Special Features

၂၀၂၅ ခုနှစ်အတွင်း ISP-Myanmar ပရိသတ်များ၏ စိတ်အတွေ့ဆုံး အကြောင်းအရာ ၁၀ ခု

၂၀၂၅ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ကြရတာတွေနဲ့ပတ်သက်ပြီး ISP-Myanmar ရဲ့ သုတေသနတွေ့ရှိချက်၊ အကဲဖြတ်ချက်တွေထဲက ပရိသတ်တွေ စိတ်တွေ့ခဲ့တာတွေကို ပြန်ပြောပြချင်ပါတယ်။ ISP-Myanmar အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့အရေး သုတေသနအခြေပြု ထုတ်ဝေမှု ၅၇၁ ခု ပြုလုပ်ခဲ့ပါတယ်။
By ISP Admin | December 30, 2025

Photo – AFP

▪️အယ်ဒီတာမှတ်စု

၂၀၂၅ ခုနှစ်ဟာ မကြာခင်ရက်ပိုင်းမှာပဲ ကုန်လွန်သွားတော့မှာပါ။ စစ်အာဏာသိမ်းပြီးကတည်းက ရင်ဆိုင်လာရတဲ့ စစ်မက်ဘေးကို ဒီတနှစ်လုံးမှာ ကြုံတွေ့ခဲ့ကြရသလို ထိခိုက်သက်ရောက်မှုကြီးမားတဲ့ စစ်ကိုင်း-မန္တလေးငလျင်ကြီးကိုလည်း ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒါ့အပြင် စစ်မက်ဘေးရဲ့နောက်ဆက်တွဲ လူမှုစီးပွားအကျပ်အတည်းတွေကြောင့်လည်း အနေခက်အသေခက် ဖြစ်ခဲ့ရပါတယ်။ ဒီကြားထဲကကိုပဲ ဆက်ပြီး ရုန်းကန်နိုင်ဦးမယ်လို့ ပြည်သူအများစုက တင်းခံဖို့ ကြိုးစားနေကြဆဲပါ။ ဒါပေမဲ့ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းဆိုတဲ့ မီးစာခန်းမသွားစေဖို့အတွက် ခုခံနိုင်စွမ်းဖြစ်တဲ့ ‘အား’ နဲ့ စိတ်ဓာတ်ခွန်အားဖြစ်တဲ့ ‘မာန်’ဟာ ဟန်ချက်မျှနေဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ကြရတာတွေနဲ့ပတ်သက်ပြီး ISP-Myanmar ရဲ့ သုတေသနတွေ့ရှိချက်၊ အကဲဖြတ်ချက်တွေထဲက ပရိသတ်တွေ စိတ်တွေ့ခဲ့တာတွေကို ပြန်ပြောပြချင်ပါတယ်။ ISP-Myanmar အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့အရေး သုတေသနအခြေပြု ထုတ်ဝေမှု ၅၇၁ ခု ပြုလုပ်ခဲ့ပါတယ်။ ISP-Myanmar ရဲ့ ထုတ်ဝေမှုတွေအပြင် လူငယ်တွေရဲ့ ရှုထောင့်စုံအမြင်တွေကို အကျယ်အပြန့် ဆွေးနွေးနိုင်ဖို့အတွက် ISP Column ကဏ္ဍကိုလည်း အသစ်ဖွင့်လှစ်ခဲ့ပြီး ကော်လံဆောင်းပါး ၁၀၅ ပုဒ်အထိ ထုတ်ဝေခဲ့ပါတယ်။ တုံ့ပြန်မှုတွေလည်း များပြားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာတခုတည်းမှာတင် ကြည့်ရှုဖတ်ရှုမှုပေါင်း ၄၄ သန်းကျော်အထိ ရှိခဲ့ပါတယ်။ မီဒီယာနဲ့ သုတေသနအဖွဲ့တွေကလည်း အကြိမ်နှစ်ရာကျော် ကိုးကားခဲ့ကြပါတယ်။ ဒီလို ဖတ်ရှု၊ အသုံးပြုမှုတွေဟာ ISP-Myanmar ရဲ့ သုတေသနလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ဖို့၊ ပြန်လည်မျှဝေဖို့အတွက် ခွန်အားဖြစ်စေသလို တွန်းအားလည်း ဖြစ်စေပါတယ်။ ISP-Myanmar ရဲ့ ထုတ်ဝေမှုတွေကို ဖတ်ရှုပြီး ဝေဖန်ထောက်ပြပေးလို့လည်း ပရိသတ်တွေကို အလေးအနက် ကျေးဇူးတင်ပါတယ်။ နောင်နှစ်မှာလည်း ISP-Myanmar ရဲ့ ထုတ်ဝေမှုတွေမှာ ထည့်ဝင်အားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ။

