နန်းတွေကို အရေးယူမယ်တဲ့။ ဘယ်သူက ပြောတာ။ စီတွေကို အရေးမယူသင့်ဘူးဆိုတဲ့အဖွဲ့ကြီးက ပြောတာ။ ဟင်…ဘယ်လိုကြီးလဲ။
‘ယုံကြည်ချက်’၊ ‘ယုံကြည်ရာ လုပ်ပိုင်ခွင့်’၊ ‘လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်’၊ ‘ရွေးချယ်ပိုင်ခွင့်’။ အို…ဘာတွေလဲ။ မသိ။ ထိုစကားလုံးတွေကို ရေရွတ်နေမိ။ (ဇောကပ်နေသည်ဖြစ်သောကြောင့် အပြောဟန်၊ အရေးဟန် ရောထွေးနေသည်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်။)
တရားသောစစ်က နိုင်ရမည်ဆိုလား။ အဓမ္မကို ဓမ္မဖြင့် တွန်းလှန်မည်ဆိုလား။ ဟိုးရှေးရှေးတုန်းက ကြားဖူး၏။ ဒဏ္ဍာရီပေလော။
အက်စ်ဗားဆပ်သင်း (Us versus Them) လူအခြေပြု ရန်ငါစည်းခြားအတွေးအခေါ်ကို တနင့်တပိုးစားသုံးကြသူများ ဖြစ်ကြပြီထင့်။ ထိုအတွေးအခေါ်မှာ နိုင်ငံတည်ဆောက်ရေးအတွက် မကောင်းရေးချာ့မကောင်းကြောင်း မည်သူ သင်ကြားခဲ့ပါသနည်း။ အညာခံရ၊ ဂျင်းမိခဲ့လေပြီလား။ ရှိစေတော့။
ခေတ်သစ် (သတင်းဌာနမဟုတ်) နိုင်ငံတော်သည် မအလ၏ အာဏာပလ္လင်ကို ပြောင်းပြန်လှန်မည့် နိုင်ငံတော်ပုံစံမျိုးပေလော။ စိတ်ဝင်စားဖွယ်အတိ။ မေမေ၏သားတို့ကို မေမေ မမြင်နိုင်သည်ဖြစ်ရာ မေမေ မြင်လျှင် မည်သို့ ဆိုလေမည်နည်းဟုလည်း မဖြစ်နိုင်ဖွယ်ရာကို လက်တွေ့မကျစွာ မတမ်းတလိုပြီ။ မေမေ နေကောင်းလားတို့၊ အိမ်ပြန်ချင်တယ် ဝူးဝူးတို့ စတဲ့ သီချင်းတွေတောင် ဆိုချင်သွားတယ်။ မွေးနေ့မှာ ကျန်းမာစေသား။
တော်လှန်ရေးလုပ်နေတာကို ဘာတွေပွားနေသနည်းဟု ကိုယ့်ဘာသာ ပြန်မေးမိပြန်သည်။ ဒဿနတွေလော၊ အဘိဓမ္မာတွေလော၊ ဘာသာရေးတွေလော။ ဒုသနသောစာ မဟုတ်သဖြင့် တော်ပါသေး၏။
စစ်အာဏာရှင်၏ အမိန့်ဟူသမျှကို မနာခံလို။ သို့ကြောင့် စီခဲ့သည်။ လက်ခုပ်တီးခဲ့ပါသည်။ ဒါသည် ကိုယ်ယုံကြည်ရာကို ကိုယ့်ဆန္ဒနှင့်ကိုယ်။ ထိုသို့သောသူတို့ကို အငြိုးအတေးကြီးစွာ၊ မလိုမုန်းထားစွာ ဖိနှိပ်၊ ကွပ်ညှပ်၊ နှောင့်ယှက်နေသူတို့ကို စိတ်ကုန်ပါသည်။ (သည်နေရာတွင် စိတ်ကုန်ခြင်းဟူသည်ကို အမုန်းထက် တဆင့်မြင့်သော ဒီဂရီတခုအဖြစ် ရည်ညွှန်းပါသည်။) လူဟူသည်ကား မိမိယုံကြည်ရာကို လုပ်ရန် အခွင့်အရေးရှိသည်။ အနှီအခွင့်အရေးကို မပိတ်၊ မပင်၊ မချုပ်၊ မချယ်၊ မကန့်၊ မသတ်၊ မတား၊ မဆီးစကောင်း။ ထိုမကောင်းသောအမှုကို ကျူးလွန်နေသူတို့အပေါ် ရှုတ်ချရပါမည်။ ဆန့်ကျင်သင့်ပါသည်။
စီဥပဒေဆိုသည့်အရာကို ဖတ်ကြည့်ဖြစ်ရဲ့။ အများစုကား တော်တည့်မှန်ကန်နေသည်ကို တွေ့ရသည်။ ဆုံးရှုံးခဲ့သူများ၊ နစ်နာခဲ့သူများကို ပြန်လည်ဖြည့်ဆည်းကုစားပေးမည့် စိတ်ကူးများ၊ အကြံများ ပါ၏။ လက်တွေ့ဖြစ်လာပါစေကြောင်း မျှော်လင့်ပါသည်။
သို့တိုင်….။ အခြားတဖက်မှနေ၍ ဆိုရလျှင် မည်သို့သော အကြောင်းကြောင်းကြောင့်ဖြစ်စေ မစီဘဲ နန်းအဖြစ် ရွေးချယ်ခွင့်လည်း ရှိရခြိမ့်မည်။ ဒါသည်ကား သူတို့ ရပ်တည်မှု၊ ရွေးချယ်မှု။ ‘ကြွက်မနိုင် ကျီမီးရှို့’။ ဟာ…ဒီစကားပုံက ဘယ်ကနေ ဘယ်လို ကြားဖြတ်ဝင်လာပါလိမ့်။ ကိုယ်တိုင်လည်း မသိလိုက်။ ယခုမူ မိနန်းတို့ကို အရေးယူမည်ဆိုသည်ကား တလရနှင့် မအလကို တန်းညှိလိုက်သည်သို့။ တစ်ယောင်ဆောင်ထားသော ဘူတွေပေလော။ မင်းလုပ်သလို ငါတို့လည်း ပြန်လုပ်မည်ဟူသည့် လက္ခဏာ။ သို့ဆိုလျှင် အဘယ်ကြောင့် မအလကို အပြစ်မြင်၊ အပြစ်တင်နေပါအံ့နည်း။ မင်း လုပ်တော့ အဆိုး၊ ငါလုပ်လျှင်တော့ အကောင်း။ အဲသလိုအဲဂလိုလား။ လူတယောက်ကို မကြိုက်ပေမဲ့ အဲဒီလူကို လိုက်ကြည့်နေရင်း ကိုယ့်မှာ သူ့အကျင့်တွေ ကူးတဲ့ရောဂါကို သတိပြုကြပါ။
ကြွက်ကို နှိမ်နင်းရမည်ဖြစ်သော်လည်း ကျီကို အကောင်းအတိုင်း ရှိစေချင်ပါသည်။ ဒီနိုင်ငံမှာ အနာဂတ် ရှိသေးလျှင်ပေါ့။ ဒါမှ အရေးပေါ်လာလျှင် ကျီထဲက စပါးလေး ထုတ်ပြီး စားရမှာ။
မအလ၏ အာဏာပလ္လင်ကို ပြောင်းပြန်လှန်သောအခါ ဇောက်ထိုးကြီးဖြစ်သွား၏။ သဲနာရီကို ပြောင်းပြန်လှန်သည့်နှယ်။ အပေါ်ကလူ အောက်၊ အောက်ကလူ အပေါ်ရောက်။ လူကား ပြောင်း၏၊ ပုံသဏ္ဌာန် မပြောင်း။ အဆိုးကျော့သံသရာမှာ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ပဋိစ္စသမုပ္ပာဒ်စက်ဝိုင်းကြီးနှယ်တကား။ အားလုံးရဲ့ဒဏ် လူထုခံ။ ခံလေသည့်လူထု ပြားမှသိ။ (ဒချိဒချိဟူသည့် အသံကလေး ထည့်ပေးကြပါ။)
