ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Analysis

ကျားဖြန့်ကွန်ရက် – မြန်မာနှင့် ဒေသတွင်းက ခြစားမှုအင်ပါယာ

အရှေ့တောင်အာရှအတွင်းမှာ တရုတ်လူမျိုးတွေ ခေါင်းဆောင်တဲ့ ကျားဖြန့်ကွန်ရက်ဟာ ဆိုက်ဘာလိမ်လည်တဲ့ ရာဇဝတ်မှုတခုသာမကဘဲ ဒေသတွင်း ခြစားမှုပြဿနာလည်း ဖြစ်ပါတယ်။ ... တနေရာမှာ ဖြိုခွင်းလိုက်ရင် နောက်တနေရာကို ရွှေ့သွားပြီး နည်းပညာအသစ်တွေနဲ့ ပြန်ပေါ်လာပါလိမ့်မယ်။
By  အာကျန်  | February 19, 2025

နီယွန်မီးရောင်တွေနဲ့ ထိန်လင်းနေတဲ့ ကာစီနိုတွေနဲ့ ဒေသတွင်း စီးပွားရေးတိုးတက်မှုဆိုင်ရာ ကတိကဝတ်တွေရဲ့ နောက်ကွယ်မှာ ပိုနက်ရှိုင်းတဲ့ အမှန်တရားတခု ရှိနေပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကစပြီး တရုတ်လူမျိုးတွေအများစု ဦးဆောင်တဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ဒေါ်လာဘီလီယံဆယ်ချီတန်ဖိုးရှိတဲ့ ကျားဖြန့်ကွန်ရက်တွေကို ဒေသတွင်းအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ နောက်ကွယ်ကခွင့်ပြုချက်နဲ့ ပေါ်ပေါ်ထင်ထင်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။    

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသတွေကနေ ထိုင်းနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်အထိ၊ တရုတ်နိုင်ငံက ထောက်ပံ့ထားတဲ့ လာအိုရဲ့ အထူးစီးပွားရေးဇုန်တွေကနေ ကမ္ဘောဒီးယားက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့မြို့ပြတွေအထိ ကျားဖြန့်ဂိုဏ်းတွေ အမြစ်တွယ်နေရတဲ့ အကြောင်းရင်းကို မီးမောင်းထိုးပြနေတာက ဒေသတွင်းမှာ နက်နက်ရှိုင်းရှိုင်းကြီးထွားနေတဲ့ ခြစားမှုပါပဲ။ 

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

ထိထိရောက်ရောက် ဖမ်းဆီးဖို့ သက်ဆိုင်ရာအစိုးရတွေက အများပြည်သူကို ကတိပြုနေချိန်မှာပဲ အမှန်တရားက နောက်ကွယ်မှာ ဘူးပေါ်နေပါတယ်။ နိုင်ငံတကာက ဖိအားတွေ ပေးလာတဲ့အခါ နည်းနည်းလောက် ဖမ်းပြနေရင်း ကျားဖြန့်ကွန်ရက်တွေက တိုးပြီးရင်း တိုးလာခဲ့တာပါ။ လက်တွေ့ကျတဲ့ မေးခွန်းက ခြစားမှုတွေဟာ ဒေသတွင်းမှာ ဘယ်လောက်အထိ နက်နက်စွဲနေသလဲဆိုတဲ့ အချက်ပါပဲ။ 

ကျားဖြန့်လုပ်ငန်းတွေဟာ အလွန်ရက်စက်တဲ့ စီးပွားရေးပုံစံတခုဖြစ်ပြီး အလုပ်သမားတွေကို စုဆောင်းတာ၊ လူကုန်ကူးတာတွေကနေ အွန်လိုင်းရာဇဝတ်မှုတွေ ကျူးလွန်စေပြီး ရလာတဲ့ အကျိုးအမြတ်တွေကို ဒေသတွင်းက ခြစားအာဏာပိုင်တွေရဲ့ အကူအညီနဲ့ ငွေကြေးခဝါချတာတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေပါတယ်။ 

