Tracker

အာဏာသိမ်းမှုအလွန် စစ်တိုင်းမှူးအပြောင်းအလဲ အကြိမ် ၅၀ ရှိခဲ့

စစ်ဆင်ရေးဖော်ဆောင်မှုများကို အမိန့်ပေးကွပ်ကဲရသည့် တိုင်းစစ်ဌာနချုပ် ၁၄ ခု၏ တိုင်းမှူးများကို စစ်ခေါင်းဆောင်က မကြာခဏ ပြောင်းလဲလေ့ရှိသည်။ စစ်ရေးဆုံးရှုံးမှုကြောင့် တိုင်းမှူး ပြောင်းလဲမှုရှိသည့်အပြင် စစ်ရေးလှုပ်ရှားမှုနည်းသော တိုင်းစစ် ဌာနချုပ်များတွင်ပါ ပြောင်းလဲမှုများရှိခဲ့သည်။
By ISP Admin | December 17, 2025

Photo – AFP


▪️ကာလ (Period)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်အထိ။


▪️သက်ဆိုင်သူများ (Stakeholders)

မြန်မာစစ်တပ်၏ တိုင်းစစ်ဌာနချုပ် တိုင်းမှူးများ။


▪️ဖြစ်စဉ်အကျဉ်း (Issues/activity)

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအလွန် တိုင်းစစ်ဌာနချုပ် ၁၄ ခုကို ကွပ်ကဲနေရသော စစ်တိုင်းမှူးများကို ငါးနှစ်နီးပါးအတွင်း  နေရာအပြောင်းအလဲ အကြိမ် ၅၀ အထိပြုလုပ်ခဲ့သည်။ ဗိုလ်ချုပ် ၄၀ ဦးနှင့် ဗိုလ်မှူးချုပ်ခြောက်ဦး၊ စုစုပေါင်း အရာရှိ ၄၆ ဦးကို နေရာပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး တချို့ကို တကြိမ်မကပြောင်းရွှေ့ခဲ့သည်။


▪️အခြေအနေ ဦးတည်ချက် (Status/trends)

စစ်ဆင်ရေးဖော်ဆောင်မှုများကို အမိန့်ပေးကွပ်ကဲရသည့် တိုင်းစစ်ဌာနချုပ် ၁၄ ခု၏ တိုင်းမှူးများကို စစ်ခေါင်းဆောင်က မကြာခဏ ပြောင်းလဲလေ့ရှိသည်။ စစ်ရေးဆုံးရှုံးမှုကြောင့် တိုင်းမှူး ပြောင်းလဲမှုရှိသည့်အပြင် စစ်ရေးလှုပ်ရှားမှုနည်းသော တိုင်းစစ်ဌာနချုပ်များတွင်ပါ ပြောင်းလဲမှုများရှိခဲ့သည်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် ပြောင်းလဲမှုအများဆုံးဖြစ်ခဲ့ပြီး အရှေ့ပိုင်းတိုင်း၊ နေပြည်တော်နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ဒုတိယနှင့် တတိယလိုက်သည်။  ရခိုင်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုမူ  တကြိမ်သာ အပြောင်းအလဲလုပ်ခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီအချိန်က စစ်တိုင်းမှူးတဦး၏ တာဝန်ထမ်းဆောင်မှုသက်တမ်းသည် ပျမ်းမျှ နှစ်နှစ်ကနေ သုံးနှစ်ဝန်းကျင်ရှိတတ်ပါသည်။ ယခုအချိန်တွင် တာဝန်ထမ်းဆောင်ချိန်သက်တမ်း တနှစ်ပင်မပြည့်သော စစ်တိုင်းမှူး ၂၃ ဦးအထိ ရှိလာပြီဖြစ်သည်။


▪️သက်ရောက်နိုင်ခြေ (Implications)

စစ်တိုင်းမှူးအပြောင်းအလဲသည် ဒေသအတွင်း စစ်ဆင်ရေးဗျူဟာဖော်ဆောင်မှုကို အပြောင်းအလဲများ ဖြစ်စေသည်။  စစ်ရေးလှုပ်ရှားမှုနည်းသော တိုင်းစစ်ဌာနချုပ်များရှိ စစ်တိုင်းမှူးများကိုပါ ပြောင်းလဲနေသဖြင့်  စစ်ဆင်ရေးရှုထောင့် တခုတည်းကနေ ပြောင်းလဲခြင်းမဟုတ်ပေ။ စစ်ခေါင်းဆောင်၏ ပုဂ္ဂိုလ်ရေးအာဏာတည်ဆောက်ခြင်းနှင့်လည်း ဆက်စပ်နိုင်ပါသည်။  စစ်တိုင်းမှူးတဦးသည် တာဝန်ထမ်းဆောင်မှုကာလ လျော့ကျလာသည်နှင့်အမျှ အောက်ခြေ တပ်ရင်း၊ တပ်မများနှင့် ထိတွေ့ပြီး ပုဂ္ဂိုလ်ရေးအာဏာနှင့် သြဇာတည်ဆောက်ရန် အချိန်မှာလည်း လျော့နည်းလာသည်။


▪️ဆီလျော်မှု (Relevance)

စစ်တိုင်းမှူးအပြောင်းအလဲများကို လေ့လာခြင်းဖြင့် စစ်ခေါင်းဆောင်၏ အာဏာတည်ဆောက်မှု မဟာဗျူဟာနှင့် နည်းဗျူဟာများကို သုံးသပ်နိုင်ပါမည်။ ထို့အပြင်  ISP-Myanmar ၏   အကဲဖြတ်ချက်တခုဖြစ်သော(ISP OnPoint အမှတ်-၂၇ တွင် ဖော်ပြထားသည့်) ‘စတုတ္ထမျိုးဆက် တပ်မတော်’ အပြောင်းအလဲနှင့် ချိတ်ဆက်၍ လည်း ရွေးကောက်ပွဲအလွန် နေပြည်တော်၏ အာဏာအရွေ့ကို လွှမ်းမိုးနိုင်မည့် မဟာဗျူဟာများကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။




ISP Stakeholder Tracker

အာဏာသိမ်းမှုအလွန် စစ်တိုင်းမှူးအပြောင်းအလဲ အကြိမ် ၅၀ ရှိခဲ့






Leave a Reply

Your email address will not be published. Required fields are marked *