ကပြင်ရပ်ဝန်းအကြောင်း

ISP-Myanmar အနေနဲ့ စတင် တည်ထောင်စဉ်ကတည်းက ဒီမိုကရေစီကျတဲ့ ခေါင်းဆောင်မှု ပေါ်ထွန်းရေး၊ တိုင်းရင်းသား လူမျိုးစုနဲ့ ဘာသာရေး လူနည်းစုတွေရဲ့ တန်းတူအခွင့်အရေး၊ လူမှုတရားမျှတမှုနဲ့ တိုင်းရေး ပြည်ရာမှာ ပြည်သူလူထု ပါဝင်ဆောင်ရွက်ခွင့် ရရေးတွေကို အခြေခံ မျှော်ရည်ချက် တန်ဖိုးများအဖြစ် ခံယူ ထုတ်ဖော်ခဲ့ပါတယ်။

ဒီလို မျှော်ရည် တန်ဖိုးထားမှုတွေ ပေါက်မြောက် အောင်မြင်ရေးအတွက် လမ်းစဉ်အဖြစ် –

  • (၁) အချက်အလက်နဲ့ မပြတ်စည်းဝေး ဆွေးနွေး ဆင်ခြင်ခြင်း၊ အမြင် ဖလှယ်ခြင်း ‘သန္နိပါတ’ကသာ မဟာဗျူဟာနဲ့ မူဝါဒကောင်းတွေ ပေါ်ထွန်းရေး အဓိကလိုအပ်ချက်အဖြစ် မြှင့်တင် ကျင့်သုံးပါတယ်။
  • (၂) ကွဲလွဲတဲ့ အမြင်တွေ အပေါ် ပိတ်ဆို့ ဆင်ဆာဖြတ်တောက်တာကို ဗဟိဒ္ဓက အာဏာစက် သုံးလို့ပဲ ဖြစ်ဖြစ်၊ အဇ္ဈတ္တက အကြောက်တရားကြောင့် မျိုသိပ် မထုတ်ဖော်ဝံ့တာကိုပဲ ဖြစ်ဖြစ် ငြင်းဆန်ပြီး လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို မြှင့်တင် ကျင့်သုံးပါတယ်။
  • (၃) လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့တပါတည်း အမြင်မတူတာကို ရင့်ကျက်စွာ သဘောထား ကွဲလွဲ သည်းခံနိုင်စွမ်းရဲ့ အရေးပါမှုကို မြှင့်တင်ကျင့်သုံးပါတယ်။
ISP-Myanmar က လုပ်ခဲ့တဲ့ အစီအစဉ် များစွာထဲမှာ ‘ယောမင်းကြီးဇရပ်’ စကားဝိုင်းဟာ ပွင့်လင်း လွတ်လပ်မှုကို ဦးတည်နေတဲ့ နိုင်ငံလူမှုဝန်းကျင်မှာ (အထက်ကဖော်ပြခဲ့တဲ့) မျှော်ရည် တန်ဖိုးထားမှုနဲ့ ကျင့်စဉ်တွေကို ကျင့်သုံးခွင့် ရခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ပညာရှင် ဆရာမြဇင်ရဲ့ လေ့လာချက် အဆိုကို ကိုးကားရရင် ဇရပ်ဆိုတာ “မြန်မာ့ ယဉ်ကျေးမှု၏ ရွာပြင် ယဉ်ကျေးမှု သင်္ကေတ”ပါ။* လွတ်လပ်မှု၊ ချိတ်ဆက်မှုနဲ့ ကူးလူး ဖလှယ်မှုတွေကို အားပေးပါတယ်။ ‘ယောမင်းကြီးဇရပ်’ စကားဝိုင်းဟာ လူချင်းမျက်နှာဆုံ ကျင်းပခွင့် ရတဲ့ပွဲ၊ ဆိုရှယ်မီဒီယာမှာလည်း တိုက်ရိုက် လွှင့်နိုင်တဲ့ပွဲ၊ တီဗီဖန်သားပြင်က တဆင့် ကြည့်နိုင်တဲ့ပွဲ၊ စာအုပ်အဖြစ် စာပြန်စီပြီး ဖတ်ရှုနိုင်အောင် တင်ဆက်လို့ ရတဲ့ပွဲ၊ အခြား မီဒီယာ အသီးသီးကလည်း တဆင့် ပြန်လည် ဖော်ပြခံရတဲ့ပွဲပါ။ ပရိသတ်ဌာနေ တနေရာထက် ပိုကျယ်ပြန်တဲ့ပွဲပါ။
ISP-Myanmar's
Gabyin Community
ကပြင်ရပ်ဝန်း
ကပြင်စကားဝိုင်း
ISP Talk Show/
ISP Panel Discussion
ISP Journal
Symposium
ISP Briefing
ကပြင်ရပိုင်ခွင့်
ISP Publications
ISP Data Download
Bi-Weekly
ISP Insight Email
ကပြင်သင်တန်း
ISP Research Training
Behind the ISP Operation
Guest lectures/speakers

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း ပရိသတ်ဌာနေတွေ ပိတ်ဆို့ခံခဲ့ရပါတယ်။ Facebook လို ဆိုရှယ်မီဒီယာပဲ အဓိကကျန်ရစ်သလို ဖြစ်လာပါတယ်။ ISP-Myanmar ရဲ့ ဆိုရှယ်မီဒီယာ ထိုးဖောက် နိုင်စွမ်းဟာ သုတေသန think tank အဖွဲ့တခုရဲ့ စံနဲ့ နှိုင်းယှဉ်ရင် အင်နဲ့အားနဲ့ ရှိနေဆဲပါ။ ISP-Myanmar ကို ကိုးကားပြီး ပြန်လည် ဖော်ပြကြတဲ့ ပြည်တွင်းပြည်ပ မီဒီယာတွေလည်း (အဓိကအားဖြင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှာ) ရှိနေဆဲပါ။ သို့ပေတဲ့ ဆိုရှယ်မီဒီယာရဲ့ အမှတ်ပေး စည်းမျဉ်း (like, love and share စတဲ့ engagement) တွေဟာ ISP-Myanmar က မျှော်ရည်တဲ့ အခြေခံ တန်ဖိုးတွေ၊ လမ်းစဉ်တွေ ပေါ်ထွန်းရေးနဲ့ ကျင့်ကြံရေးအတွက် တိုင်းတာစရာ အားကိုး ပြုလောက်တဲ့၊ မှန်ကန်တဲ့ အညွှန်းတွေအဖြစ် ထင်ဟပ် မနေပါဘူး။ မျှော်ရည်တဲ့ အခြေခံ တန်ဖိုးတွေ၊ လမ်းစဉ်တွေ ပေါ်ထွန်းရေးနဲ့ ကျင့်ကြံရေးအတွက် ဆိုရှယ်မီဒီယာ တခုတည်းကို အားကိုးရုံနဲ့လည်း မရတော့ပါဘူး။ ဆိုရှယ်မီဒီယာ တခုတည်းကို အားကိုးလို့ ဆိုရှယ်မီဒီယာရဲ့ ပြဋ္ဌာန်းတာ ပိုခံရလေ၊ မူရင်းစေတနာ မပေါက်ရောက်လေပဲ ဆိုတာ ထင်ရှားလာပါတယ်။ ဒါကို အရေးကြီးတဲ့ သိမှုဆိုင်ရာ စိန်ခေါ်မှုတရပ် epistemological challenge အဖြစ် ISP-Myanmar က ရှုမြင်ပါတယ်။

ပြည်သူတွေရဲ့ အချက်အလက်၊ သတင်းနဲ့ ‘သိမှု’ဟာ ဘယ်လို ဖြန့်ချိရေးပလက်ဖောင်းက လာသလဲ၊ အဲဒီ ပလက်ဖောင်း (ဥပမာ- Facebook)ဟာ အများပြည်သူ ကောင်းကျိုးချမ်းသာ public good အတွက် တည်ဆောက်ထားတဲ့ စနစ်လား၊ အာရုံစိုက်ခံရတဲ့ ငါးပွက်ရာ ငွေညှစ်ယူတဲ့ attention economy အမြတ်အစွန်းအတွက် အဓိကတည်ဆောက်ထားတဲ့ စနစ်လား၊ တွေးခေါ်ဆင်ခြင် ကြံဆမှုကို မြှင့်တင် အားပေးတဲ့ စနစ်လား၊ ပွဲဆူရင်၊ ပွဲဖြစ်ရင် အမှတ် (like, love, share စတဲ့ engagement) များများရပြီး၊ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှာ ရေပန်းစား ထိုးဖောက်နိုင်ရေးကို မြှင့်တင်အားပေးတဲ့ စနစ်လားဆိုတာ မြန်မာ့အရေးနဲ့ ဆက်စပ်ပြီး သုံးသပ်ဖို့ အထူးလိုနေပါပြီ။ ဒီအမြတ်အစွန်း အခြေခံတဲ့၊ အမှတ် (like, love, share စတဲ့ engagement) များများရတာကို အဆင့်အတန်းအဖြစ် တလွဲဆံပင်ကောင်း မှတ်ယူစေမယ့် ‘သိမှု’ ပလက်ဖောင်း တခုတည်းကို အားမကိုးဘဲ အခြားနည်းလမ်းတွေကို ကြံဆဖို့ လိုနေပြီလို့ ISP-Myanmar က ထင်မြင်ပါတယ်။

ဒါ့အပြင် အာဏာရှင် အသီးသီးကလည်း ဆိုရှယ်မီဒီယာကို အခုထက်ဆိုးတဲ့ ပိတ်ပင်မှုမျိုးစုံ လုပ်လာနိုင်တာမို့ သတင်းစီးဆင်းမှု ပြတ်တောက်မယ့် အန္တရာယ်ကို ဖြေရှင်းနိုင်ရေး ကြိုတင်ပြင်ဆင်ကြဖို့လည်း လိုအပ်နေပါပြီ။ ဒါကြောင့် ISP-Myanmar အနေနဲ့ ဆိုရှယ်မီဒီယာဂိမ်းမှာ စကောထဲ ထည့်လှည့်ခံရတဲ့ ဆီးဖြူသီး အနေအထားကနေ ဖောက်ထွက်ဖို့၊ အာဏာရှင်တွေကြောင့် ဆိုရှယ်မီဒီယာ အသုံးပြု ဖော်ထုတ်ခွင့်ပါ မီးမြှိုက်ခံရမယ့် ဘေးကနေ လွတ်ကင်းစေဖို့ အစီအစဉ်သစ်တခုကို မိတ်ဆက် ပေးချင်ပါတယ်။ ဒီအစီအစဉ်သစ်မှာ ပါဝင်ကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။ ဒါကတော့ ISP ရဲ့ ကပြင်ရပ်ဝန်း တည်ဆောက်ခြင်းပါပဲ။

မြန်မာအဘိဓာန် အလိုအရ ကပြင်ဆိုတာ အိမ်မနဲ့ တဆက်တည်းထုတ်ထားတဲ့ အမိုးမဲ့ကြမ်းပြင် ပါပဲ။ ကပြင်ကို ကျေးရွာအိမ်တွေရဲ့ မျက်နှာစာမှာ ဝင်ဝင်ချင်း အဦးဆုံး တွေ့ရတတ်ပါတယ်။ ဆရာမြဇင်က ဇရပ်ဟာ မြန်မာ့ ကျေးရွာရဲ့ ရွာပြင်ယဉ်ကျေးမှု သင်္ကေတဆိုရင် ကပြင်ဟာ ရွာတွင်းယဉ်ကျေးမှု ပစ္စည်း၊ ယဉ်ကျေးမှုသင်္ကေတ ဖြစ်တယ်လို့ ရှင်းပြပါတယ်။ ဆရာက “ကပြင်သည် ရပ်ရွာကိစ္စ၊ လူမှုဆက်ဆံရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ ဘာသာရေးကိစ္စ၊ သတင်းဖလှယ်ရေးကိစ္စ စသည့်ကိစ္စများ၏ လုပ်ငန်းဌာနခွဲတခုဟု ဆိုနိုင်သည်” လို့ ဖွင့်ဆိုခဲ့ပါတယ်။