မောင်လှသည် လမ်းတဖက်သို့ ကူးရန်ပြင်၏။ ကားတို့သည် သူ ကူးမည်ကို ဂရုမစိုက်။ ဝူးခနဲ မြည်အောင်၊ ဝှီးခနဲ မှုန်အောင် မောင်းနေကြ၏။ ကားဆရာတို့သည် ကြမ်းတမ်းရိုင်းစိုင်းကြလေတကား၊ လူစိတ်မဲ့ကြလေတကားဟု မောင်လှ ဆဲရေး၏။ အဖျူးမိုးမင့်လိတ်တား လေးငါးနှစ်ခန့်ကြာသော် မောင်လှသည် ဦးလှဖြစ်လာပြီး ကားတစီး ဝယ်၍ စီးနိုင်ခဲ့ချေပြီ။ မြို့တပတ် မီးနီဖြတ်မောင်းပြီးသကာလ ပလက်ဖောင်းဘေး ရေမြောင်းကို ရှောင်တိမ်းပြီး ကကြိုးကကြောင် လမ်းကူးနေသူများ၊ လျှောက်နေသူများကို မြင်လျှင် စည်းကမ်းမဲ့လိုက်ကြလေခြင်းဟု ဦးလှ အားရကျေနပ်စွာပင် ဆဲရေး၏။ ဪ…လမ်းပေါ်က အမြင်နှင့် ကားပေါ်က အကြည့် ဘယ်တူနိုင်လိမ့်မည်နည်း။ ဤကား ဓမ္မတာပေလော၊ ပီးရိရော့ပေလော။
အခါတပါး၌ ကျောင်းသားလူငယ်လေးတဦးသည် ဤသို့ မကျေမချမ်း မြည်တမ်းရေရွတ်လျက်ရှိ၏။ “မင်းအောင်လှိုင်ထက်တောင် ဆိုးမယ့်ကောင်တွေ” ဟူသတည်း။
ရေရွတ်ရခြင်းအကြောင်းကား တလရနယ်မြေအတွင်း တလရသမားတို့ ဦးစီးတည်ထောင်ဖွင့်လှစ်သော လောင်းကစားဝိုင်းအနားသို့ မယောင်မလည်သွားလုပ်သည့် သတင်းသမားတဦးကို သကောင့်သားတို့က ဝိုင်းဝန်းပညာပြ ဆုံးမအုပ်ထည့်လိုက်သည်ဆိုသည့် သတင်းဖြစ်ရပ်ကို ကြားသိလိုက်ရခြင်းကြောင့်တည်း။
“မင်းအောင်လှိုင်ထက်တောင် ဆိုးမယ့်ကောင်တွေ”
လူငယ်လေးသည် ထပ်ခါထပ်ခါ တုန်ဆတ်စွာဖြင့် ရေရွတ်ပြန်သည်။
သည်လိုဆိုလို့ လက်ရှိဘုရားဒကာကြီးကို အမွှမ်းတင်နေသည်ဟု မထင်စေ့ချင်။ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး အဖြစ်မျိုးကို ကြောက်မိသောကြောင့်ပင်။
မနေ့တနေ့ကပင် ‘သတင်းမီဒီယာတွေ ဘာဖြစ်၊ ညာဖြစ်’ကြောင်း ကြိမ်းဝါးလိုက်သံကို ကြားမိလိုက်ပြန်ရာ “မင်းအောင်လှိုင်ထက်တောင် ဆိုးမယ့်ကောင်တွေ” ဟူသည့်စကားကို ပြန်လည်ကြားယောင်မိပြန်ပါသည်။ အခုလောက် အောင်ပွဲအလီများကို ဆိုနိုင်ခဲ့သည့်ဇာတ်လမ်းထဲတွင် မီဒီယာတို့၏ ဇာတ်ပို့ခဲ့မှုများ ပါဝင်ခဲ့သည်မှာ မလွဲဧကန်။ ပေဖြစ်လျှင် ခံ၊ တူဖြစ်လာတော့ နှံ။ ဇာတ်မှာ အဲသည်လို ဖြစ်သွားပြီလား။ ဦးလှသည် ကားပေါ်က မျက်လုံးဖြင့် ကြည့်လေပြီ။
ဪ…ဘုရားကား မပြီးသေး၊ ငြမ်းကို မေ့ချင်ချင်။ ကိုယ်ထိုင်ထားသည့် သစ်ကိုင်းကို ကိုယ့်ဘာသာပြန်ပြီး ခွဆုံကနေ လှီးဖြတ်နေပုံကို လှမ်းမြင်မိ၏။
အချုပ်ဆိုချင်သည်ကား ရန်ငါစည်းခြားသော အတွေးအခေါ်တို့ဖြင့် ထောက်ကန်ထားသော အောင်ပွဲသည် ပလ္လင်ကို ပြောင်းပြန်လှန်ပစ်သည်ထက် မပိုကြောင်းသာလေ။