၂၀၂၅ ခုနှစ်အတွင်း ထုတ်ဝေခဲ့တာတွေထဲက ပရိသတ်စိတ်အတွေ့ဆုံး ဖြစ်ခဲ့တဲ့ ထုတ်ဝေမှုတွေကို ပြန်ပြီး တင်ပြတဲ့အခါ ဆိုရှယ်မီဒီယာတွေပေါ်က တုံ့ပြန်မှုတွေအပြင် ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ထည့်သွင်းတွက်ချက်ခဲ့ပါတယ်။ ‘၂၀၂၅ ခုနှစ် တနှစ်တာအတွင်း ကိန်းဂဏန်းများကပြောသော ISP-Myanmar အကြောင်း’ကို ဦးစွာကြည့်ရှုစေချင်ပါတယ်။ အဲဒါပြီးရင်တော့ ၂၀၂၅ ခုနှစ်အတွင်း ISP-Myanmar ရဲ့ ဝက်ဘ်ဆိုက် နဲ့ ဆိုရှယ်မီဒီယာတွေမှာ ပရိသတ်ဖတ်ရှုမှု အများဆုံး အကြောင်းအရာ ၁၀ ခုကို ဆက်လက်ဖော်ပြပါမယ်။


၂၀၂၅ ခုနှစ်အတွင်း ISP-Myanmar ပရိသတ်များ၏ စိတ်အတွေ့ဆုံး အကြောင်းအရာ ၁၀ ခု



▪️ISP-Myanmar ဝက်ဘ်ဆိုက်နှင့် ဆိုရှယ်မီဒီယာတို့၌ ပရိသတ်ဖတ်ရှုမှုအများဆုံး အကြောင်းအရာ ၁၀ ခု



မတ် ၂၈ စစ်ကိုင်းငလျင်ဘေးဆိုးကြီး – ငလျင်သံခင်းတမန်ခင်းနှင့် နောက်ဆက်တွဲနိုင်ငံရေးငလျင်များ

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်မှာ မန္တလေး-စစ်ကိုင်းငလျင်ကြီး ဖြစ်ခဲ့ပါတယ်။ စံချိန်တင်ပျက်စီး ဆုံးရှုံးမှုတွေ ပေါ်ပေါက်ခဲ့တယ်။ ဒါနဲ့ဆက်စပ်ပြီး ငလျင်ဘေးအလွန်မှာ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကို ဆန်းစစ်ကာ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ နိုင်ငံရေးငလျင်တွေကို ISP-Myanmar က အကဲဖြတ်ခဲ့ပါတယ်။ ငလျင်ကြီးအပြီး လေးရက်အကြာ ဧပြီ ၁ ရက်မှာ ထုတ်ဝေခဲ့တဲ့ ISP-Myanmar ရဲ့ ကနဦးသုံးသပ်ချက် (ISP On Point) ဟာ ၂၀၂၅ ခုနှစ်အတွင်း ISP-Myanmar ပရိသတ်ဖတ်ရှုမှုအများဆုံး သုတေသနပြုလေ့လာချက်တခု ဖြစ်ခဲ့ပါတယ်။


မတ် ၂၈ စစ်ကိုင်းငလျင်ဘေးဆိုးကြီး – ငလျင်သံခင်းတမန်ခင်းနှင့် နောက်ဆက်တွဲနိုင်ငံရေးငလျင်များ



စစ်ရေးတိုက်ပွဲနှင့် နိုင်ငံရေးနိဂုံးချုပ်ချက်

‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းမှာ မြန်မာစစ်တပ် အထိနာခဲ့ပြီး မြန်မာ့တော်လှန်ရေးသမိုင်းမှာ မကြုံဖူးလောက်အောင် စစ်ရေးအရ အသာစီးရခဲ့ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ရေးအောင်မြင်မှုကို နိုင်ငံရေးအလှည့်အပြောင်းအဖြစ် မပြောင်းလဲနိုင်ခဲ့တဲ့အတွက် မြန်မာစစ်တပ်ဟာ နည်းလမ်းအစုံသုံးပြီး ဆုံးရှုံးလိုက်ရတဲ့ မြို့တချို့ကို ပြန်သိမ်းနိုင်ခဲ့ပါတယ်။ စစ်ရေးအောင်ပွဲတွေကို နိုင်ငံရေးရလဒ်ထွက်အောင် ပြောင်းဖို့ ဘယ်လောက် အရေးပါသလဲဆိုတာတွေကို ISP-Myanmar က အကဲဖြတ်တင်ပြခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ဟာ ကြည့်ရှုမှုအများဆုံး ဖြစ်ခဲ့ပါတယ်။


စစ်ရေးတိုက်ပွဲနှင့် နိုင်ငံရေးနိဂုံးချုပ်ချက်



‘အို… မြောက်ပိုင်းလမ်း …’
‘ကရွတ်ခွေ’လိုအပ်နေသော မြန်မာ့ပဋိပက္ခဖြေရှင်းရေးနှင့် အနာဂတ်အလားအလာ

‘ကရွတ်ခွေ’လိုအပ်နေတဲ့ မြန်မာ့ပဋိပက္ခဖြေရှင်းရေးနဲ့ အနာဂတ်အလားအလာအပေါ် ‘အို… မြောက်ပိုင်းလမ်း…’ ခေါင်းစဉ်အောက်ကနေ ISP-Myanmar က ကနဦးသုံးသပ်ချက် (On Point) သုံးပုဒ် (trilogy) ရေးသားခဲ့ပါတယ်။ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ EAOs တွေအကြား နိုင်ငံရေးရည်မှန်းချက်တွေ မတူတဲ့အတွက် အရှေ့မြောက်စင်္ကြံ၊ အရှေ့ တောင်စင်္ကြံနဲ့ အနောက်ပိုင်းစင်္ကြံတွေ ပေါင်းစည်းပြီး နေပြည်တော်ကို နိုင်ငံရေးအရ ဖိအားပေးအနိုင်ယူနိုင်ဖို့၊ ဒါမှမဟုတ် စင်္ကြံသုံးသွယ်နဲ့ နိုင်ငံသစ်တခုကို ကြံရွယ်ဖို့ဆိုတာက ဖြစ်တန်ခြေနည်းပါသေးကြောင်း အကဲဖြတ်ခဲ့ပြီး ဒီသုံးသပ်ချက်သုံးပုဒ်စလုံးကို ပရိသတ် စိတ်ဝင်စားမှု မြင့်မားခဲ့ပါတယ်။


‘အို… မြောက်ပိုင်းလမ်း …’- အချုပ်အခြာအာဏာကို တဆင့်ခံကန်ထရိုက်ပေးခြင်း


‘အို… မြောက်ပိုင်းလမ်း …’ – ‘ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ’ ထိုင်းနိုင်ငံဖောက်ရမည့်လမ်း


‘အို… မြောက်ပိုင်းလမ်း …’ – ဒုတ်ဒုတ်ထိမျက်တွေ့ (De Facto) ထီးပြိုင်နန်းပြိုင်ရခိုင်ပြည်



စတုတ္ထမျိုးဆက်‘တပ်မတော်’ဖြစ်နိုင်ခြေ
ပြည်တင်းတာကို နာတော်ခံမလား၊ ရှင်ကြီး ကျားထက် ပိုဆိုးမလား

၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ၁၀ လတာကာလအတွင်းမှာ မြန်မာစစ်တပ်ဟာ သမိုင်းမှာ မကြုံဖူးလောက်အောင် ရှော့ခ်အကြီးကြီး ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ သူ့ရဲ့အားနည်းချက် (ဗဟိုပြိုရင် တိုင်းပြည်ပြိုမယ်ဆိုတာ)ကို လက်နက်အဖြစ် (weaponizing the weakness) သုံးပြီးတော့ လက်ရှိအကျပ်အတည်းထဲကနေ ထွက်ပေါက်ရှာနိုင်ခဲ့တာ တွေ့ရပါတယ်။ စစ်တပ်ကို မကြာမတင်အချိန်မှာ စစ်ရေးအရ ပြိုအောင် မဖြိုနိုင်တော့ဘူးဆိုရင် (တော်လှန်စစ်ဟာ ရေရှည်စစ်အဖြစ် ထပ်တခါ ဇာတ်မျောပြီဆိုရင်) မြန်မာ့နိုင်ငံရေးအပြောင်းအလဲဟာ စစ်တပ်တွင်း ပြုပြင်ပြောင်းလဲရေး ဖြစ်၊ မဖြစ်နဲ့ ဆက်စပ်လာနိုင်ပါတယ်။ မြန်မာစစ်တပ်အတွင်း စတုတ္ထမျိုးဆက်အကြာင်း ISP-Myanmar ရဲ့ အကဲဖြတ်ချက်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၅ ရက်မှာ ထုတ်ဝေခဲ့ပါတယ်။ ပရိသတ် စိတ်ဝင်စားမှု မြင့်မားခဲ့သလို ပြန်လည်ကိုးကားဖော်ပြကြတာလည်း များပြားခဲ့ပါတယ်။


စတုတ္ထမျိုးဆက်‘တပ်မတော်’ဖြစ်နိုင်ခြေ – ပြည်တင်းတာကို နာတော်ခံမလား၊ ရှင်ကြီး ကျားထက် ပိုဆိုးမလား



အရပ်သားများ အစုအပြုံလိုက်သတ်ဖြတ်ခံရမှု ၉၅ ကြိမ်ထက်မနည်း ရှိလာ

ပဋိပက္ခအတွင်း အရပ်သားတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေကိုလည်း ISP-Myanmar က သုတေသနပြု မှတ်တမ်းတင်ခဲ့ပါတယ်။ လက်နက်တမျိုးမျိုးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရတာ၊ မီးရှို့ခံရတာနဲ့ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၀ ဦးနဲ့အထက် အစုအပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေကို မှတ်တမ်းပြုခဲ့တာပါ။ တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေနဲ့ စစ်ရေးတင်းမာနယ်မြေတွေမှာရှိတဲ့ အရပ်သားတွေဟာ အန္တရာယ်ဖြစ်နိုင်ခြေအမြင့်ဆုံး ဖြစ်နေပါတယ်။ အရပ်သားနေအိမ်တွေအပြင် သာသနိကအဆောက်အအုံတွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေပါ ပစ်မှတ်ထားခံနေရတာကြောင့် ပဋိပက္ခတွေအတွင်း အရပ်သားတွေအပေါ် ကာကွယ်မှုပေးနိုင်စွမ်း (civilian protection) အဆိုးရွားဆုံး နိမ့်ကျနေပါတယ်။