ISP-Myanmar ဆိုတဲ့ အိမ်မကြီးကနေ အမိုးအကာ တဆက်တည်း ထုတ်ထားတဲ့ ISP ကပြင် (အိမ်ကပြင်) ဟာ လင်းပွင့်လွတ်လပ် ဖိတ်ခေါ်မယ့် ရပ်ဝန်းတခု၊ ဆုံစည်းဆွေးနွေး ဖလှယ်စရာ ဌာနေတခုပါပဲ။ သိုးဆောင်းစကားနဲ့ community အသိုက်အမြုံ တခုပါပဲ။ ဒါကြောင့် ISP ကပြင်ရပ်ဝန်း ဆိုတာ သီးသန့်ဌာနေ ဖြစ်တယ်၊ ရပ်ဝန်းထဲက ကပြင်စကားဝိုင်းမှာ ပြောကြဆိုကြ ဖလှယ်ကြမယ်၊ ဆိုရှယ်မီဒီယာ စကောထဲက ဆီးဖြူသီးလို သူ့အမှတ်ပေးစည်းမျဉ်း အောက်မှာ အဆဲအဆို အညစ်အပတ်တွေကို ကြောက်နေစရာမလိုဘဲ ရပ်ရေးရွာရေး၊ ရွာနီးချုပ်စပ်ရေးကစလို့ အကျိုးအပြစ်တွေကို ခြေခြေမြစ်မြစ် ပြောကြဆိုကြမယ်။ အာဏာရှင်တွေက ဆိုရှယ်မီဒီယာကို ပိတ်ပင်ရင်တောင် ကိုယ့်ရပ်ဝန်းထဲမှာ သိမှုစီးဆင်းခြင်းကို ဆက်ထိန်းကြပါမယ်။ ကိုဗစ်-၁၉လို ကပ်ဘေးတွေကြောင့်ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးစနစ်ဆိုးတွေရဲ့ ဖိနှိပ်မှုကြောင့်ပဲ ဖြစ်ဖြစ် လူချင်းမတွေ့နိုင်ကြသေးရင်တောင် စိတ်ချင်းတွေ့နိုင်တဲ့ ဆုံချက်အဖြစ် ISP ကပြင်ရပ်ဝန်းကို ဖန်တီးကြပါမယ်။

ဒါကြောင့် တိုင်းရေးပြည်ရေး နိုင်ငံရေးတော့ စိတ်ဝင်စားတယ်၊ ဆိုရှယ်မီဒီယာက အချက်အလက်တွေကို မယုံတာများပြီ၊ စိတ်ပျက်နေပြီဆိုရင် ISP ကပြင်ရပ်ဝန်းမှာ ဝင်ပါပြီး သိချင်တာ လေ့လာချင်တာတွေကို လာပြောလှည့်ပါ။ ဆိုရှယ်မီဒီယာ အမုန်းစကားတွေရဲ့ ခွက်စောင်းခုတ် ခံရမှာစိုးလို့၊ နိုင်ငံရေးအရ စိတ်ထဲရှိတာကို မပြောရဲမဆိုရဲ ဖြစ်နေရင် ISP ကပြင်ရပ်ဝန်းမှာ ရဲရဲရင့်ရင့် ထုတ်ဖော်ဆွေးနွေးပါ၊ ယဉ်ကျေး ရင့်ကျက်တဲ့ သဘောထားကွဲလွဲမှု၊ အချေအတင် ဆွေးနွေးမှုတွေမှာ ဝင်ပါလှည့်ပါလို့ ဖိတ်ခေါ်ပါရစေ။ ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင် ဖြစ်ဖို့အတွက် အခကြေးငွေ တပြားမှ ကုန်စရာမလိုပါဘူး။ ကပြင်ရပ်ဝန်းမှာ လူမျိုး၊ ဘာသာ၊ ကျား/မလိင်ခံယူမှု၊ နိုင်ငံရေးအမြင်မတူမှု စတာတွေအပေါ် ချိုးနှိမ်ခွဲခြားစော်ကားတဲ့ အမုန်းစကားတွေ မပြောရဘူးဆိုတဲ့ ရပ်ဝန်းစည်းကမ်းကို လိုက်နာဖို့က လွဲပြီး ကုန်ကျစရိတ် မရှိပါဘူး။

