ပြည်ထောင်စုနေ့။ ပြည်ထောင်စုနေ့အကြောင်း အတွေးနယ်ချဲ့ရင်း ဆရာဇော်ဂျီရဲ့ ‘ပြည်ထောင်စုနှင့် ကျနော်’ ဆောင်းပါးကို သတိရမိတယ်။
“ကျနော်တို့နိုင်ငံသည် လွတ်လပ်ရေးရသည်နှင့်တပြိုင်နက် ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်လာသည်။ ပြည်ထောင်စုဟုခေါ်သဖြင့် ကျနော်တို့နိုင်ငံသည် ပုဂံခေတ်က တိုင်းပြည်မျိုး မဟုတ်တော့ပြီ။ တောင်ငူခေတ်က တိုင်းပြည်မျိုး မဟုတ်တော့ပြီ၊ ကုန်းဘောင်ခေတ်၊ အင်္ဂလိပ်ခေတ်က တိုင်းပြည်မျိုး မဟုတ်တော့ပြီ။ ရုပ်ရော၊ နာမ်ရော အကုန်ပြောင်းပြီ” တဲ့။ ဆောင်းပါးက ဦးနေဝင်း အာဏာမသိမ်းခင်တနှစ်မှာ ရေးခဲ့တာပါ။
နိုင်ငံ၏ ရုပ်နှင့် နာမ်။ လှလိုက်တဲ့ အသုံး။
အခု လွတ်လပ်ရေးရတာ ၇၇ နှစ်၊ ပြည်ထောင်စုခဲ့ကြတာ ၇၈ နှစ် ရှိခဲ့ပြီ။ ဇော်ဂျီမျှော်ရည်ခဲ့တဲ့ ပြည်ထောင်စုရဲ့ ရုပ်နဲ့ နာမ်မျိုး ကျနော်တို့နိုင်ငံမှာ ရှိနေပြီလား၊ ရှိရော ရှိခဲ့ရဲ့လား။
လွန်ခဲ့တဲ့ ၇၈ နှစ်၊ ပင်လုံစာချုပ် လက်မှတ်ထိုးကြချိန်က နိုင်ငံရဲ့ နာမ်ကို ပြောင်းလဲစဉ်းစားခဲ့ကြပါတယ်။ တပြည်ထောင်စီ နေမယ့်အစား ပြည်ထောင်စုဖို့ ဖြစ်လာခဲ့တယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသဆိုတဲ့ နာမ်ကနေ ပြည်ထောင်စုဆိုတဲ့ နာမ်ကို ပြောင်းခဲ့ကြတာ။ ဒါပေမဲ့ ပြည်ထောင်စုနာမ် မှီတွယ်နိုင်မယ့် ရုပ်ကိုတော့ ပုံမဖော်နိုင်ခဲ့ကြပါဘူး။ ပြည်ထောင်စုနာမ်ဟာ အပင်မဲ့တဲ့ ရုက္ခစိုးလို ဖြစ်ခဲ့ရပါတယ်။
ရုပ်ပြောင်းဖို့ဆိုတာက အချိန်လိုပါတယ်။ ဆန္ဒတွေလိုပါတယ်။ နာမ်နဲ့ ကိုက်ညီတဲ့ ရုပ်ပုံစံဖြစ်ဖို့လည်း လိုပါတယ်။ ပင်လုံစာချုပ်ချုပ်ကြချိန်က အနာဂတ်နိုင်ငံဟာ ဘယ်လိုရုပ်ဖြစ်သင့်လဲဆိုတာ မပါပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူရေးကို မူအားဖြင့် သဘောတူပေမဲ့ ဘယ်လိုအကောင်အထည်ဖော်ကြမလဲဆိုတာ မရေရာပါဘူး။ လွတ်လပ်ရေး မြန်မြန်ရဖို့ ပူးပေါင်းကြမယ်ဆိုတာလောက်ပါပဲ။
ဒီတော့ နာမ်နဲ့ကိုက်ညီမယ့် ရုပ်ရှာပုံတော် ဖွင့်ခဲ့ကြပါတယ်။ ပြည်ထောင်စုနဲ့ပတ်သက်ပြီး လူမျိုးစုတွေရဲ့ဆန္ဒကို စုံစမ်းဖို့ နယ်ခြားဒေသစုံစမ်းစစ်ဆေးရေးကော်မတီ(FACE)ကို ဖွဲ့ခဲ့ပါတယ်။ ဒါက လွတ်လပ်ရေးမရခင် တနှစ်အလိုမှာချုပ်ဆိုတဲ့ အောင်ဆန်း-အက်တလီစာချုပ်အရပါပဲ။
