၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ် စတင်တဲ့အချိန်ကတည်းကနေ အခုအထိ တော်လှန်ရေးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ရှေ့ဆက်နေဆဲဖြစ်တယ်ဆိုတာ လူထုတရပ်လုံး မျက်မြင်ပါပဲ။ တော်လှန်ရေးဟာ အသက်ပေါင်းများစွာ ရင်းနှီးပေးဆပ်ထားရတာဖြစ်လို့ အခြားကိစ္စတွေထက် အရေးကြီးပြီး ဦးစားပေးလုပ်သင့်တာလည်း မှန်ပါတယ်။ ဒါပေမဲ့ ဒီကာလအတွင်း အလျှိုအလျှိုပေါ်ပေါက်လာတဲ့ ကိစ္စတွေထဲမှာမှ ‘လိင်အကြမ်းဖက်မှု’ဟာလည်း အရေးတကြီး ဖြေရှင်းရမယ့် ကိစ္စတရပ် ဖြစ်တာကို ကျမတို့ မေ့ထားလို့ မရပါဘူး။
ထိကပါးရိကပါး နှောင့်ယှက်မှု၊ အလိုမတူဘဲ sex tape အဖြန့်ခံရမှု၊ မဟုတ်မမှန် သတင်းတွေကို ကိုယ့်ဓာတ်ပုံနဲ့တွဲပြီး channel တွေမှာ တင်ကာ အသရေဖျက်မှု။ ဒီလိုကိစ္စရပ်တွေကနေစပြီး မြန်မာနိုင်ငံတဝန်းမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ နှောင့်ယှက်မှု၊ မုဒိန်းမှုနဲ့ သက်ငယ်မုဒိန်းမှု စတာတွေ ဖြစ်ပွားနေပါတယ်။ အာဏာသိမ်းမှု ဖြစ်စဉ်ကတည်းကနေ ၂၀၂၄ ခုနှစ် ဇွန်လအထိ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးမှု၊ အကြမ်းဖက်မှုပေါင်း ၄၉၂ ခုအထိ ရှိခဲ့ကြောင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ဖော်ပြခဲ့တဲ့ RFA သတင်းဌာန မြန်မာပိုင်းအစီအစဉ်ရဲ့ ဆောင်းပါးတပုဒ်မှာ ဖော်ပြထားပါတယ်။ အခုလက်ရှိအချိန်မှာတောင် ‘အမျိုးသမီးတဦးကို လိင်ပိုင်းဆိုင်ရာ အရှက်ခွဲ ခြိမ်းခြောက်အကျပ်ကိုင်တာ၊ လက်နက်ပြ ခြိမ်းခြောက်တာ’ တွေကို လွတ်မြောက်နယ်မြေတခုက တော်လှန်ရေးဘက်တော်သားတဦးကိုယ်တိုင် ကျူးလွန်ထားတဲ့အကြောင်း တိုင်ကြားစာတွေနဲ့ ပြည်သူတွေရဲ့ အသံဗလံတွေကို လူမှုကွန်ရက်မှာ တွေ့နေရပြန်ပါပြီ။
၂၀၂၁ ခုနှစ် အရှေ့ပိုင်းတုန်းကဆိုရင် ဒီလိုကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေကိုယ်တိုင် ကွင်းဆင်း လေ့လာပြီး အကူအညီပေးတာ၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်တာ စတဲ့ လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ခဲ့ကြတယ်။ အွန်လိုင်းကမ်ပိန်းတွေမှာလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ အုံလိုက်ကျင်းလိုက် ပါဝင်ခဲ့ကြပါတယ်။ နွေဦးတော်လှန်ရေးအစမှာ အမျိုးသမီးတွေအရေးကို လေးစားသမှုနဲ့ ထဘီအလံထူခဲ့ကြတဲ့ကိစ္စတွေနဲ့အတူ ‘ငါတို့ထဘီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ’ ဆိုတဲ့ ကြွေးကြော်သံတွေလည်း မြိုင်ခဲ့ပါတယ်။ ဒီတန်ဖိုးထားမှုတွေဟာ ကာလတခုမှာ လျော့ပါးသွားပြီလားလို့ မေးခွန်းထုတ်စရာပါပဲ။ (အခုအချိန်အထိလည်း ဆက်လက်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ ကမ်ပိန်းတွေ ရှိကြပေမဲ့ စစ်နဲ့ စီးပွားရေးတို့လို ပြင်ပထိုးနှက်မှုတွေကြောင့် အရှိန်အဟုန်လျော့ကျသွားတာကိုတော့ ကျမတို့ ဝမ်းနည်းစွာ လက်ခံရမှာပါ။) ဒါပေမဲ့ အဲဒီလို အချိန်တုန်းကတောင် လိင်အကြမ်းဖက်မှုကိစ္စဟာ ‘ကြီးသည့်အမှု ငယ်စေ၊ ငယ်သည့်အမှု ပပျောက်စေ’ ဆိုတဲ့ မူဝါဒအတိုင်း အမှုငယ်အဖြစ် သတ်မှတ်ခံရတတ်ပါတယ်။ ပိုက်ဆံနဲ့ ကျေအေးလိုက်ရုံ၊ အချိန်ကြာလာလို့ အမေ့လျော့ခံပြီး ပြီးဆုံးသွားရုံပဲဆိုတဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။ ကျူးလွန်ခံရသူတွေရဲ့ စိတ်ဒဏ်ရာကို ထည့်သွင်းစဉ်းစားတဲ့ အဆင့်ထိတောင် မရောက်လိုက်ရပါဘူး။
အလားတူပဲ။ အာဏာသိမ်းပြီးကာလကနေ အခုအချိန်အထိ စစ်ကြောင်းထိုးရာ လမ်းတလျှောက် ဒါမှမဟုတ် ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေ၊ ဒါမှမဟုတ် တော်လှန်အင်အားစုတွေ၊ အကျဉ်းထောင်ထဲကသူတွေ (အမျိုးသမီး၊ အမျိုးသားနဲ့ အခြား) ကို စစ်ကောင်စီတပ်သားတွေသာမက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေ၊ သတင်းဆောင်းပါးတွေကို ကျမတို့ ဖတ်ရှုခဲ့ရပြီးပါပြီ။
လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေထဲ ထပ်ပေါင်းထည့်လိုတဲ့ နောက်ထပ်ဖြစ်ရပ်တွေကတော့ ‘စာသင်ကျောင်းတွေမှာဖြစ်တဲ့ လိင်အကြမ်းဖက်မှု’ တွေပါ။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အညီ ပညာရေးကဏ္ဍကလည်း နောက်ကျ ကျန်မနေခဲ့အောင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ဖွဲ့စည်းလာကြပါတယ်။ ဒီလိုအချိန်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ လိင်အခြေပြု ဖိနှိပ်မှုတွေ ဥပမာ ပဲခူးတိုင်းမှာ ကျောင်းအုပ်က ကလေး ၃၁ ယောက်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ၊ ဖယ်ခုံမှာ စာသင်ကျောင်းတာဝန်ခံက ကျောင်းသားတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာ စတဲ့ အမှုမျိုးတွေကို ခပ်စိပ်စိပ် ကြားလာရတယ်။ ဒီလိုကိစ္စတွေကို ‘ငွေနဲ့ ဖုံးဖို့’ ကြိုးစားမဲ့အစား တော်လှန်ရေးနဲ့ ထပ်တူထားကာ ဦးစားပေး ကိစ္စတရပ်အဖြစ် ကိုင်တွယ်သင့်ပြီလို့ ယူဆပါတယ်။
