ReportsRESEARCH

မြေရှားသတ္တု၏ တန်ဖိုး – စစ်မီးအလယ်က မြန်မာ့မြေရှားသတ္တု တူးဖော်မှုများ

၂၀၁၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ရှစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် မြေရှားသတ္တုကုန်ကြမ်း တင်သွင်းရာ အဓိကပြည်ပရင်းမြစ် ဖြစ်လာခဲ့ပါတယ်။ မြန်မာကနေ တင်ပို့တဲ့ မြေရှားသတ္တုတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ လေးဘီလီယံကျော် ရှိခဲ့ပါတယ်။
By ISP Admin | July 4, 2025

Photo – MRHZ

ဤအစီရင်ခံစာသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ တရုတ်ရေးရာလေ့လာမှု (China Studies) က လုပ်ဆောင်လျက်ရှိသော သုတေသနပြု လေ့လာချက်များထဲမှ တစိတ်တပိုင်းဖြစ်သည်။ အစီရင်ခံစာကို East West Management Institute ၏ ပံ့ပိုးမှုနှင့် International Development Research Centre (IDRC), Ottawa, Canada ၏ ထောက်ပံ့ကြေးဖြင့် ဆောင်ရွက်ခဲ့ကာ ၂၀၂၅ ခုနှစ် ဇွန်လတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့ပြီး ဇူလိုင်လတွင် မြန်မာဘာသာဖြင့် ထုတ်ဝေပါသည်။ အစီရင်ခံစာပါ ဖော်ပြချက်များသည် IDRC သို့မဟုတ် ၎င်းအုပ်ချုပ်ရေးဘုတ်အဖွဲ့၏ အာဘော်မဟုတ်ပါ။

▪️အစီရင်ခံစာ အကျဉ်းချုပ်

၂၀၁၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ရှစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် မြေရှားသတ္တုကုန်ကြမ်း တင်သွင်းရာ အဓိကပြည်ပရင်းမြစ် ဖြစ်လာခဲ့ပါတယ်။ မြန်မာကနေ တင်ပို့တဲ့ မြေရှားသတ္တုတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ လေးဘီလီယံကျော် ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့မြေရှားသတ္တု တင်ပို့မှုဟာ သိသိသာသာတိုးလာခဲ့ပြီး ၂၀၂၁-၂၀၂၄ ခုနှစ်အတွင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန်ဖိုးရှိတဲ့ မြေရှားသတ္တုတွေ တင်ပို့ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးကာလ ၂၀၂၁-၂၀၂၄ ခုနှစ်အတွင်း တင်ပို့မှုဟာ ၂၀၁၇-၂၀၂၄ ခုနှစ် ရှစ်နှစ်တာကာလအတွင်း မြန်မာက တရုတ်ကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တုတန်ဖိုးရဲ့ ၈၄ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ၂၀၂၃ ခုနှစ်ဟာ နှစ်စဉ်မြေရှားတင်ပို့မှုထဲမှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအထိ ရှိခဲ့ပါတယ်။ ဒီလိုမြင့်တက်လာရတဲ့ အဓိကအကြောင်းရင်းကတော့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ သတ္တုတူးဖော်မှု တိုးချဲ့လာတာကြောင့်ပါ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ မြေရှားသတ္တုတူးဖော်မှု ကျယ်ပြန့်လာခဲ့ပါတယ်။ စည်းကမ်းမထိန်းသိမ်းနိုင်တဲ့ တရားမဝင် သတ္တုတူးဖော်မှုတွေ သိသိသာသာ တိုးလာတာကို ဂြိုဟ်တုဓာတ်ပုံတွေကနေတဆင့်လည်း တွေ့ရပါတယ်။ ဒီလုပ်ငန်းတွေမှာ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (EAOs) ပါဝင်နေပြီး သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေကို ပိုမိုဆိုးရွားလာစေပါတယ်။