အရပ်သားများ အစုအပြုံလိုက်သတ်ဖြတ်ခံရမှု ၉၅ ကြိမ်ထက်မနည်း ရှိလာ



မြန်မာ့မြေရှားတူးဖော်မှု – ဗျူဟာမြောက်သတ္တုနောက်ကွယ်က ကပ်ဘေးသင့်ပြည်သူများ

စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ မြေရှားသတ္တုတွေကို ကချင်ပြည်နယ်အတွင်း အဆမတန် တိုးချဲ့တူးဖော်လာခဲ့ပြီး တရုတ်ကုမ္ပဏီတွေ ပါဝင်နေပါတယ်။ တရုတ်နိုင်ငံဟာ မန္တလေး-စစ်ကိုင်း ငလျင်ဘေးမှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ပြီး ‘ငလျင်သံခင်းတမန်ခင်း’ ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပေမဲ့ မြေရှားလုပ်ငန်းမှာတော့ စည်းကမ်းမဲ့ တူးဖော်တာတွေကြောင့် ဒေသခံတွေဟာ အကျိုးစီးပွားမခံစားရဘဲ သဘာဝပတ်ဝန်းကျင်နဲ့ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကိုပဲ ခံစားနေကြရပါတယ်။ သဘာဝဘေးမှာ ကူညီသလို သယံဇာတတူးဖော်ရေးလုပ်ငန်းတွေမှာလည်း တရုတ်နိုင်ငံအနေနဲ့ တာဝန်ယူမှုရှိရှိ စံချိန်စံညွှန်းပြည့်ပြည့် ဆောင်ရွက်ဖို့လိုကြောင်း ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်မှာ ဆွေးနွေးခဲ့ကြပြီး စိတ်ဝင်စားမှုများခဲ့ပါတယ်။


မြန်မာ့မြေရှားတူးဖော်မှု – ဗျူဟာမြောက်သတ္တုနောက်ကွယ်က ကပ်ဘေးသင့်ပြည်သူများ



မြန်မာ့အရေး နိုင်ငံတကာ၏တူညီဆန္ဒ ခိုင်မာအားကောင်းစေရန် မူဝါဒအကြံပြုချက်

ISP-Myanmar အနေနဲ့ သုတေသနတွေ့ရှိချက်တွေကို ပုံစံပြောင်းထုတ်ဝေခဲ့ပြီး ဒီလို ထုတ်ဝေမှုအသစ်တွေထဲမှာ Policy Brief လည်း ပါဝင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလအာဆီယံထိပ်သီးအစည်းအဝေး မကျင်းပမီ လေးရက်အလို (၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်)မှာ မူဝါဒအကြံပြုချက်တရပ် ထုတ်ဝေခဲ့ပါတယ်။ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်နဲ့ပတ်သက်ပြီး မူဝါဒပြဿနာ၊ နောက်ခံအခြေအနေ၊ အာဆီယံအလှည့် ကျနိုင်ငံအလိုက် မြန်မာ့အရေးချဉ်းကပ်ပုံ၊ မူဝါဒရွေးချယ်စရာတွေကို တင်ပြခဲ့ပြီး မူဝါဒအကြံပြုချက်အဖြစ် အစားထိုးစရာ သဘောတူညီချက်တရပ်ရပ်ကို မဖော်ဆောင်နိုင်သေးချိန်မှာ အာဆီယံဘုံသဘောတူညီချက်ကို  ချည်တိုင်အဖြစ် ဆက်လက်ထောက်ခံပြီး နိုင်ငံရေးခေါင်းဆောင်အဆင့် တိုက်ရိုက်အားထည့် ကြားဝင်ဆောင်ရွက်ရေးကို အလေးပေးတွဲ ဖက်ကျင့်သုံးသင့်ကြောင်း ISP-Myanmar က အကြံပြုခဲ့ပါတယ်။


မြန်မာ့အရေး နိုင်ငံတကာ၏တူညီဆန္ဒ ခိုင်မာအားကောင်းစေရန် မူဝါဒအကြံပြုချက်



အခြေခံပညာသင်ယူခွင့်ဆုံးရှုံးသူ ခုနစ်သန်းဝန်းကျင်ရှိနိုင်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှုစီးပွားအခြေအနေတွေကို ISP-Myanmar အနေနဲ့ သုတေသနပြုလေ့လာခဲ့ရာမှာ အခြေခံပညာသင်ယူခွင့် ဆုံးရှုံးမှုတွေကိုလည်း ဆန်းစစ်ခဲ့ပါတယ်။ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းနဲ့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)တို့ရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံတွက်ချက်ခဲ့ပြီး ကျောင်းနေအရွယ်ကလေးအားလုံးရဲ့ ၅၃ ရာခိုင်နှုန်းဟာ ပညာသင်ယူခွင့်ဆုံးရှုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျောင်းတက်နှုန်း ပိုမိုကျဆင်းလာတာဟာ စီးပွားရေးမပြေလည်မှုနဲ့ လုံခြုံရေးစိတ်မချရမှု စတာတွေကြောင့်ဖြစ်တယ်လို့ ISP-Myanmar က အကဲဖြတ်ခဲ့ပါတယ်။