ဒီနေရာမှာ မေးစရာဖြစ်လာတာကတော့ တရားစီရင်ရေးဖြစ်လာတဲ့အခါမှာ ဘယ်လို ကိုင်တွယ်မှာလဲ ဆိုတာပါပဲ။ အာဏာသိမ်းစစ်ကောင်စီက အတည်ပြုထားတဲ့ ဥပဒေတွေအတိုင်းလား။ ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေထဲက သက်ဆိုင်ရာ အရာရှိတွေရဲ့ ဆုံးဖြတ်ချက်အတိုင်းလား။ ဒီလိုမှမဟုတ်ရင် ပြင်သစ်၊ ရုရှား တော်လှန်ရေးကာလတွေမှာ အသုံးပြုခဲ့တဲ့ မော့(ဘ) ဂျက်စတစ်နည်းလမ်းကို ကျင့်သုံးမှာလား။ ဒါမှမဟုတ် အင်တာနက်ပေါ်မှာ သတင်းဖြန့်ပြီး ပြန်လည် ဦးမမော့နိုင်တဲ့အထိ လူထုတရပ်လုံးက ဝိုင်းကြဉ်ထားတဲ့ ငြင်းပယ်ခြင်းအလေ့ (cancel culture)ကို သုံးမှာလား။ ဘယ်နည်းလမ်းကို အသုံးပြုရင် အကောင်းဆုံးဖြစ်မှာပါလဲ။ ကျူးလွန်သူကို ပုဂ္ဂိုလ်ရေးနဲ့ မရောထွေးစေဘဲ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပါမှ ကျူးလွန်ခံရသူအတွက် စစ်မှန်တဲ့ တရားမျှတမှုဖြစ်သလို နောင်ဖြစ်လာမယ့် အမှုတွေကိုလည်း ကာကွယ်နိုင်မယ်လို့ ယူဆပါတယ်။ ဒါ့အပြင် ကျူးလွန်ခံရသူကို victim blaming မလုပ်ကြဘဲ စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်ထူထောင်နိုင်စေဖို့ကို အကောင်းဆုံး ဆက်ပြီးကူညီပေးရမှာပါ။
တရုတ်ပြည် ကွန်မြူနစ်တော်လှန်ရေးကာလတုန်းက တော်လှန်ရေးသမားတွေရဲ့ လုပ်ဟန်စည်းကမ်းကြီး သုံးရပ်နဲ့ သတိပြုရန် ရှစ်ချက်ဆိုတာမျိုး ရှိခဲ့ကြပါတယ်။ အခုဒီမိုကရေစီတော်လှန်ရေးနဲ့ သဘောသဘာဝ မတူပေမဲ့ လေ့လာကြည့်မယ်ဆိုရင် အမျိုးသမီးခေါင်းဆောင်မှုကို အလေးပေးခဲ့ကြပြီး ‘အမျိုးသမီးများအပေါ် သဘောထား မှန်ရမည်’ ဆိုတဲ့ အချက်တချက် ပါဝင်ပါတယ်။ လှုပ်ရှားမှုထဲက ရဲဘော်ရဲဘက်ချင်းတွေ ဖြစ်လို့ပါပဲ။ ဗီယက်နမ်စစ်ပွဲနဲ့ တော်လှန်ရေးမှာလည်း အလားတူ အမျိုးသမီးတွေ ရှေ့တန်းရောက်တာ တွေ့ခဲ့ရပါတယ်။
လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ရုန့်ရင်းကြမ်းတမ်းစိတ်တွေကို တော်လှန်ရေးနဲ့အတူ တခါတည်း အမြစ်ပြတ် တိုက်ထုတ်သင့်ပါပြီ။ ကျမတို့ဖန်တီးချင်တဲ့ လူ့အဖွဲ့အစည်းနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အနာဂတ်မှာ ဘယ်လို ရှိနေမှာပါလဲ။ အကယ်၍ ‘ပြည်တွင်းစစ်ကာလမို့ ဒီလိုကိစ္စတွေ ဖြေရှင်းဖို့ အချိန်မရှိဘူး’လို့ ဆင်ခြေတက်ပြီး ‘အရေးကြီးတာ အာရုံစိုက်၊ ကျန်တာတွေ တော်လှန်ရေး ပြီးမှရှင်း’ ဆိုတဲ့ ထုံးကို နှလုံးမူနေဆဲဆိုရင်တော့ နောက်ထပ် ဖြစ်ပေါ်လာနိုင်တဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု အမှုတွဲအသစ်တွေကို ကမ်းလင့်ကြိုသလိုသာရှိမှာ ဖြစ်ကြောင်း…