Photo – AFP
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) တည်ထောင်ခဲ့သူနှင့် အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ‘မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူ’ (Wrongfully Detained) အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တရားဝင်သတ်မှတ်ခဲ့ခြင်းကို ISP-Myanmar အနေဖြင့် ကြိုဆိုပါသည်။ ဦးမင်းဇင် ပြန်လည်လွတ်မြောက်ရေးသည် အမေရိကန်အစိုးရအတွက် အဓိကဦးစားပေး လုပ်ငန်းတရပ်ဖြစ်ကြောင်း အဆိုပါသတ်မှတ်ချက်ကနေ ရှင်းလင်းပြတ်သားသော သတင်းစကား ပေးပို့လိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်းသည် လွတ်လပ်သော အချက်အလက်အခြေပြု (Open-Source) သုတေသီများနှင့် ပညာရှင်များအတွက် မည်သည့် ခြိမ်းခြောက်ဖိအားပေးမှု၊ မတရားဖမ်းဆီးခံရမှုမရှိဘဲ ၎င်းတို့၏ သုတေသနလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိသင့်ကြောင်း ထပ်လောင်းအတည်ပြုလိုက်ခြင်း ဖြစ်သည်ဟု အသိဉာဏ်ပညာဆိုင်ရာလွတ်လပ်ခွင့် (Intellectual Freedom) ကို အဓိကမဏ္ဍိုင်အဖြစ် စောင့်ထိန်းဆောင်ရွက်နေသော အဖွဲ့အစည်းတခုအနေဖြင့် ရှုမြင်ပါသည်။
ဦးမင်းဇင် ပြန်လွတ်လာနိုင်ရေးကိစ္စကို အဓိကဦးစားပေးအဖြစ် ဆက်လက်ထားရှိပေးပါရန် အမေရိကန်အစိုးရကို မေတ္တာရပ်ခံပါသည်။ အထူးသဖြင့် လာမည့်စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စု၌ ပြုလုပ်မည့် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံမှုမတိုင်ခင် ဦးစားပေး လုပ်ဆောင်ပေးစေလိုပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့်လည်း ဦးမင်းဇင်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးပါရန် ထပ်မံ၍ လေးနက်စွာ တောင်းဆိုအပ်ပါသည်။ မကြာမီအချိန်အတွင်း ဦးမင်းဇင်သည် ၎င်း၏ မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေများနှင့် ပြန်လည်ဆုံဆည်းနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
