ဘေးနှစ်သွယ်အမြွှာဆင့်ချိန် – ဥတုကပ်ဘေးနှင့် သတိပြုဖွယ်သုံးချက်



အယ်ဒီတာမှတ်စု

ကမ္ဘာမှာ မြန်မာဟာ သဘာဝဘေးအန္တရာယ်ကို ခံရနိုင်ခြေအရှိဆုံး၊ ခံနေရဆုံး နိုင်ငံတခု ဖြစ်ပါတယ်။​ ‘၂၀၀၈ နာဂစ်မုန်တိုင်း’ကစလို့ ‘၂၀၁၅ ရေကြီးမှု’နဲ့ ‘၂၀၂၃ မိုခါမုန်တိုင်း’ အလယ်၊ အခုနောက်ဆုံး အပျက်အစီးနဲ့ လူအသေအပျောက်များခဲ့တဲ့ တဟုန်ထိုး ရေကြီးရေလျှံမှုတွေ ဒါတွေဟာ မြန်မာနိုင်ငံအပေါ်မှာ ဆိုးရွားတဲ့သဘာဝဘေးဒဏ်တွေ ခြိမ်းခြောက်နေပြီဆိုတာကို ခေါင်းလောင်းထိုး မီးမောင်းထိုးပြခဲ့ပြီးပါပြီ။​ ဒီနှစ်ထဲမှာတင် အယ်လ်နီညိုလို အစွန်းရောက် ရာသီဥတုကြောင့် စံချိန်တင် အပူတွေ၊ ရေကြီးမှုတွေ ကြုံတွေ့ခဲ့ရပြီး မကြာခင် ထပ်ဝင်လာမယ့် လာနီညာကြောင့်လည်း သဘာ၀ဘေးဒဏ်ခံရကြပြန်ပါဦးမယ်။ နောင်မဝေး တော့တဲ့ နှစ်တွေအတွင်းမှာ ဒေသတချို့မှာက ဥတုကပ်ဘေးတွေကြောင့် လူတွေနေထိုင်လို့မရတော့မယ့် အန္တရာယ်တွေက ကြီးမားလွန်းပါတယ်။​

ဥတုကပ်ဘေးတွေ ဆင့်ကဲဖြစ်နေချိန်မှာ စစ်ဘေးကိုလည်း တနိုင်ငံလုံး ရင်ဆိုင်နေကြရပါတယ်။ စစ်ရေးစစ်ရာ လုံခြုံရေးအမြင်က ရှေ့တန်းရောက်နေတော့ လူ့အဖွဲ့အစည်းအတွင်း နိစ္စဓူ၀ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခတွေက ဘေးကိုရောက်သွားရပါတယ်။​ စစ်အုပ်ချုပ်မှုကြီးစိုးနေတာကြောင့် မိတ်ဆွေနိုင်ငံတွေလည်း မဲ့ခဲ့ရပြီး နိုင်ငံတကာအကူအညီကလည်း လောက် လောက်လားလား မရှိတော့ပါဘူး။ တဖက်မှာ စစ်ပွဲတွေအတွင်း ဗုံးကြဲ၊ မီးရှို့၊ သတ်ဖြတ်၊ ဖမ်းဆီးတာတွေအပြင် အတင်းအကျပ်စစ်မှုထမ်းစေတာတွေ စတဲ့ ဖိနှိပ်ရက်စက်မှုတွေ၊ တဖက်မှာက သယံဇာတတွေကို အထိန်းအကွပ်မဲ့ ထုတ်ယူနေမှုနဲ့ ဆိုးရွားပြင်းထန်လှတဲ့ ဥတုရာသီဖောက်ပြန်မှုတွေ၊ ဒါတွေကြားထဲမှာ မြန်မာပြည်သူလူထုဟာ ကျပ်ကျပ်ညပ်၊ ဖွတ်ဖွတ်ကြေလို့နေပါပြီ။ ကူကယ်ရာမဲ့ ဖြစ်နေပါတယ်။ ဒါပေမဲ့ အကျပ်အတည်းတွေထဲ ရောက်သွားကြတဲ့အခါ အဲဒီအကျပ်အတည်းတွေထဲကနေပဲ သူရဲကောင်းတွေ၊ ချန်ပီယံတွေ ပေါ်ထွက်လာလေ့ရှိကြပါတယ်။ အခုချိန်ဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း နေ့စဉ်ဘဝငြိမ်း ချမ်းရေးအတွက် ချန်ပီယံကောင်းတွေ ထွက်ပေါ်လာရမယ့်အချိန်ပါ။

ဒါတွေနဲ့ပတ်သက်ပြီး ဒီတပတ် ISP Insight Email ရဲ့ ‘သတိပြုစရာ အကြောင်းအချက်’ (Key Takeaway) ကဏ္ဍ၊ ‘စောင့်ကြည့်ရမည့် ဖြစ်စဉ်များ’ (Trends to watch) ကဏ္ဍနဲ့ ‘ISP က ဖတ်နေသည်များ’ (What ISP is reading) စတဲ့ ကဏ္ဍသုံးခုစလုံးမှာ ထုပ်ထုပ်ပိုးပိုး တင်ပြဆွေးနွေးထားပါတယ်။ ပုံမှန်ဆိုရင် မိုးလေကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ဆီမီးရောင်စုံ ဝေဝေဆာဆာနဲ့ မိသားစုစုံညီ သာယာချမ်းမြေ့ရှိနေရမှာဖြစ်ပေမဲ့ အခုလို ဘေးနှစ်သွယ်ဆိုက်ရောက်နေချိန်ဖြစ်တာမို့ နှလုံးမသာ ဖြစ်ရပါတယ်။








ISP Myanmar Logo
×