အလုပ်သမားအများစုက မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့လို ဆင်းရဲတဲ့ နိုင်ငံတွေကဖြစ်ပြီး စစ်ပွဲနဲ့ အထွေထွေကျပ်တည်းမှုတွေကြောင့် ရရာအလုပ်ရှာရင်း ဒီလုပ်ငန်းတွေထဲကို ရောက်လာကြတာပါ။ ဒါ့အပြင် ထိုင်း၊ မလေးရှား ဒါမှမဟုတ် ဒူဘိုင်းတို့လို နိုင်ငံတွေမှာ အလုပ်ရှာမရလို့ လမ်းပျောက်နေကြတဲ့ မြန်မာ၊ ဖိလစ်ပိုင်နဲ့ ပါကစ္စတန်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး လစာကောင်းကောင်းနဲ့ ဆွဲဆောင် ခေါ်သွင်းတာမျိုးလည်း ရှိပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ကာလအတွင်း ခြစားမှုတွေ ပိုကြီးလာတာက ကျားဖြန့်လုပ်ငန်းတွေအတွက် အချက်အချာနေရာတခု ဖြစ်လာစေခဲ့ပါတယ်။ အာဏာသိမ်းခဲ့တဲ့ စစ်တပ်အနေနဲ့ သူရပ်တည်နိုင်ဖို့အတွက် မူးယစ်ဆေးဝါးလုပ်ငန်းတွေ၊ လောင်းကစားလုပ်ငန်းတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေအပါအဝင် တရားမဝင်စီးပွားရေးလုပ်ငန်းတွေကို အဓိကထောက်တိုင်အဖြစ် အားကိုးနေရတာဟာ ငြင်းမရတဲ့အချက်ဖြစ်ပါတယ်။ 

ကရင်နယ်ခြားစောင့်တပ် BGF ဟာ ၁၉၉၄ ခုနှစ်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU) ကနေ ခွဲထွက်ခဲ့တဲ့ ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော်(DKBA) ကနေ ထပ်မံခွဲထွက်ခဲ့ပြီး မြန်မာစစ်တပ်နဲ့ ပူးပေါင်းခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ ကရင်ပြည်နယ် နယ်စပ်ဒေသတွေကို အခြေပြုပြီး ကျားဖြန့်ရာဇဝတ်မှုတွေနဲ့ တိုက်ရိုက်ဆက်နွှယ်နေခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။​ ခေါင်းဆောင် စောချစ်သူက ကျားဖြန့်လုပ်ငန်းတွေကို ထိထိရောက်ရောက် ဖြိုခွင်းမယ်လို့ မြဝတီမြို့မှာ တရုတ်စီးပွားရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက် ကတိပြုခဲ့ပါတယ်။ တဖက်မှာလည်း သူဟာ ကျားဖြန့်လုပ်ငန်းတွေကို မြေယာငှားရမ်းတာတွေကနေ အကျိုးအမြတ်များစွာ ရရှိနေတာပါ။ အခုအချိန်မှာ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ စောချစ်သူ၊ စောတင်ဝင်း၊ စောမုတ်သုံတို့ သုံးယောက်ကို ထိုင်းနိုင်ငံ အထူးမှုခင်းစုံစမ်းရေးတပ်ဖွဲ့ DSI က ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်နေကြပါတယ်။​

မြန်မာစစ်အစိုးရ ဗိုလ်ချုပ်အများစုဟာလည်း ကျားဖြန့်လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပါတယ်။ စစ်အစိုးရအနေနဲ့ ဗိုလ်ချုပ်အောင်မင်းထွန်းအပါအဝင် ဗိုလ်ချုပ်ငါးဦးကို ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အရေးယူထားတယ်လို့ ဝန်ခံထားပါတယ်။ ကျားဖြန့်လုပ်ငန်းတွေမှာ ထိုင်းနိုင်ငံရဲ့ ပံ့ပိုးထောက်ပံ့မှုတွေ ရှိနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း မကြာသေးခင်က ထွက်ပေါ်ခဲ့ပါတယ်။​ ဒီနောက်မှာတော့ မြဝတီနဲ့ တာချီလိတ်အပါအဝင် မြန်မာနိုင်ငံထဲက မြို့ငါးမြို့ကို လျှပ်စစ်၊ အင်တာနက်နဲ့ လောင်စာဆီ ပေးပို့တာတွေကို ထိုင်းဘက်က ဖြတ်တောက်လိုက်ပါတယ်။​ 

