CDM နဲ့ Non-CDM တွေရဲ့အကြားက ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ တနေ့က နော;ယေန် ရေးသားတဲ့စာမူမှာ ဖော်ပြထားပြီး အကိုင်အတွယ်မတတ်ရင် ဖြေရှင်းရခက်တဲ့ပုစ္ဆာတပုဒ်ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ အခုက အဲဒီဆောင်းပါးကို ငြင်းချက်ထုတ်တာမဟုတ်ပေမဲ့ ဒီပြဿနာကိုပဲ မတူညီတဲ့ ရှုထောင့်ကနေကြည့်ပြီး အခြားမျက်နှာစာတဖက်ကနေ သုံးသပ်ဖော်ပြချင်ပါတယ်။ ဒီတော့ CDM လှုပ်ရှားမှုတွေရဲ့ ကနဦးအစအထိ ပြန်သွားကြရအောင်။ ရင်းမြစ်ကိုသိမှ ဖြေရှင်းရလွယ်မှာပါ။ ဒါမှမဟုတ် ဖြေရှင်းလို့ ရနိုင်မလားဆိုတာ သိနိုင်မှာပါ။
၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းတဲ့အခါ ဒီမိုကရေစီစနစ်ကို မြည်းစမ်းကြည့်မိပြီးသား ပြည်သူအတော်များများက ဆန္ဒပြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြပါတယ်။ အထူးသဖြင့် လူငယ်လူရွယ်တွေ အများစု ပါဝင်ခဲ့ကြပါတယ်။ အာဏာရှင်ဆန့်ကျင်ရေးအတွက် လူထုပါဝင်မှု ဘယ်လောက်များခဲ့လဲဆိုတာ အဲဒီအချိန်က သတင်းရုပ်သံတွေ၊ ဓာတ်ပုံတွေမှာ အထင်းသားတွေ့မြင်နိုင်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ ဆန္ဒပြမှုတွေမှာ စတင်ပါဝင်လာကြပေမဲ့ လုပ်ငန်းခွင်ကို စွန့်ခွာတာတွေ မလုပ်ကြသေးပါဘူး။ ဆန္ဒပြတဲ့နေရာမှာ ထင်ရှားတဲ့အစုအဖွဲ့ တွေကတော့ ကျန်းမာရေး၊ ပညာရေးနဲ့ အင်ဂျင်နီယာတွေပါ။
ဒီလိုစစ်တပ်ဆန့်ကျင်ရေးမှာ သိန်းနဲ့ချီတဲ့ ဝန်ထမ်းထုရဲ့အားအင်ကို လိုချင်တဲ့အခါ နိုင်ငံရေးဦးဆောင်သူ အသီးသီးကနေ ‘ရုံးမတက်နဲ့ ရုန်းထွက်’ဆိုတဲ့ ဆောင်ပုဒ်မျိုးနဲ့ CDM လှုပ်ရှားမှုကို စတင်ခဲ့ကြပါတယ်။ ဝန်ထမ်းတွေအနေနဲ့ ရုံးခန်းတွေ၊ အလုပ်ခွင်တွေကို စွန့်ခွာကြဖို့အတွက် သတင်းစကားတွေကို အားအင်ကောင်းကောင်းနဲ့ လက်ဆင့်ကမ်း ဖြန့်ဝေခဲ့ကြပါတယ်။ အခုတတိယနိုင်ငံတွေမှာ အခြေကျနေပြီဖြစ်တဲ့ နိုင်ငံရေးဦးဆောင်သူတွေ၊ ထင်ပေါ်ကျော်ကြားတဲ့ဆယ်လီတွေအားလုံးလိုလို ဒီလှုံ့ဆော်မှုမှာ ပါဝင်ခဲ့ဖူးပါတယ်။ ဘယ်နှရက်တောင့်ခံနိုင်ရင် စစ်အာဏာရှင်ပြုတ်ကျပြီဆိုတဲ့ ရဲရဲတောက်အာမခံချက်မျိုး ပေါ်ထွက်လာခဲ့တာကိုလည်း အားလုံး မှတ်မိကြမယ်ထင်ပါတယ်။
တကယ်တော့ အစိုးရဝန်ထမ်းဆိုတာ ဘယ်လောက်ပဲလုပ်သက်ရင့်ရင့်၊ ဘယ်လောက်ပဲရာထူးကြီးကြီး နိုင်ငံရေးကိုနားလည်ကျွမ်းကျင်ဖို့ ခက်ခဲပါတယ်။ ဒီနေရာမှာ အစိုးရဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းဆိုပြီး စကားရပ်တွေကလည်း ရှုပ်နေပါသေးတယ်။ ပြည်သူ့အပေါ်မှာ ဝန်ဆောင်မှုပေးတဲ့အစိုးရက နိုင်ငံအကျိုးရှိအောင် လုပ်ဆောင်ရမှာမို့လို့ ဘယ်လိုအခေါ်အဝေါ်ပဲသုံးသုံး ဝန်ထမ်းတွေအားလုံးက ပြည်သူတွေကို မျက်နှာမူရမှာ ဖြစ်ပါတယ်။ အဲဒီဝန်ထမ်းတွေကို နိုင်ငံရေးအသိပညာမရှိဘူးလို့ ပြောလိုက်ရင် CDM ဝန်ထမ်းအတော်များများက ငြင်းချက်ထုတ်ပါလိမ့်မယ်။ ဓမ္မနဲ့ အဓမ္မကို ကောင်းကောင်းသိလို့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာလို့ တုံ့ပြန်ပါလိမ့်မယ်။
နိုင်ငံရေးသိပ္ပံ (political sciences)၊ ပြည်သူ့စီမံခန့်ခွဲမှုပညာ (public administration) အစရှိတဲ့ နိုင်ငံရေးပညာရပ်တွေဟာ ကြားဖူးနားဝ၊ ဟိုတစဒီတစဖတ်ဖူးရုံလောက်၊ ဟောပြောပွဲလေး နားထောင်ဖူးရုံလောက်နဲ့ နားလည်နိုင်တဲ့အရာမဟုတ်ပါဘူး။ ဒါ့အပြင် သိပ်အရေးကြီးတာက အဲဒီပညာရပ်တွေဟာ သီအိုရီသဘောသာဖြစ်တာမို့လို့ ကိုယ့်နိုင်ငံ၊ ကိုယ့်ရေမြေနဲ့ကိုက်ညီတဲ့၊ ကိုယ့်လူထုနဲ့အလုပ်ဖြစ်မယ့် နည်းနာတွေကိုလည်း လက်တွေ့တတ်ကျွမ်းထားဖို့ လိုအပ်ပါသေးတယ်။
အဲဒီဝန်ထမ်းတွေက နိုင်ငံအတွက် ပါဝင်ကူညီချင်တဲ့စိတ်တခုတည်းနဲ့ပဲ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာဟာ ၂၀၁၅ ခုနှစ် နှောင်းပိုင်းလောက်မှသာ လူတွေရဲ့ပါးစပ်ထဲကို ရောက်လာခဲ့ကြတာမို့ ဝန်ထမ်းတွေအတွက်လည်း နိုင်ငံရေးက စိမ်းနေသေးတယ်လို့ဆိုရင် လွန်အံ့မထင်ပါ။
အာဏာရှင်ဆန့်ကျင်ရေးဟာ အခုပဲအောင်တော့မယ်ဆိုတာမျိုး စိတ်အားတက်ကြွအောင်နှိုးဆွပေးလိုက်လို့သာ တော်လှန်ရေးက ဒီလောက်အထိရွေ့လာတာဆိုတဲ့စကားမျိုး တချို့တွေက တွင်တွင်ပြောပြီး ဖာထေးပေးကြပါသေးတယ်။ နိုင်ငံရေးဦးဆောင်သူတွေကိုယ်တိုင်တောင် တော်လှန်ရေး ဘယ်လောက်ကြာမယ်ဆိုတာ မသိနိုင်ကြတာပါ၊ ဒါမှမဟုတ် သတင်းအချက်အလက် အမှန်မပေးခဲ့ကြတာပါ။ ပြောရရင်တော့ တစ်တော့မှာ ခေတ်စားခဲ့တဲ့ ‘နင်လိမ်တယ်၊ ညာတယ်’ဆိုတဲ့ စကားအတိုင်းပါပဲ။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာမြင့်မယ်ဆိုတာကိုမသိနိုင်လို့ ပါဝင်လာတဲ့သူတွေလည်း အများကြီးရှိပါတယ်။ အဲဒီ CDM တွေကို စော်ကားလိုခြင်းအလျဉ်းမရှိပါဘူး၊ ဒါပေမဲ့ သက်လုံမကောင်းလို့ ရေရှည်မပါနိုင်သူကို မာရသွန်ပြေးပွဲထဲ ဇွတ်တွန်းလွှတ်လိုက်သလိုဖြစ်ခဲ့ပါတယ်။ လမ်းခုလတ်မှာတင် အမောဖောက်ရသူတွေ၊ အသက်ပျောက်ရသူတွေ မနည်းမနောပါ။ သက်လုံဆိုတဲ့နေရာမှာ ခံယူချက်သက်လုံတင်မက ကျန်းမာရေး၊ ငွေရေးကြေးရေးနဲ့ မိသားစုဝန်ထုပ်ဝန်ပိုးတွေ ပါဝင်ပါတယ်။ ဘယ်သူတွေ အမောဖောက်သလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျလက်ဆွဲပြပါလို့တော့ မပြောကြေး။ တော်လှန်ရေးအတွင်းမှာ ကြွေခဲ့တဲ့ကြယ်တွေကို ဘယ်နတ်ဘုရားမှ မရေနိုင်ခဲ့ပါဘူး။
ပထမဆောင်းပါးရှင်ရေးသားထားတဲ့အထဲမှာ ပါပြီးသားမို့ CDM ဒုက္ခတွေကိုတော့ အကျယ်မချဲ့တော့ပါဘူး။ CDM တွေမှာ ဒုက္ခသုက္ခတွေကို ရင်ဆိုင်နေရတဲ့တချိန်တည်းမှာပဲ CDM နဲ့ Non-CDM အကြားက ကမ္ဘာမကျေတိုက်ပွဲကိုလည်း ဆက်ပြီးဆင်နွှဲနေရပါသေးတယ်။ CDM မူဝါဒနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းမရှိတဲ့အခါ ဒီတိုက်ပွဲကလည်း တော်လှန်ရေးပြီးရင်တောင် မပြီးဆုံးနိုင်မယ့်ပြဿနာ ဖြစ်နေဦးမှာပါ။ အာဏာရှင်တွေနဲ့ သူတို့နောက်လိုက်တွေက တနိုင်ငံ၊ တော်လှန်ရေး အင်အားစုတွေက တနိုင်ငံဆိုပြီး တောင်မြန်မာ၊ မြောက်မြန်မာ နိုင်ငံနှစ်ခြမ်းခွဲနေကြမယ်လို့ တချို့က နောက်ပြောင်ပြောကြတာ ရှိပါတယ်။ အာဏာရှင်နဲ့ တော်လှန်ရေးကတော့ နိုင်ငံသီးခြားခွဲပြီး နေ၊ မနေ မသိရပေမဲ့ CDM နဲ့ Non-CDM တွေကတော့ ကမ္ဘာမကျေဘူး၊ အဆုံးထိသွားမယ်ဆိုတဲ့အခြေအနေကို ရောက်နေကြပါပြီ။ ဒီလိုအင်အားစုနှစ်စုကို အစွန်းနှစ်ဖက်ရောက်အောင် ခွဲခြားနေတာဟာ ညီညွတ်ရေးကို ဦးမတည်တဲ့အပြင် လူမှုအဖွဲ့အစည်းကိုပါ သွေးကွဲစေပါလိမ့်မယ်။
ဒီလိုပြောလို့ CDM လှုပ်ရှားမှုက အရေးမပါဘူးလားဆိုတော့ အရေးပါပါတယ်။ CDM တွေရဲ့တန်ဖိုးက ကြီးမားပါတယ်။ စစ်အာဏာရှင်အတွက် ကြီးစွာသော ထိတ်လန့်မှုရလောက်တဲ့အထိ အောင်မြင်ခဲ့လို့ ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက်တောင်မှ ဆန်ခါတင်စာရင်းဝင်ခဲ့သေးတယ်။ တော်လှန်ရေးမှာ စစ်ကောင်စီအောက်က လက်နက်ကိုင်ထားသူတွေများများ ပြုန်းတီးချည့်နဲ့လေလေ ပြည်သူတွေ အထိအခိုက်နည်းလေလေမို့လို့ စစ်ကောင်စီရဲ့ အားကောင်းမောင်းသန်ဒေါက်တိုင်တွေဖြစ်တဲ့ စစ်သား၊ ရဲသား၊ ထောင်ဝန်ထမ်း စတာတွေကို CDM လုပ်ဖို့ ပိုမိုဆွဲဆောင်ရမှာပါ။ အခုတော့ အဖျက်စွမ်းအားကြီးတဲ့ အဲဒီအင်အားစုတွေ CDM ဝင်တာနည်းနေပြီး အခြားပြည်သူ့ဝန်ဆောင်မှုကဏ္ဍက CDM တွေက ပိုများနေပါတယ်။
ကဏ္ဍစုံအလွှာအသီးသီးက ဝန်ထမ်းတွေအနေနဲ့ CDM လုပ်လိုက်တဲ့အခါမှာ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန်ရသလို သူတို့ရဲ့စားဝတ်နေရေးကို မိသားစုတွေက တဖက်တလမ်းကနေ ထောက်ပံ့နေရတဲ့အတွက် ငွေကြေးကျပ်တည်းကုန်ပါတယ်။ အဲဒီအခါ သွယ်ဝိုက်အကျိုးဆက်အနေနဲ့ တော်လှန်ရေးကို ငွေကြေးထောက်ပံ့မှုလည်း အားနည်းသွားစေပါတယ်။
ဒါ့အပြင် CDM တွေဆိုတာ လိုတဲ့အခါမှ ခေါ်ခေါ်သုံးတဲ့ လိုသုံးအဆင့်မျိုးဖြစ်နေတာကို တွေ့ရပါတယ်။ Hot issue လို့ခေါ်တဲ့ ပွဲဆူစေမယ့်သတင်းတွေမရှိတော့တဲ့အချိန်မျိုးမှာ CDM တွေကို ဖုန်သုတ်ပြီး ‘CDM များသည် တော်လှန်ရေးတွင် အစဉ်အမြဲ အရေးပါကြောင်း၊ အဓိကကျသည့် ဒေါက်တိုင်များဖြစ်ကြောင်း၊ ယခုအခါ CDM များမှာ ဒုက္ခရောက်နေကြသောကြောင့် ပြည်သူများအနေနှင့် ကူညီကြရန် လိုအပ်ကြောင်း’လို့ဆိုပြီး ဖန်တရာတေနေတဲ့ စကားတွေကိုပဲ ထပ်ခါထပ်ခါပြောတတ်ကြပါတယ်။ CDM တွေကတော့ ဆီသည်မလက်သုတ်ပဝါလိုပဲ ညစ်ထေးနေတဲ့ ဘဝတွေနဲ့ လုံးလည်ချာလည်လိုက်နေကြရပါတယ်။
ကိုယ်ပြောခဲ့တဲ့စကားကို မေ့ချင်ယောင်ဆောင်တတ်တဲ့၊ ကိုယ့်စကားကို တာဝန်မယူတတ်တဲ့ နိုင်ငံရေးလုပ်စားတွေ၊ နိုင်ငံရေးဆယ်လီတွေအကြားမှာ CDM တွေအနေနဲ့ အသုံးချခံသက်သက် မဖြစ်စေဖို့ ချစ်ခြင်းကို အခြေတည်လို့ သတိပေးလိုက်ချင်ပါတယ်။
စာကြွင်း။ ။ ပြည်သူကိုသာ မျက်နှာမူသော နိုင်ငံရေးသမားများကို ပုတ်ခတ်စော်ကားလိုခြင်း အလျဉ်းမရှိပါ။