မြေရှားဟာ သတ္တုဒြပ်စင် ၁၇ မျိုးပါဝင်ပါတယ်။ ဒြပ်စင်တွေရဲ့ အက်တမ်အလေးချိန်ပေါ် မူတည်ပြီး ပေါ့ပါးမြေရှားဒြပ်စင် (LREE) နဲ့ လေးလံမြေရှားဒြပ်စင် (HREE) အဖြစ် အဓိက အုပ်စုနှစ်ခု ခွဲထားပါတယ်။ ပေါ့ပါးမြေရှားဒြပ်စင် (LREE) တွေကို ပိုအတွေ့ရများပြီး စျေးကွက်တန်ဖိုးလည်း နည်းပါတယ်။ လေးလံမြေရှားဒြပ်စင် (HREE) တွေကတော့ ရှားပါးပြီး ပုံမှန်အားဖြင့် ပိုဈေးကြီးပါတယ်။ အဆင့်မြင့် တန်ဖိုးမြင့် နည်းပညာထုတ်ကုန်တွေ ထုတ်လုပ်ရာမှာ HREE တွေက မရှိမဖြစ်အရေးကြီးပါတယ်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ HREE နှစ်မျိုးဖြစ်တဲ့ ဒစ်စပရိုဆီယမ် (Dy) နဲ့ တာဘီယမ် (Tb) တို့ကို အဓိကထုတ်ယူကြပါတယ်။ ဒီဒြပ်စင်တွေဟာ အဆင့်မြင့် နည်းပညာပစ္စည်းတွေ ထုတ်လုပ်ရာမှာ အရေးပါပါတယ်။ အထူးသဖြင့် ကာကွယ်ရေးနဲ့ စစ်ဘက်နည်းပညာတွေ၊ အာကာသပစ္စည်းတွေနဲ့ အစိမ်းရောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု နည်းပညာတွေမှာ အသုံးချပါတယ်။ မြင့်မားတဲ့ အပူချိန်ဒဏ်ကို ကြာရှည်ခံနိုင်တဲ့ အမြဲတမ်းသံလိုက်တွေ ထုတ်လုပ်ဖို့လည်း မရှိမဖြစ်လိုအပ်ပါတယ်။ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ရှစ်နှစ်တာကာလမှာ ပမာဏအားဖြင့် တရုတ်နိုင်ငံ မြေရှားဒြပ်စင်တင်သွင်းမှုရဲ့ သုံးပုံနှစ်ပုံလောက် (အများစုက HREE တွေ)က မြန်မာနိုင်ငံကနေ ထွက်ရှိတာ ဖြစ်ပါတယ်။ တရုတ်ကို မြေရှားကုန်ကြမ်းတွေ ထောက်ပံ့ရာမှာ မြန်မာရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ဒီအချက်က မီးမောင်းထိုးပြသနေပါတယ်။

ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုတူးဖော်မှုတွေကို ဂြိုဟ်တုပုံရိပ်သုံးကာ ဆန်းစစ်လေ့လာကြည့်တဲ့အခါ အာဏာသိမ်းပြီးနောက်ပိုင်း မြေရှားတူးဖော်မှုတွေ သိသိသာသာ တိုးလာတာကို တွေ့ရပါတယ်။ ချီဖွေနဲ့ မိုးမောက်လို နေရာတွေမှာ သတ္တုလုပ်ကွက်တွေရဲ့ အရေအတွက် သိသိသာသာများလာပါတယ်။ ချီဖွေတနေရာတည်းမှာ သတ္တုလုပ်ကွက် အရေအတွက်ဟာ အာဏာမသိမ်းမီက လုပ်ကွက် ၁၀၀ ဝန်းကျင် ရှိခဲ့ရာကနေ အာဏာသိမ်းမှုနောက်ပိုင်းမှာ လုပ်ကွက် ၃၅၇ တွက်အထိရှိလာပြီး သုံးဆဝန်းကျင် တိုးလာတာကို တွေ့ရပါတယ်။ ဓာတုပျော်ရည်ကန်နဲ့ တူးဖော်တဲ့ စုဆောင်းကန်တွေလည်း အရင်က ကန် ၁,၀၀၀ ဝန်းကျင်ရှိရာကနေ အခုအခါ ၂,၅၀၀ ကျော်အထိ ရှိလာ ပြီး ၁၅၀ ရာခိုင်နှုန်း တိုးလာတာ တွေ့ရပါတယ်။ ဒေသတခုလုံးမှာ မြေရှားသတ္တုတူးဖော်မှု ၁၉၄ ရာခိုင်နှုန်းအထိ တိုးလာပြီး ကျေးရွာအုပ်စု ၁၃ အုပ်စုနဲ့ အနည်းဆုံး ကျေးရွာ ၃၆ ရွာကို လွှမ်းခြုံထားပါတယ်။ စည်းမဲ့ကမ်းမဲ့ မြေရှားတူးဖော်မှုတွေ များပြားလာတာကြောင့် သဘာဝပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ပျက်စီးလာရပါတယ်။ ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ ဓာတုပစ္စည်းစိမ့်ဝင်မှု၊ ဒေသခံဂေဟစနစ် ပျက်စီးယိုယွင်းမှုတွေ ဖြစ်လာပါတယ်။ ဒေသခံတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအပေါ်လည်း ထိခိုက်လာပါတယ်။ မြေဆီလွှာညစ်ညမ်းမှုကြောင့် ထွက်ရှိလာတဲ့ သီးနှံတွေကို အရင်ကလို တရုတ်နိုင်ငံကို တင်ပို့ရောင်းချလို့ မရတော့တဲ့အပြင် ရေညစ်ညမ်းမှုနဲ့ ခဲဓာတ်ညစ်ညမ်းမှုတွေကြောင့် မွေးမြူရေးလုပ်ငန်းတွေလည်း လျော့ကျလာခဲ့ရပါတယ်။

ဒီသတ္တုတူးဖော်မှုတွေကြောင့် ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ ဆိုးကျိုးတွေကလည်း စိုးရိမ်စရာဖြစ်နေတာကို တွေ့ရပါတယ်။ အမိုနီယမ်ဆာလဖိတ် (ammonium sulphate) နဲ့ အောက်ဆလစ်အက်ဆစ် (oxalic acid) လို အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့နေရတဲ့ အလုပ် သမားတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ရေရှည်ကျန်းမာရေး ပြဿနာတွေ၊ အထူးသဖြင့် အမျိုးသမီးအလုပ်သမားတွေမှာ ကိုယ်ဝန်ပျက်ကျတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ချီဖွေနဲ့ မိုးမောက်လို မြေရှားတွင်းတူးတဲ့ နေရာတွေနားက ရပ်ရွာတွေက ဒေသခံတွေမှာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး နွားတွေမှာ အဖုအကျိတ်တွေ တွေ့လာရပါတယ်။ သန့်ရှင်းတဲ့ရေရဖို့လည်း ခက်ခဲလာပါတယ်။ လူမှုရေး မတည်ငြိမ်မှုတွေလည်း တိုးလာသလို သတ္တုတွင်းတွေရှိတဲ့ နေရာတွေမှာ မူးယစ်ဆေးသုံးစွဲမှု၊ လူကုန်ကူးမှုနဲ့ လိင်အကြမ်းဖက်မှုတွေ များလာပါတယ်။ ဒါ့အပြင် ဒေသခံတွေကို မြေယာရောင်းချ လွှဲပြောင်းပေးဖို့ သဘောတူညီချက်တွေ အတင်းအကျပ်လက်ခံဖို့ လက်နက်ကိုင်အဖွဲ့တွေနဲ့ သတ္တုတူးဖော်တဲ့ ကုမ္ပဏီတွေက ဖိအားပေးခဲ့ကြတာပါ။ မြေရှားသတ္တုတူးဖော်မှုနဲ့ပတ်သက်ရင် တရားဝင်စည်းမျဉ်းစည်းကမ်း မရှိတာကြောင့် သယံဇာတ လုယက်အမြတ်ထုတ်မှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ထိန်းသိမ်းမရနိုင်လောက်အောင် ဆက်လက်ဖြစ်ပေါ်စေပြီး ဒေသခံတွေရဲ့ လူမှုနဲ့ စီးပွားရေး အကျပ်အတည်းကို ပိုပြီးနက်ရှိုင်းစေခဲ့ပါတယ်။

ကချင်ပြည်နယ်က အခြေအနေဟာ မြေရှားသတ္တုတူးဖော်မှုမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေး မတည်ငြိမ်မှုတွေ မကြာခဏ ဒွန်တွဲဖြစ်ပေါ်နေတဲ့ အခြေအနေကို မီးမောင်းထိုးပြနေပါတယ်။ မြေယာရောင်းဝယ်/သိမ်းဆည်းမှုတွေမှာ ပွင့်လင်းမြင်သာမှု မရှိသလို အမြတ်ထုတ် ခေါင်းပုံဖြတ်မှုနဲ့ လူမှုဆိုးကျိုးတွေကို ဆက်လက်ဖြစ်ပေါ်နေစေပါတယ်။ ဒီလိုဆိုးကျိုးတွေကို လျှော့ချဖို့ဆိုရင် ဒေသခံရပ်ရွာတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးစဉ်းစားဖို့လိုအပ်ပြီး ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းကြီးကြပ်မှုနဲ့ တာဝန်ယူတာဝန်ခံမှုရှိတဲ့ သတ္တုတူးဖော်မှုမျိုး အရေးတကြီး လိုအပ်နေပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ဆိုတာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက်သာမက သဘာဝအရင်းအမြစ်တွေကို အမြတ်ထုတ်မှုကြောင့် လူမှုရေးနဲ့ နိုင်ငံရေးပဋိပက္ခတွေကို ဆက်လက်ဖြစ်ပေါ်စေပါတယ်။ ကချင်ပြည်နယ်လို ပဋိပက္ခဒဏ် ခံရတဲ့ ဒေသတွေမှာ ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို မြှင့်တင်ဖို့အတွက်လည်း မရှိမဖြစ် လိုအပ်နေပါတယ်။

အပြည့်အစုံ ဖတ်ရှုရန် 🔻

Report

မြေရှားသတ္တု၏ တန်ဖိုး – စစ်မီးအလယ်က မြန်မာ့မြေရှားသတ္တု တူးဖော်မှုများ




Leave a Reply

Your email address will not be published. Required fields are marked *