ISP ကပြင်ရပ်ဝန်းမှာ အဖွဲ့ဝင် ဖြစ်ပြီဆိုရင် ပြန်ရစရာတွေ အများကြီး ရှိပါတယ်။ မြန်မာ့အရေး သုတေသန တွေ့ရှိချက်တွေ၊ စစ်တမ်းတွေ့ရှိချက်တွေကို သိခွင့်ဆွေးနွေးခွင့် ရမယ်။ ISP Journal ကို အခြေခံမယ့် ရေးသူဖတ်သူ ဆွေးနွေးပွဲ ISP Symposium တွေမှာ ပုံမှန်တက်ရောက် နားထောင်ဆွေးနွေးခွင့်ရမယ်။ ပြည်တွင်း ပြည်ပက လေးစားအပ်တဲ့ ပညာရှင်တွေ၊ ခေါင်းဆောင်တွေကို ဖိတ်ခေါ် ဟောပြောစေမယ့် အစီအစဉ်မှာ နားထောင် နှီးနှောခွင့် ရမယ်။ ISP-Myanmar ရဲ့ တချို့သော မူပိုင်ဒေတာတွေကို download လုပ်ခွင့်ရမယ်။ ISP-Myanmar က ထုတ်ဝေတဲ့ စာအုပ် စာတမ်းတွေကို ပြည်တွင်းမှာဆိုရင် အိမ်တိုင်ရာရောက် အခမဲ့ လက်ခံရရှိနိုင်ဖို့ လျှောက်ထားခွင့်ရှိမယ်။ ISP-Myanmar က တင်ပြနေတဲ့ ဒေတာသရုပ်ပြတွေ လုပ်ပုံကိုင်ပုံတွေကို အခါအားလျော်စွာ လေ့လာအကြံပေးခွင့် ရမယ်။ သီးသန့်ပေးမယ့် ဘာသာရပ်နဲ့ သုတေသနဆိုင်ရာ သင်တန်းတချို့ တက်ရောက်ခွင့်အတွက် လျှောက်ထား နိုင်မယ်။ ISP-Myanmar ရဲ့ ဒေတာနဲ့သုတေသန ပြုချက်တွေအပြင် ဖြည့်စွက် သုံးသပ်ချက်တွေပါ ပါဝင်မယ့် ISP Insight Email ကို နှစ်ပတ်တကြိမ် လက်ခံရရှိပါမယ်။

ဒီလို တန်ဖိုးဖြတ်ရခက်တဲ့ ပညာဆိုင်ရာ အကျိုးကျေးဇူးတွေ၊ ရပ်ဝန်းအဖွဲ့ဝင်တွေ အချင်းချင်း အကြား ကွန်ရက်ချိတ်ဆက်မှုကရတဲ့ ဆက်ဆံရေး အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်တာကြောင့် ISP ကပြင်ရပ်ဝန်းမှာ ပါဝင်ဖို့ လေးလေးစားစား ဖိတ်ခေါ်လိုက်ပါတယ်။

စာကိုး

*မြဇင်။ ရွာတွင်းယဉ်ကျေးမှုပစ္စည်းတစ်ရပ်။ ယဉ်ကျေးမှုမဂ္ဂဇင်း၊ အမှတ်(၂)၊ ရန်ကုန်၊ ဇူလိုင်လ၊ ၁၉၉၇။ စာ၊ ၄၀။