အဲဒီကော်မတီဟာ ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့တဲ့ ချင်း၊ ကချင်နဲ့ ရှမ်းလူမျိုးစုတွေကိုသာမက လက်မှတ်မထိုးတဲ့ ကရင်နဲ့ ကရင်နီလူမျိုးစုတွေရဲ့ ဆန္ဒကိုပါ တောင်းခံ စစ်ဆေးခဲ့ပါတယ်။ ပြီးတဲ့အခါ တိုင်းပြုပြည်ပြုလွှတ်တော်ကို အစီရင်ခံစာတင်ပါတယ်။ အနာဂတ်ပြည်ထောင်စုရဲ့ ကြန်အင်လက္ခဏာရုပ်နဲ့ပတ်သက်ပြီး လူမျိုးစုတွေအကြားမှာ မျှော်ရည်ချက်တွေ မတူကြပါဘူး။ ဗမာပြည်မနဲ့ ပေါင်းချင်တဲ့ ဒေသတွေရှိသလို တချို့ကလည်း ရိုးရာအုပ်ချုပ်ရေးစနစ်အတိုင်း ဆက်သွားလိုကြပါတယ်။ ပြည်ထောင်စုမှာ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တွေအဖြစ် နေလိုတဲ့ လူမျိုးစုတွေလည်း ရှိပါတယ်။ ဒီလိုမတူညီတဲ့ သဘောထားတွေကြောင့် တိုင်းပြုပြည်ပြုလွှတ်တော်အနေနဲ့ အနာဂတ်ပြည်ထောင်စုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဖို့အဆင့်သင့် မဖြစ်သေးကြောင်း၊ ဒါကြောင့် ယာယီဖွဲ့စည်းပုံ ဥပဒေတခုပြဋ္ဌာန်းပြီး လူမျိုးစုအားလုံးပါတဲ့ ဖက်ဒရယ်ကောင်စီတရပ်ကို ဖွဲ့စည်းသင့်တယ်လို့ ကော်မတီက အကြံပြုခဲ့ပါတယ်။ လာအစစ်ခံကြတဲ့ တိုင်းရင်းသား အတော်များများက ခွဲထွက်ရေးကို အလေးသာပေမဲ့ ကော်မတီအနေနဲ့ ခွဲထွက်ရေးကိုလည်း အားမပေးပါဘူး။ ဒါကြောင့် အသစ်ရေးမယ့် ဖွဲ့စည်းပုံမှာ ခွဲထွက်ခွင့်ထည့်ခဲ့ရင်တောင် သေချာကန့်သတ်စီမံသင့်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။
ဒီတွေ့ရှိချက်နဲ့ အကြံပြုချက်တွေအရ ပြည်ထောင်စုဆိုတဲ့ ရုပ်ကိုပုံဖော်ကြတဲ့အခါ ပြည်ထောင်စုနာမ်လည်း ရှင်သန်နိုင်မယ့် ပြုလွယ်ပြင်လွယ်ဖြစ်တဲ့ ရုပ်တခုကို ဖန်တီးစေလိုခဲ့ကြပါတယ်။ ဒါပေမဲ့ နယ်ခြားဒေသကော်မရှင်ရဲ့ အကြံပြုချက်ကို တိုင်းပြုပြည်ပြုလွှတ်တော်က လျစ်လျူရှုခဲ့ပါတယ်။ လွှတ်တော်မှာ ဖ.ဆ.ပ.လ အဖွဲ့ချုပ်က ထိုင်ခုံနေရာ အများစု ရရှိထားတာပါ။ လွှတ်တော်အနေနဲ့ လျစ်လျူရှုခဲ့တဲ့အပြင် တပြည်ထောင်စနစ်ကျင့်သုံးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၁၉၄၇) ကို ရေးဆွဲပြဋ္ဌာန်းပြီး ဇွတ်ပြည်ထောင်စုလုပ်လိုက်ပါတယ်။ ဒါ့အပြင် ခွဲထွက်ခွင့်ကိုပါ ထည့်သွင်းပြဋ္ဌာန်းခဲ့ပါတယ်။ ၁၀ နှစ်ကြာတဲ့အခါ ပြည်ထောင်စုကနေ ခွဲထွက်လိုက ခွဲထွက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ၁၀ နှစ်ဆိုတာက နိုင်ငံတခုတည်ဆောက်ဖို့အတွက် အတော်နည်းတဲ့ အချိန်ပါ။
လွတ်လပ်ရေး ရချိန်မှာ ရုပ်ရော၊ နာမ်ရော ပြောင်းတော့ ပြောင်းခဲ့ပါရဲ့။ ရုပ်က တခြား၊ နာမ်က တခြားပါ။ ပြည်ထောင်စုဆိုတဲ့ နာမ်ရှင်သန်နိုင်မယ့် ပြည်ထောင်စုရုပ်မဖြစ်ဘဲ ပြည်ထောင်စုနာမ်ကို ကုပ်(ဂုပ်)ခွစီးထားတဲ့ ရုပ်နဲ့ပဲ လွတ်လပ်စနိုင်ငံဟာ ပွဲထွက်လာခဲ့တယ်။ ပြီးတော့တခါ ၁၀ နှစ်ကြာရင် ခွဲထွက်ပြီး ပြည်ထောင်စုနာမ်ကို ဖျက်ပစ်နိုင်တယ်ဆိုတဲ့ စီရင်ချက်ကိုလည်း ချခဲ့ပါတယ်။ ရုပ်တခြား နာမ်တခြားဖြစ်နေတဲ့ မည်ကာမတ္တ ပြည်ထောင်စုကြီးဟာ စစ်လျှံတညီးညီး ဖြစ်ရတာ မထူးဆန်းပါဘူး။
အဲဒီအချိန်ကစပြီး နောက်ပိုင်းတလျှောက်လုံးမှာ ဗမာနိုင်ငံရေးသမားတွေရဲ့ ဖိနှိပ်ခြယ်လှယ်မှုအောက်မှာ ပြည်ထောင်စုဆိုတဲ့ နာမ်ဟာ ညှိုးမှိန်သွားခဲ့ပါတယ်။ အခု ၇၈ နှစ်ကြာပြီးတဲ့အချိန် ဒီကနေ့မှာတော့ ပြည်ထောင်စုရဲ့ ရုပ်နဲ့ နာမ်ဟာ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေပါတယ်။
များပြားလှတဲ့ စစ်ပွဲတွေနဲ့အတူ စစ်နိုင်သူတွေနဲ့ အာဏာရှိသူတွေရဲ့ ထင်တိုင်းကြဲမှုတွေကို မြင်တွေ့နေရပါတယ်။ စစ်တပ်က ဗမာလူမျိုးကြီးဝါဒ တည်ဆောက်ပြီး တခြားလူမျိုးစုဒေသတွေမှာ အကြမ်းဖက် ထင်တိုင်းကြဲတာကတော့ မြင်သာပြီးသားကိစ္စပါ။ NLD ပါတီ အာဏာရချိန်တုန်းကလည်း ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်းနေ့တို့၊ ကရင့်အာဇာနည်နေ့တို့ စတဲ့ အထိမ်းအမှတ်ပွဲတွေကို ဖြိုခွင်းတာ၊ ဖမ်းဆီးထောင်ချတာ၊ မွန်ပြည်နယ် ချောင်းဆုံက တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးတာ၊ ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်ကြီးကို စိုက်ထူဖို့ လုပ်တာ စတဲ့ ဗမာလူမျိုးကြီးဝါဒကို အတင်းချဲ့ထွင်ပြီး ပြည်ထောင်စုကို ဇွတ်စုချင်တဲ့လုပ်ရပ်တွေကို တွေ့ခဲ့ရပြီးပါပြီ။ အခု တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေ အင်အားကြီးထွားလာချိန်မှာလည်း အားကြီးသူ ယူစတမ်းထုံးကို လက်ကိုင်ထားတာ တွေ့နေရပြန်ပါတယ်။ စစ်ဆင်ရေး ၁၀၂၇ အောင်ပွဲရပြီးတဲ့နောက် လောက်ကိုင်က ဗမာတန်းကို ဖယ်ရှားလိုက်တာမျိုး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ သီပေါမြို့အဝင်မုခ်ဦးက ရှမ်းကိုယ်စားပြုအမှတ်အသားကို TNLA က ပလောင်အမှတ်အသားနဲ့ ပြောင်းလိုက်တာမျိုးတွေဟာ ဒီသဘောဆန်ပါတယ်။ အင်အားကြီးတိုင်း ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှု၊ ဘာသာတရားနဲ့ သရုပ်သကန်ကို အင်အားနဲ့ ဖိပြီး ကျင့်သုံးစေတာက ပဒေသရာဇ်ခေတ်ရဲ့ သဘာဝပါ။ ပြည်ထောင်စုဆိုတဲ့ နာမ်ဟာ ဒီလိုရေခံမြေခံ၊ ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်နိုင်ဖို့ မရှိပါဘူး။
ဆရာဇော်ဂျီကတော့ လွတ်လပ်ရေးရပြီးတာနဲ့တပြိုင်နက် မြန်မာနိုင်ငံဟာ ပဒေသရာဇ်ခေတ်က တိုင်းပြည်မျိုး၊ ကိုလိုနီခေတ်က တိုင်းပြည်မျိုး မဟုတ်တော့ဘူးလို့ မျှော်လင့်ခဲ့ပါတယ်။ အခုချိန် ဆရာဇော်ဂျီများ သက်ရှိထင်ရှားရှိရင် ဘာများ ပြောလေမလဲ။ ပြည်ထောင်စုဟာ ပဒေသရာဇ်ခေတ်ကို ပြန်ရောက်သွားလေသလားလို့များ ထင်နေလေမလား။
သေချာတာကတော့ ဇော်ဂျီမျှော်ရည်တဲ့ ပြည်ထောင်စုဟာ ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး။