အတွေးအမြင်ဆောင်းပါးတပုဒ် ဖတ်မိရင်း ‘catch-22’ စကားစုက စိတ်ထဲစွဲနေတာနဲ့ ဒီစာကို ရေးလိုက်တယ် ဆိုပါစို့။ အခုခေတ်စားနေတဲ့ ချက်ဂျီပီတီ Chat GPT ကတော့ ဒီစကားစုရဲ့ အဓိပ္ပာယ်ကို ခုလိုရှင်းပြပါတယ်။ ‘catch-22 ဆိုတာ အလွတ်မရှိတဲ့ အခြေအနေကို ဆိုလိုပါတယ်။ မဖြစ်နိုင်တဲ့ စည်းကမ်း (ပဋိပက္ခ ဖြစ်နေတဲ့ စည်းမျဉ်း) တခုလို ဖြစ်တတ်ပါတယ်။ (မြန်မာဆန်ဆန်ဆိုရင် ရှေ့တိုးလည်းထမ်းပိုး၊ နောက်ဆုတ်လည်း လှည်းထုပ် ဆိုတာမျိုး ရွေးချယ်ရခက်တဲ့ အကျပ်အတည်းမျိုးပါ၊ ဘာရွေးရွေး ခံရဖို့ချည်းပါပဲ။) ဥပမာ အလုပ်တခုရဖို့ အတွေ့အကြုံလိုတယ်။ ဒါပေမဲ့ အတွေ့အကြုံရဖို့ အလုပ်လုပ်ဖူးဖို့ လိုပြန်တယ်။ ဒါဆိုရင် အလုပ်မရနိုင်သေးတာနဲ့ အတွေ့အကြုံမရနိုင်သေးတာ ကြားမှာ ပိတ်မိသလို ဖြစ်တတ်တယ်။ ဒါဟာ catch-22 တခုဖြစ်တယ်။’ (အီးမကောင်းပေမဲ့) နားလည်သလို ပြောရရင် ‘ပိတ်မိနေတဲ့ အခြေအနေ’၊ ‘ဆုပ်လည်စူး စားလည်းရူး အခြေအနေ’ကို ဆိုလိုပုံရပါတယ်။ တကယ်တော့ ‘Catch-22’ ဟာ ၁၉၆၁ ခုနှစ်မှာ Joseph Heller ဆိုတဲ့ အမေရိကန် စာရေးဆရာက သရော်စာဆန်ဆန် ရေးသားခဲ့တဲ့ဝတ္ထု ဖြစ်ပါတယ်။ ရှာကြည့်တော့ ဇာတ်ကား (မီနီစီးရီး) ပြန်ရိုက်ထားတာတွေ့တယ်။ ကျနော်ဖတ်မိတဲ့ ဆောင်းပါးရေးသူကတော့ ထိုင်းရဲ့ လက်ရှိအခြေအနေတချို့ကို ဝေဖန်(လေကန်)ထားတယ် ဆိုပါစို့။
ပြောချင်တာ လာပါပြီ။ ကျနော်တို့တဦးတယောက်ချင်းကနေ နိုင်ငံအထိ ဒီအခြေအနေပုံစံ ရောက်နေတယ်၊ ဖြစ်နေတယ် ပြောရမလားပဲ။ ကျနော်ကတော့ အဲဒီလို ခံစားရတယ်။ လူငယ်တယောက် အလုပ်ရှာတယ် ဆိုပါစို့။ ကျနော် ဘာပြောမလဲဆိုတာ ဒီစာကိုဖတ်နေသူ သိနေလောက်ပြီ။ စကောလားရှစ်ရလို့ အန်ကယ်ဆမ်တို့ဆီ သွားမယ်ဆိုရော… ခက်နေကြပြီ။ ထီပေါက်ပြီး ထီလက်မှတ်ပျောက်သူလို။ (ဆောရီး အမေရိကား သွားမယ့် ကွန်မြူနစ် ညီလေးရေ)။ နိုင်ငံ့အရေး၊ နိုင်ငံရေး ကြည့်ရင်လည်း catch-22 အခြေအနေက ‘ပြောမဆုံးပေါင် တောသုံးထောင်’ပဲ။ ‘နုဂျီ’ကို ဝေဖန်လေကန်မယ် ဆိုပါစို့။ ကျနော်ဘာပြောမလဲ စာဖတ်သူ သိပြီးနေပါပြီ။ လားရှိုးကို ပြန်ပေးလိုက်တဲ့ ကိစ္စကရော။ မြန်မာ့အရေးကို တရုတ်၊ အာဆီယံရဲ့ လုပ်ဆောင်ချက်တွေ ကြည့်ရင်လည်း၊ စာဖတ်သူပဲ ဆက်ပြောလိုက်ပါတော့။ ဒါပေမဲ့ ဟိုငြိမ်းချမ်းရေးမင်းသားကြီးကို ဆဲမယ်ဆိုရင်တော့ စာဖတ်သူဟာ ထိုင်းနိုင်ငံလောက်ကို ရောက်နေဖို့တော့ လိုပါမယ်။ ကော်ဖီဆိုင်/လက်ဖက်ရည်ဆိုင်မှာအချင်းချင်း ရဲဘော်လို့ ခေါ်ဖို့ပြောဖို့ မမေ့နဲ့။ အနည်းဆုံးတော့ လိုင်းပေါ်အာ၊ ဖောင်းထားသူအချင်းချင်း လေထန်ကုန်း သွားပြီး ရီကွန်စလေးရှင်းလုပ်လို့ ရနေတာပဲ။ ဒါမှမဟုတ် သတင်းမီဒီယာတခုမှာ လုပ်နေသူ ဖြစ်ရပါမယ်၊ သတင်းပေ့တခုထောင် အယ်ဒီတာ့အာဘော် ရေးလို့ ရမယ်။ ‘အာရကေ’လေး ရှိရင်တော့ ချက်ဂျီပီတီ ပရီမီယံသုံးပြီး ရေးလိုရေး၊ ဘာသာပြန်လိုကပြန်။ မရှိလည်း ဒိုနာဘတ်ဂျက်ထဲ ထည့်ဆွဲလို့ရပါမယ်၊ ပို့စ်လှဖို့ လေးအောက်ဒီဇိုင်းဘာညာ ရတာကတော့ ဘိုးနပ်စ်ပေါ့ (ဒေါမနဿနဲ့ ပြောတာမှတ်ပါလေ)။
တကယ်တော့ ငလျင်ကြီးဖြစ်ပြီးနောက်ပိုင်း (ဘာမှမလုပ်နိုင်ပေမဲ့) စိတ်ဒုန်းဒုန်းမချနိုင်ဘဲ ‘ဥတုကပ်ဘေး နောက်တခေါက်ဖြစ်ခဲ့ရင် ဘယ်လိုလုပ်ကြမလဲ’ဆိုပြီး စိုးရိမ်တဲ့အကြောင်း ဆောင်းပါးရေးဖို့။ မြစ်ကြီးနားဘက် ရေကြီးတော့ ဒေါမနဿ လေသံလေးနဲ့ ‘ဗေဒင်မေးရင် ဆန်ကုန်တယ်၊ မိုးတွင်း ရေကြီးမယ်၊ နွေရာသီမှာ အပူချိန်ကြောင့် လူသေမယ်’ ဒီခေါင်းစဥ်လေးနဲ့ ရေးဖို့ အစချီခဲ့တာ။ မနှစ်က စက်တင်ဘာမှာ ရေကြီးတာ လူအသက်တွေ ဆုံးရှုံးတာအပြင် လူတသန်းနီးပါး ဘေးသင့်ခဲ့တယ်။ နွေရာသီမှာ အပူချိန်မြင့်တက်မှုကြောင့် လူတထောင်ကျော် သေဆုံးခဲ့တယ်။ မနှစ်ကရဲ့ မနှစ်ကရော။ ‘မေလမှာ မိုခါ၊ အောက်တိုဘာလမှာ ပဲခူးရေကြီး’ ဘေးသင့်တာ အကြီးအကျယ်ပဲ။ မနှစ်မနှစ်ရဲ့ အရှေ့နှစ်ကရော၊ ကလင်ဒါကျပဲ။ ‘သူ့ချည်းသာလော ဆိုတော့ စစ်မီးလေးနဲ့ပါ ဘုရား’လို့ ဆိုရပြန်ဦးမယ်။ စစ်အာဏာသိမ်းမှုအလွန် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုက ရှစ်ထောင်ကျော်။ ဝမ်းနည်းစွာပဲ စစ်ကောင်စီရဲ့ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုက အကြိမ် ၁၀၀ နီးပါးနား ကပ်လာ။ ‘နုဂျီ’ရဲ့ ဝန်ကြီးဌာနတချို့က ဝန်ထမ်းတွေတောင် စနေ၊ တနင်္ဂနွေတွေ မနားရလောက်ဘူး။ ဒေါ့ကူမန်တေးရှင်း၊ ကွန်ဒန်မနေးရှင်းတွေ လုပ်ရလို့ မနားရဘူး ကြားတာပဲ။ ဒိုက်ထိုးချိန် မရှိလို့ တော်သေး (ဒေါမနဿနဲ့ ပြောတာ မှတ်ပါလေ)။
လူထုကတော့ ချီးကျူးစရာ ဆိုပေမဲ့ ရေကြီးလည်းသူ၊ ငလျင်လှုပ်လည်းသူ၊ ရွာက ပညာရေးနဲ့ ကျန်းမာရေး၊ သာရေးနာရေး ဆက်ကြေးလည်း သူဆိုတော့ လူမင်း မကယ်နိုင်၊ နန္ဒာလှိုင် မကယ်နိုင် ဖြစ်နေတယ်။ ဒီကြားထဲ ‘သူချစ်ခင်’ ကားကလေး ကြည့်မိတာ ‘ပေါကား၊ တောသား’ ဆိုပြီး ပြောခံရသေးတယ် (ကျတ်ရွာနဲ့ နှိုင်းထားတဲ့ ဟိုနေ့ ISP ရဲ့ ဆောင်းပါးကို ကျနော်မပြောဘူးနော်)။ စစ်အာဏာမသိမ်းခင်က လေးယောက်မှာ တယောက် ဆင်းရဲတယ်ဆိုတော့ လက်ရှိမှာ လူထုဘယ်လောက်အဆင်မပြေလဲဆိုတာ အခုတွေးကြည့်စရာတောင် မလိုဘူး၊ လက်တွေ့ပဲ။ ဘယ်လောက်ဆင်းရဲလဲဆို ဟိုတလောက အဒေါ်ဆီဖုန်းဆက်တော့ သူ့သမီး ကျနော့်ညီမ (တဝမ်းကွဲ) ဘာလုပ်နေလဲမေးတဲ့အခါ ‘တရုတ်ပြည် ရောင်းစားခံရတယ်။ အကြွေးမကျေမချင်း ပြန်လာလို့ မရဘူးလို့ ပြောတာပဲ။ ပြောပြီးကတည်းက အဆက်အသွယ် မရတော့ဘူး’ ဆိုပြီး ဒါကို ဘာမှမဖြစ်သလို ပြောတော့ ကိုယ့်မှာ catch-22 ဖြစ်ခဲ့ရသေးတယ်။ စစ်မီးနဲ့ ဥတုကပ်ဘေး၊ နောက်ကလိုက်လာတဲ့ လူမှုစီးပွားရေး အခြေအနေ။ ကဗျာဆရာတွေရဲ့ တော့ကင်းပွိုင့် (talking point လို့ ဆရာဦးမြင့်သန်း ဘာသာပြန်သံနဲ့ဖတ်ပါ) ယူသုံးရရင် ‘ရှူထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ထဲ မင်းကို သတိရတဲ့စိတ်တွေ (စိုးရိမ်၊ ဂနာမငြိမ်တဲ့စိတ်လို့ ဖတ်ပါ) တခါတည်းပါသွားရင် ကောင်းမယ်’။
နိဂုံးချုပ်ရရင် ‘ဘဝမှာ ကိုယ်မထိုးဖြစ်တဲ့ ဂီယာတွေ အများကြီး’ ဆိုတဲ့ စာသားကို ကာဗာပုံတင်ထားတဲ့ စာရေးကျော်လို ‘ဘဝမှာ catch-22 တွေ အများကြီး’လို့ ရေးပြီး အဆုံးသတ်ချင်ပေမဲ့ ကိုယ်ကကျ လင်းလင်းရဲ့ ‘သုည’။ ဒါကြောင့် လတ်တလော ကိစ္စလေးနဲ့ပဲ အဆုံးသတ်လိုက်ပါမယ်။ လာမယ့်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက ကျနော်တို့ ‘နုဂျီ’အတွက် ‘catch-22’ မဖြစ်ဖို့ပဲ။ ဒါကို ဘယ်လိုလုပ်ရမလဲ/ လုပ်သင့်လဲဆိုတာကတော့ ကျနော့်အတွက်လည်း ‘catch-22’ ပဲ။