးမြင့်ဆွေမှာ ကိုယ်ရံတော်ဗိုလ်ချုပ်ဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီး ကျော်ဇောရဲသည် စစ်ခေါင်းဆောင်၏ အနီးကပ်အကြံပေးတဦးဖြစ်သည်။ ISP-Myanmar ၏ သုတေသနပြုလေ့လာချက်များအရ ထိုသုံးဦးမှာ စစ်တပ်၏ စတုတ္ထမျိုးဆက် ထိပ်တန်းအရာရှိများ ဖြစ်လာနိုင်သည် (ISP On Point အမှတ်-၂၇ ကိုရှုပါ)။ ၎င်းတို့အား တရုတ်နိုင်ငံသို့ခေါ်သွားပြီး တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံချိန်၌ ပွဲထုတ်ခဲ့ခြင်းကို ‘ဆွေပြမျိုးပြ’ မိတ်ဆက်ပေးခြင်းသဘောဟု သုံးသပ်နိုင်သည်။ အတိတ်တွင်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရာထူးမစွန့်ခင် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလအတွင်း တရုတ်နိုင်ငံသို့သွားချိန်၌ ၎င်းနေရာဆက်ခံမည့် (စစ်တပ်၏ တတိယမျိုးဆက်) ထိုအချိန်က ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ဗိုလ်ချုပ်ကြီး ရွှေမန်း၊ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးတို့နှင့်အတူ ခေါ်သွားပြီး တရုတ်ခေါင်းဆောင်များနှင့် မိတ်ဆက်ပေးခဲ့သည်။


▪️သက်ရောက်နိုင်ခြေ (Implications)

တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းကဲ့သို့သော အရေးကြီးခရီးစဉ်တွင် ၎င်းနှင့် အပတ်စဉ်များစွာ ကွာဟသူများကို စစ်ခေါင်းဆောင်က ခေါ်သွားခြင်းဖြစ်သည်။ ရွေးကောက်ပွဲအလွန်တွင် စစ်ခေါင်းဆောင်က တပ်ချုပ်ရာထူးကို မစွန့်လျှင်ပင် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော ‘စတုတ္ထမျိုးဆက် တပ်မတော်’အရာရှိများ၏ လုပ်ပိုင်ခွင့်နှင့် အခန်းကဏ္ဍမှာ ကျယ်ပြန့်လာနိုင်ခြေရှိသည်။


▪️ဆီလျော်မှု (Relevance)

ISP On Point အမှတ်-၂၇ တွင် ဖော်ပြခဲ့သည့်အတိုင်း တရုတ်နှင့် အိမ်နီးချင်းနိုင်ငံတချို့၏ ကျားကန်မှုကို ရထားသော စစ်တပ်ကို မကြာမတင်အချိန်၌ စစ်ရေးအရ ပြိုအောင်မဖြိုနိုင်ပါက (တော်လှန်စစ်သည် ရေရှည်စစ်အဖြစ် ထပ်တခါ ဇာတ်မျောပြီဆိုပါက)  မြန်မာ့နိုင်ငံရေးအပြောင်းအလဲသည် စစ်တပ်တွင်း ပြုပြင်ပြောင်းလဲရေး ဖြစ်၊ မဖြစ်နှင့် တိုက်ရိုက်ဆက်စပ်လာနိုင်သည်။ စစ်တပ်၏ စတုတ္ထမျိုးဆက် အပြောင်းအလဲကို လေ့လာခြင်းအားဖြင့် နေပြည်တော်၏ အာဏာအရွေ့ကို လွှမ်းမိုးနိုင်မည့် မဟာဗျူဟာများကိုလည်း ဖော်ထုတ်နိုင်မည်ဖြစ်သည်။




ISP Stakeholder Tracker

စစ်ခေါင်းဆောင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် ပွဲထုတ်ခံခဲ့ရသော စစ်တပ်၏ စတုတ္ထမျိုးဆက်သုံးဦး






Leave a Reply

Your email address will not be published. Required fields are marked *