Tracker

AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်၊ စစ်ကော်မရှင်၏ ကပစစက်ရုံများကို သိမ်းနိုင်ရန် မလွယ်ကူသေး 

ရှမ်းမြောက်တွင် အပစ်အခတ်ရပ်စဲထားသော စစ်ကော်မရှင်သည် အနောက်ဘက်စစ်မျက်နှာတွင် ပိုမိုအင်အားထည့်လာသည်ကို တွေ့ရသည်။ AA အနေနှင့်လည်း စစ်ကော်မရှင်၏ စစ်ရှိန်မြှင့်လာမှုများအပြင် ရခိုင်ကမ်းရိုးတန်းဘက်တွင် စစ်ဆိုင်ထားရမှု၊ သိမ်းပိုက်ပြီးပါကလည်း ထိန်းချုပ်ထားရန် ခက်ခဲမှုများကြောင့် ကပစစက်ရုံများကို သိမ်းပိုက်အခြေချနိုင်ရန်မှာ မလွယ်ကူသည့် အနေအထားတွင် ရှိနေဆဲဖြစ်သည်။
By ISP Admin | December 1, 2025

Photo – AFP


▪️ကာလ (Period)

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ။


▪️သက်ဆိုင်သူများ (Stakeholders)

အာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်များ၊ စစ်ကော်မရှင်တပ်များ။


▪️ဖြစ်စဉ်အကျဉ်း (Issues/activity)

၂၀၂၅ ခုနှစ် အောက်တိုဘာ တတိယပတ်တွင် ပဲခူးတိုင်း (အနောက်ပိုင်း) ဥသျှစ်ပင်မြို့ကနေ ၁၆ မိုင်ဝန်းကျင်သာဝေးသည့် ပွိုင့် ၆၆၆ ကုန်းကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက သိမ်းယူခဲ့သည်။ ဥသျှစ်ပင်မြို့တွင် စစ်ကော်မရှင်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) အမှတ်-၆ ရှိနေသည်။ ကပစ-၁၄ ရှိရာ မကွေးတိုင်း ပဒါန်းမြို့နှင့် ၁၇ မိုင်ဝန်းကျင်သို့လည်း AA နှင့် ပူးပေါင်းတပ်များ၏ထိုးစစ် ရောက်ရှိနေပါသည်။


▪️အခြေအနေ ဦးတည်ချက် (Status/trends)

အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များသည် ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် စစ်မျက်နှာချဲ့ထွင်နေသည်။ မကွေး တိုင်းနှင့် ပဲခူးတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် စစ်ကော်မရှင်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) ၁၆ ခုရှိသည်။ AA သည် အခြားသော မဟာမိတ် တပ်များနှင့် ပူးပေါင်းကာ ရခိုင်ပြည်နယ်နှင့် နီးစပ်ရာဒေသများတွင် ခြေကုပ်ယူရန် ကြိုးပမ်းနေသည်။ လက်ရှိတွင် AA သိမ်းယူထားသောဒေသများကို စစ်ကော်မရှင်က အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ သို့သော် စစ်ကော်မရှင်သည် ရှမ်းမြောက်အပစ်ရပ်မှုကို အခွင့်အရေးယူ၍ AA ထိန်းချုပ်ရာဒေသများတွင် စစ်ရှိန်မြှင့်လာသည်။


▪️သက်ရောက်နိုင်ခြေ (Implications)

ရှမ်းမြောက်တွင် အပစ်ရပ်ထားသော စစ်ကော်မရှင်သည် AA ထိန်းချုပ်ရာဒေသများ၌ စစ်အင်အားဖြည့်တင်းခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကို တိုးမြှင့်လာသည်။ AA အနေနှင့်လည်း စစ်ကော်မရှင်၏ စစ်ရှိန်မြှင့်လာမှုများအပြင် ရခိုင်ကမ်းရိုးတန်းဘက်တွင် စစ်ဆိုင်ထားရမှု၊ သိမ်းပိုက်ပြီးပါကလည်း ထိန်းချုပ်ထားရန်ခက်ခဲမှုများကြောင့် ကပစစက်ရုံများကို သိမ်းနိုင်ရန်မှာ မလွယ်သေးပေ။ စစ်ဆိုင်ထားခြင်းဖြင့် ကပစများ ၏ လည်ပတ်နိုင်မှုကို အနှောင့်အယှက်ပေးရန်သာ စွမ်းဆောင်နိုင်ဦးမည်ဖြစ်သည်။


▪️ဆီလျော်မှု (Relevance)

ISP On Point အမှတ်-၂၆ တွင် ဖော်ပြခဲ့သည့်အတိုင်း AA သည် ‘အပြောနည်းနည်း အလုပ်များများ’ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ရခိုင်ပြည်နယ်အပြင်ဘက်သို့ နယ်မြေချဲ့ထွင်စိုးမိုးနိုင်ရန် ထိုးစစ်ဆင်နေရှိသည်။ တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မျက်နှာတွင် အပစ်ရပ်စဲသွားခြင်းက AA ၏ ‘မဟာမိတ်တံတိုင်းနှင့် ကြားခံနယ်မြေချဲ့ထွင်ရေးဗျူဟာ’အပေါ် မည်မျှသက်ရောက်သည်ကို ရခိုင်ပြည်နယ်အပြင်ဘက်ရှိ AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်များကို လေ့လာကာ ဆန်းစစ်နိုင်မည်ဖြစ်သည်။




ISP Stakeholder Tracker

AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်၊ စစ်ကော်မရှင်၏ ကပစစက်ရုံများကို သိမ်းနိုင်ရန် မလွယ်ကူသေး 






2 Responses

Leave a Reply

Your email address will not be published. Required fields are marked *