အခြေခံပညာသင်ယူခွင့်ဆုံးရှုံးသူ ခုနစ်သန်းဝန်းကျင်ရှိနိုင်



တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄)

တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်းရဲ့ သဘောထားအမြင်စစ်တမ်း(၂၀၂၄)ကို ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်မှာ ထုတ်ဝေခဲ့ပါတယ်။ မြန်မာ့အကျပ်အတည်းမှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှု၊ ငြိမ်းချမ်းရေး၊ စီးပွားရေးစင်္ကြံစီမံကိန်းစတဲ့ ကဏ္ဍရှစ်ခုအတွက် မေးခွန်း ၉၂ ခု ပါဝင်ပါတယ်။ ထူးခြားချက်အနေနဲ့ မြန်မာ့ပဋိပက္ခဖြေရှင်းရေးအပေါ် တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်တွေနဲ့ မူဝါဒတွေအပေါ် သဘောထားကို မေးမြန်းထားတဲ့ မေးခွန်းတွေကို အခုစစ်တမ်းမှာ ထည့်သွင်းခဲ့ပါတယ်။ ကပြင်ရပ်ဝန်းအဖွဲ့ဝင်တွေကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး အီးမေးလ်ကတဆင့် ဖွင့်ဖတ်သူများခဲ့ပါတယ်။ စစ်တမ်းအပြည့်အစုံကို ISP-Myanmar ဝက်ဘ်ဆိုက်မှာ ရယူဖတ်ရှုနိုင်ပါတယ်။


တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄)



‘မှန်အိမ် မီးစာမြှင့်ထားတယ်’
လူမှုစီးပွားအကျပ်အတည်းနှင့် လူထု၏ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်း စစ်တမ်းတွေ့ရှိချက်

စစ်အာဏာသိမ်းမှုနောက်ပိုင်း လူမှုစီးပွားအခြေအနေတွေကို ISP-Myanmar အနေနဲ့ စဉ်ဆက်မပြတ် သုတေသနပြုလေ့လာခဲ့ပါတယ်။ ဒီအထဲမှာ စစ်ရေးပဋိပက္ခကိုအခြေခံတဲ့ ကုန်သွယ်လမ်းကြောင်းပိတ်ဆို့မှုတွေက ပြည်သူတွေအပေါ် ဘယ်လောက်သက်ရောက်မှုရှိသလဲဆိုတဲ့ သုတေသနပြုစစ်တမ်းကောက်ယူမှုလည်း ပါခဲ့ပါတယ်။ ဒီစစ်တမ်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာနောက်ဆုံးပတ်မှာ ကောက်ယူခဲ့ပြီး ရလဒ်တွေကို နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ဝေခဲ့ပါတယ်။ စစ်တမ်းရလဒ်တွေကို စိတ်ဝင်စားသူများခဲ့ပါတယ်။ စစ်တမ်းတွေ့ရှိချက်တွေကို အခြေခံပြီး ‘ရှိသင့်တဲ့ အားနဲ့မာန်၊ ဟန်နိုင်မှ’-ကုန်သွယ်စီးဆင်းမှု ပြတ်တောက်ခဲ့သောလမ်းများနှင့်  လူမှုစီးပွားဒဏ်ကိုတောင့်ခံနေသည့် ပြည်သူများ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကိုလည်း ကြည့်ရှုမှုများခဲ့ပါတယ်။


‘မှန်အိမ် မီးစာမြှင့်ထားတယ်’ – လူမှုစီးပွားအကျပ်အတည်းနှင့် လူထု၏ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်း စစ်တမ်းတွေ့ရှိချက်




One Response

  1. နိုင်ငံနှင့်လူမျိုးအတွက်အပြုသဘောဖြင့်လေ့လာဆွေးနွေးလိုပါသည်

Leave a Reply

Your email address will not be published. Required fields are marked *