တရုတ်နိုင်ငံနဲ့ ညှိနှိုင်းအပြီး ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကောင်စီက ဦးဆောင်တဲ့ အခုလုပ်ဆောင်ချက်တွေဟာ နယ်စပ်တွေမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ဟန့်တားဖို့ ကြိုးစားတာလို့ ဆိုပေမဲ့ မြန်မာနိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နစ်နာသွားစေတာပဲ ရှိပြီး ကျားဖြန့်လုပ်ငန်းတွေကတော့ မီးစက်တွေ၊ ဆိုလာတွေ၊ starlink အင်တာနက်တွေနဲ့ ဆက်လက်လည်ပတ်နေဆဲပါ။ 

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံ အမှတ်-၅ စုံစမ်းရေးရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ် အက်ခါရက်ကို ရာထူးကနေ ခေတ္တဆိုင်းငံ့လိုက်ပါတယ်။ ကြီးမားတဲ့ ခြစားမှုအင်ပါယာမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ။ အဲဒီအရေးယူမှုဟာ ထိုင်းရဲတပ်ဖွဲ့အတွင်းမှာလည်း ခြစားမှုတွေ နက်နက်ရှိုင်းရှိုင်းတွယ်နေတယ်၊ အားနည်းချက်တွေ ရှိနေတယ်ဆိုတာတွေကို ထင်ဟပ်စေပါတယ်။ အကျိုးဆက်အဖြစ် နိုင်ငံရဲ့ ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေရဲ့ ထိရောက်မှုအပေါ်ကိုလည်း စိုးရိမ်တဲ့ မေးခွန်းတွေ ပေါ်ထွက်စေခဲ့ပါတယ်။​

ဒါ့အပြင် လာအိုနိုင်ငံမှာရှိတဲ့၊ တရုတ်စီးပွားရေးလုပ်ငန်းရှင် ကျောင်းဝေ ထိန်းချုပ်ထားတဲ့ ရွှေတြိဂံအထူးစီးပွားရေးဇုန် (GTSEZ) ဟာလည်း ကျားဖြန့်နဲ့ လူကုန်ကူးမှုတွေ၊ ငွေကြေးခဝါချမှုတွေနဲ့အတူ နာမည်ဆိုးနဲ့ ကျော်ကြားလာပါတယ်။ လာအိုအစိုးရကတော့ အဲဒီဇုန်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဥပဒေနဲ့ လည်ပတ်နေတယ်ဆိုတဲ့ အကြောင်းပြချက်ပေးပြီး အထူးတလည် ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျားဖြန့်ရာဇဝတ်မှုတွေအတွက် အကာအကွယ်ပေးတဲ့ နေရာတွေ ဖြစ်လာခဲ့တာပါ။ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကနေ လူကုန်ကူးခံရတဲ့သူတွေဟာ လုံခြုံရေးတင်းကျပ်ထားတဲ့ အဆောက်အအုံတွေထဲမှာ ထိန်းသိမ်းခံထားရပြီး ကျားဖြန့်လုပ်ငန်းတွေအတွက် တရက်မှာ အနည်းဆုံး ၁၅ နာရီလောက် အလုပ်လုပ်နေကြရပါတယ်။ ထွက်ပြေးဖို့ ကြိုးစားသူတွေကို ရိုက်နှက်တာ၊ တခြားကျားဖြန့်စင်တာတွေဆီကို ရောင်းချတာ၊ ဒါမှမဟုတ် သတ်ပစ်တာတွေ လုပ်ပါတယ်။ 

တခါ ကမ္ဘောဒီးယားနိုင်ငံမှာလည်း မကြာခဏဆိုသလို ကျားဖြန့်စင်တာတွေကို ဝင်ရောက်စီးနင်းတာတွေ လုပ်ပါတယ်။ ဒါပေမဲ့ ရက်အနည်းငယ်အကြာမှာပဲ တခြားနာမည်တွေနဲ့ ပြန်ဖွင့်ပြန်ပါတယ်။​ ဒီလိုနဲ့ ကမ္ဘောဒီးယားရဲအရာရှိတွေရဲ့ ခြစားမှုဟာလည်း ပေါ်ပေါ်ထင်ထင် ဖြစ်လာခဲ့ပါတယ်။ ဆီဟာနုဗေးမှာရှိတဲ့ ကျားဖြန့်စင်တာတခုကို ကမ္ဘောဒီးယားအာဏာပိုင်တွေက မကြာသေးခင်က စီးနင်းခဲ့ပြီး လူကုန်ကူးခံထားရသူ ၁,၀၀၀ ကျော်ကို ကယ်တင်ခဲ့ပါတယ်။​ ဒါပေမဲ့ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေကတော့ လွတ်မြောက်နေဆဲပါ။ တခြားကျားဖြန့်လုပ်ငန်းတွေဟာလည်း အရေးယူမခံရဘဲ ဆက်လက်လည်ပတ်နေတယ်ဆိုတဲ့သတင်းတွေလည်း ရှိပါတယ်။ 

တရုတ်အပါအဝင် ဒေသတွင်းအစိုးရတွေဟာ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို ထိထိရောက်ရောက်ဖြိုခွင်းမယ်ဆိုပြီး ပြည်သူလူထုကို ပြောနေပေမဲ့ ရလဒ်တွေကတော့ စိတ်ပျက်စရာပါ။​ တရားမဝင်အွန်လိုင်းလောင်းကစားဝိုင်းတွေနဲ့ ကျားဖြန့်ဂိုဏ်းတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက တရုတ်နိုင်ငံကို တိုက်တွန်းနေပါတယ်။​ ကျားဖြန့်လုပ်ငန်းတွေဟာ ဆိုက်ဘာလိမ်လည်မှုတွေကို ကျူးလွန်ရုံသာမက အလုပ်သမားတွေကို အတင်းအကျပ် စေခိုင်းတာ၊ နှိပ်စက်ညှဉ်းပန်းတာနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေအထိ လုပ်နေကြတဲ့အကြောင်းတွေကို  ကမ္ဘာ့မီဒီယာတွေက ဖော်ပြကြပါတယ်။​ 

အရှေ့တောင်အာရှအတွင်းမှာ တရုတ်လူမျိုးတွေ ခေါင်းဆောင်တဲ့ ကျားဖြန့်ကွန်ရက်ဟာ ဆိုက်ဘာလိမ်လည်တဲ့ ရာဇဝတ်မှုတခုသာမကဘဲ ဒေသတွင်း ခြစားမှုပြဿနာလည်း ဖြစ်ပါတယ်။ အခုလို စိုးရိမ်ဖွယ်ရာအခြေအနေတွေကို အရေးတကြီး မဖြေရှင်းဘူးဆိုရင် ဒေါ်လာဘီလီယံ ဆယ်နဲ့ချီပြီး တရားမဝင်အမြတ်ရရှိနေတဲ့ ကျားဖြန့်ကွန်ရက်ကြီးဟာ အကျင့်ပျက်ခြစားနေတဲ့၊ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေတဲ့ အခြေအနေကို ပါးပါးနပ်နပ်အသုံးချပြီး ဆက်လက်ကြီးထွားနေအုံးမှာပါ။ တနေရာမှာ ဖြိုခွင်းလိုက်ရင် နောက်တနေရာကို ရွှေ့သွားပြီး နည်းပညာအသစ်တွေနဲ့ ပြန်ပေါ်လာပါလိမ့်မယ်။​

ဒီလိုနဲ့ပဲ ပုံစံမျိုးစုံနဲ့ လိမ်လည်ခံရသူတွေလည်း ဆက်ပြီး တိုးနေအုံးမှာပါ။ 

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles