ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

လူ့သမိုင်း၏ နောက်ဆုံးပြဇာတ်

ကမ္ဘာသစ်မှာ Like တွေ Share တွေရဲ့ ဒိုပါမင်းဓာတ်တွေနဲ့ ကြီးပြင်းလာတဲ့ မျိုးဆက်သစ်တွေဟာ ကျွမ်းကျင်မှုဆိုတာ မလိုအပ်ဘူးလို့ သဘောပေါက်လာကြတယ်။ ယနေ့ကမ္ဘာမှာ အာရုံစိုက်မှုဆိုတာကသာ တကယ့်ငွေကြေးဖြစ်ပြီး ဒါကို ရဖို့အတွက် ဘာမဆို လုပ်ကြမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။
By  အာကျန်  | February 14, 2025

နိဒါန်း 

ကမ္ဘာကြီးဟာ တချိန်က ပညာရှင်တွေ ထွန်းတောက်ရာ ဇာတ်စင်တခုဖြစ်ခဲ့တယ်။ လူတွေကို အူလိမ့်နေအောင် ရယ်စေနိုင်တဲ့ ဟာသသရုပ်ဆောင်တွေ၊ လူ့စိတ်ဝိညာဉ်ကို စုတ်တံတချက်နဲ့ ဖမ်းစားနိုင်တဲ့ ပန်းချီဆရာတွေ၊ ဝမ်းနည်းမှုကို သံစဉ်တေးသီချင်းအဖြစ် ပြောင်းလဲပေးနိုင်တဲ့ ဂီတပညာရှင်တွေ အများအပြားပေါ်ထွန်းခဲ့တာပေါ့။ 

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

အခုအချိန်မှာတော့ ဒီဇာတ်စင်ကြီးဟာ မီးရှို့ပြာချခံလိုက်ရပြီး သူ့နေရာမှာ ဆိုရှယ်ကမ္ဘာလို့ခေါ်တဲ့ စွဲမက်ဖွယ် အမှောင်ကမ္ဘာတခု ပေါ်ထွန်းလာခဲ့တယ်။ အဲဒီကမ္ဘာမှာ အရည်အချင်းအစစ်အမှန်မရှိသူတွေ ထွန်းတောက်လာပြီး ပညာရှင်တွေကတော့ မထင်မရှားဘဝနဲ့ ပျောက်ကွယ်သွားကြတယ်။ 

ဒီဖြစ်ရပ်တခုလုံးဟာ တိတ်တဆိတ်နဲ့ တဖြည်းဖြည်းချင်း စတင်ခဲ့ပါတယ်။ အစပိုင်းမှာ မိန်းကလေးတယောက်ဟာ သာမန်သီချင်းတပုဒ်ကို သံယောင်လေးလိုက်ဆိုနေခဲ့တယ်။ မကြာခင်မှာပဲ သူ့ကို ထိပ်သီးမော်ဒယ်အဖြစ် ဆိုရှယ်ကမ္ဘာက တင်မြှောက်လိုက်ကြတယ်။ နောက်တော့ ယောက်ျားလေး တယောက်ဟာလည်း အပေါစားတေးသွားတခုကို ထပ်တလဲလဲ ကပြခဲ့ရင်း သန်းကြွယ်သူဌေးတယောက် ဖြစ်လာခဲ့တယ်။ 

ဒီဂျစ်တယ် ဆင့်ကဲတိုးတက်မှု ကမ္ဘာကြီးအကြောင်း ပြောပါရစေ။ ဒီနေရာမှာ လူသားတို့ရဲ့ ဖြစ်တည်မှုနဲ့ နောက်ဆုံးရှင်ကျန်မှုအတွက် အကောင်းဆုံး၊ အတော်ဆုံးသူတွေကို ရွေးချယ်တာမဟုတ်ဘဲ အသံအကျယ်ဆုံးဖြစ်ရေး၊ အာရုံစိုက်ခံရဆုံးဖြစ်ရေး၊ နာမည်ကျော်ကြားရေး သူတို့ရဲ့ ဂုဏ်သိက္ခာကို ၁၅ စက္ကန့်စာအတွက် ရောင်းစားဖို့ အဆင်သင့် ရှိနေသူတွေကိုသာ ရှင်ကျန်သူတွေအဖြစ် ဂုဏ်ယူစွာ ရွေးချယ်ပါတယ်။ 

အခန်း-၁ 

မှောင်မိုက်နေတဲ့ အခန်းတခုထဲမှာ ပန်းချီဆရာတဦးဟာ သူ့ရဲ့ အနုပညာသက်တလျှောက် အကောင်းဆုံးဖန်တီးခဲ့တဲ့ လက်ရာတခုကို ငေးကြည့်နေခဲ့တယ်။ သူဖန်တီးထားတဲ့ အနုပညာအရည်အသွေးကို စိတ်လှုပ်ရှားစွာကြည့်ရင်း သွေးကြောတွေ တဒိန်းဒိန်းခုန်နေတယ်။ ဒါပေမဲ့ ဆိုရှယ်ကမ္ဘာမှာ သူ့အတွက် ပရိသတ်ရှိဖို့ လိုအပ်တယ်လို့ သူမထင်ခဲ့ဘူး။ ဒီလိုအချိန်မှာပဲ တခြားတဖက်မှာ တစ်တော့ရိုက်နေတဲ့ သူတယောက်က ငပိထောင်းနဲ့ ထမင်းကို အားရပါးရ စားပြနေတယ်။ ကုမ္ပဏီတွေဟာ သူတို့အမှတ်တံဆိပ်ရဲ့ ပင်တိုင်မော်ဒယ်အဖြစ် အဲဒီတယောက်ကို ခန့်အပ်လိုက်ပါတယ်။ အဲဒီလို ကုမ္ပဏီတွေအတွက် အနုပညာရှင်တဦး မလိုအပ်ခဲ့ပါဘူး။ 

အတတ်ပညာကို ဆယ်စုနှစ်တွေများစွာ ဆည်းပူးလေ့ကျင့်ခဲ့တဲ့ ဟာသလူရွှင်တော်နှစ်ဦးဟာ ပျံကျညဈေးတန်း ထောင့်တနေရာမှာ ပရိသတ်အနည်းအကျဉ်းအတွက် ဖျော်ဖြေနေခဲ့တယ်။ သူတို့ရဲ့ ဟာသပညာကို ဆိုရှယ်ကမ္ဘာမှာ ၁၀ စက္ကန့်စာ စ,နောက်နေတဲ့ ဗီဒီယိုတွေလောက် ရယ်စရာကောင်းတယ်လို့ လူတွေက မထင်တော့ပါဘူး။ 

ကမ္ဘာသစ်မှာ Like တွေ Share တွေရဲ့ ဒိုပါမင်းဓာတ်တွေနဲ့ ကြီးပြင်းလာတဲ့ မျိုးဆက်သစ်တွေဟာ ကျွမ်းကျင်မှုဆိုတာ မလိုအပ်ဘူးလို့ သဘောပေါက်လာကြတယ်။ ယနေ့ကမ္ဘာမှာ အာရုံစိုက်မှုဆိုတာကသာ တကယ့်ငွေကြေးဖြစ်ပြီး ဒါကို ရဖို့အတွက် ဘာမဆို လုပ်ကြမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။ 

လမ်းမပေါ်မှာ လူတကာကို လိုက်စ,နောက်နေတဲ့ ဗီဒီယိုအတိုတွေ၊ အိမ်သာခွက်ထဲမှာ ရေခဲမုန့်စား ပြတာတွေ၊ ဈေးထဲ ဒါမှမဟုတ် လူစည်ကားတဲ့ စားသောက်ဆိုင်ထဲမှာ ဒေါသထွက်ပြတာတွေ စသည်ဖြင့် အမျိုးစုံ သူတို့လုပ်ကြတယ်။ သူတို့အတွက် ဂုဏ်သိက္ခာဆိုတာ ဆိုရှယ်ကမ္ဘာမှာ တန်ဖိုးမရှိတဲ့အရာသာ ဖြစ်လာကြတယ်။ 

တကယ်တမ်းတော့ သူတို့ကိုမသနားဘဲ ချီးကျူးသင့်တာပါ။ သူတို့က ဆိုရှယ်ကမ္ဘာရဲ့ ပကတိအခြေအနေကို နောကျေနေကြတာပါ။ ပညာရပ်တခုကို နှစ်ပေါင်းများစွာ ဆုံးခန်းတိုင် လေ့ကျင့်နေမယ့်အစား ဆိုရှယ်ကမ္ဘာမှာ ပွဲရှာ၊ ဂယက်ထစေတာက သူတို့အတွက် ပိုကောင်းမှန်း သိလာကြပါပြီ။ 

အခန်း-၂ 

တကယ့်အနုပညာရှင်တွေကတော့ သူတို့ကို မေ့လျော့စပြုနေတဲ့ ကမ္ဘာကြီးထဲမှာ ငွေ့ငွေ့သာကျန်ပါတော့တယ်။ 

ကဗျာဆရာတယောက်ဟာ ကဗျာတွေကို ရေးသားနေပေမဲ့ ဆိုရှယ်ကမ္ဘာမှာတင်လိုက်တဲ့အခါ Like နှစ်ခုလောက်ပဲရပါတော့တယ်။ တခုက သူ့အမေဆီက၊ နောက်တခုက သူကိုယ်တိုင်။ တေးရေးဆရာတယောက်ဟာ ကိုယ်ပိုင်သံစဉ်သီချင်းတပုဒ်ကို ဖန်တီးပြီး ဆိုရှယ်ကမ္ဘာမှာ ချပြလိုက်ပေမဲ့ သူရဲ့အကောင်းဆုံးလက်ရာကို စာသားတကြောင်းပဲပါတဲ့ တစ်တော့သီချင်း trend remix တွေရဲ့ အောက်မှာပဲ မြှုပ်နှံထားလိုက်ကြတယ်။ 

ကျွမ်းကျင်မှုမရှိသူတွေ သန်းကြွယ်သူဌေး ဖြစ်လာတာကိုကြည့်ပြီး တကယ့်အရည်အချင်းနဲ့သူတွေဟာ တအံ့တဩ ဖြစ်နေကြတယ်။ ဆိုရှယ်ကမ္ဘာရဲ့ နေရာတိုင်းမှာ ဒီလို အာရုံစိုက်ခံရမှုရူးသွပ်သူတွေဟာ တခဏတိုင်းမှာ လှိုင်းလုံးတွေလိုပေါ်ထွက်လာကြပါပြီ။ 

အခန်း-၃ 

အချိန်ကာလတခုမှာတော့ အနုပညာရှင်တွေဟာ ဒါကို သည်းမခံနိုင်တော့ဘူး။ ဟာသသရုပ်ဆောင်တွေ၊ ပန်းချီဆရာတွေ၊ ကချေသည်တွေ၊ စာရေးဆရာတွေ သူတို့အားလုံးဟာ စုစည်းခဲ့ကြတယ်။ သူတို့အတွက် အလင်းရောင်ကို ပြန်လည်ရယူဖို့။ သူတို့ရဲ့အစီအစဉ်က ရိုးစင်းပါတယ်။ သူတို့ဟာ ဆိုရှယ်ကမ္ဘာကြီးထဲ ထိုးဖောက်ဝင်ရောက်ပြီး၊ အကောင့်တွေဖွင့်ပြီး သူတို့မုန်းတဲ့အရာတွေကို ဖန်တီးကြတယ်။ 

ဟာသသရုပ်ဆောင်တယောက်ဟာ လူတွေကို ပြက်လုံးတခုနဲ့ လိုက်စ,တဲ့ ဗီဒီယိုတခု ဖန်တီးပြီး live လွှင့်ပြတယ်။ ပန်းချီဆရာတယောက်ဟာ ပန်းချီကားပေါ်ကို အချဉ်ရည်ဖြန်းပြီး ‘အနုပညာ’ လို့ ခေါ်ခဲ့တယ်။ အဲဒီအောက်မှာတော့ သူ့ရဲ့ ပကတိအနုပညာကို မြှုပ်နှံထားခဲ့ပြီး ကြည့်သောသူမြင်စေဆိုပြီး ရည်ရွယ်ထားတယ်။ တေးရေးဆရာတယောက်ကလည်း သရော်တဲ့သီချင်းပုဒ်ကို မြူးကြွတဲ့ကကွက်သီချင်းတပုဒ်အဖြစ် ဖန်တီးခဲ့တယ်။ 

သူတို့ရဲ့နည်းဗျူဟာက အလုပ်ဖြစ်ခဲ့တယ်။ ဆိုရှယ်ကမ္ဘာဟာ အစစ်နဲ့ အတုကို ခွဲခြားမသိတော့ဘဲ သူတို့ကို ဆိုရှယ်ကမ္ဘာရဲ့ လူစိတ်ဝင်စားမှုထိပ်ဆုံးဆီကို တွန်းပို့လိုက်တယ်။ အနုပညာရှင်တွေဟာ လူတွေရဲ့ စိတ်ဝင်စားမှုကို သူတို့မုန်းတီးတဲ့အရာတွေကနေ ပြန်လည်ရရှိလာကြတယ်။ 

နိဂုံး

ဒီတိုက်ပွဲဟာ ကာလတခုထိ ပြင်းထန်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အနုပညာရှင်တွေဟာ သူတို့ကိုယ်တိုင်ဖျက်ဆီးဖို့ကြိုးစားနေတဲ့ အမှောင်ကမ္ဘာရဲ့ ဖြားယောင်းမှုကို ခံလိုက်ရပါပြီ။ ဒီလိုနဲ့ အနုပညာရှင်တွေနဲ့ အာရုံစိုက်မှုရှာသူတွေဟာ တဖြည်းဖြည်းပေါင်းစပ်သွားခဲ့တယ်၊ အပေါစားဖန်တီးမှုတွေ၊ တင်ဆက်မှုတွေဟာ ဆိုရှယ်ကမ္ဘာရဲ့ အဖိုးအတန်ဆုံး အနုပညာတွေသဖွယ် ဖြစ်လာခဲ့ပါပြီ။ သာမန်လူထုတွေတို့ဟာလည်း like တွေ၊ follower တွေကိုပဲ ရူးသွပ်စွာလိုက်ဖမ်းနေမိခဲ့ကြပြီး သူတို့ရဲ့ မူလရည်မှန်းချက်ကို မေ့သွားခဲ့ကြပါပြီ။ 

ကမ္ဘာကြီးဟာ ခင်ဗျားတို့၊ ကျနော်တို့ ထင်ထားသလို စစ်မက်တွေ၊ နယူးကလီးယားပေါက်ကွဲမှုတွေနဲ့အတူ အဆုံးသတ်သွားတာ မဟုတ်ခဲ့ဘူး။ ဒီကမ္ဘာကြီးနဲ့အတူ ကြီးကျယ်ခမ်းနားခဲ့တဲ့ လူ့သမိုင်းဟာ ညံ့ဖျင်းပြီး ရူးကြောင်ကြောင်နိုင်တဲ့သူတွေကို အားပေးနေရင်းနဲ့ပဲ အဆုံးသတ်သွားခဲ့တာပါ။ 

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


3 Responses

  1. I truly appreciate your article, and I relate to it deeply. For years, I have constantly thought about this situation, and it has often left me feeling suffocated. Coincidentally, today, that feeling has been especially intense.

    As I read your article, I felt as if I had found a friend—someone who shares similar values and with whom I could truly connect. However, by the time I reached the end, that suffocating feeling returned, just as before. How do we exist in a world (or society) like this? I might always be an outsider.

    Still, I hope that being an outsider and staying true to our values can lead to a meaningful and stable life.

  2. Negative and resistant to change rather than embracing it. The real smart people should be able to navigate and excel in the new operating environment by recognizing what has changed and what has not changed in our fundamental of humanity. Every changes in our history are coming out of necessity. Let’s embrace it!

Leave a Reply

Your email address will not be published. Required fields are marked *