ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

တောင်တောရယ်သာ

အရှေ့အလယ်ပိုင်းနိုင်ငံတွေကို အနောက်နိုင်ငံတွေက အာရုံစိုက်ပေမဲ့ မြန်မာ့အရေးမှာတော့ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံဆိုလို့ တရုတ်တနိုင်ငံပဲရှိပါတယ် ... ဒီတော့ ကြိုက်ကြိုက်မကြိုက်ကြိုက် မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ ပါဝင်နေမှုကို ဘယ်လိုနားလည်ကြမလဲ၊ ဘယ်လိုအသုံးချနိုင်မလဲဆိုတာက အရေးကြီးပါတယ်။
By  လင်းထက်အောင်  | June 25, 2025

အခုရက်ပိုင်း Foreign Policy မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ‘အနောက်နိုင်ငံတွေအနေနဲ့ ဘာလို့ ဆီးရီးယားအစိုးရသစ်ကို ကြိုဆိုပြီး အာဖဂန်အစိုးရသစ်ကိုတော့ ပစ်ပယ်ကြသလဲ’ (Why the West Embraced Syria and Ditched Afghanistan) ဆိုတဲ့ဆန်းစစ်ချက်တပုဒ်ကို ဖတ်ရပါတယ်။ ဆောင်းပါးက ကိန်းဂဏန်းအချက်အလက် ဆန်းစစ်ချက်တွေထက် အတွေးအမြင်အယူအဆ စူးရှမှုကို အဓိကအခြေပြုတာပါ။ ဆောင်းပါးရဲ့ အဓိကဆွေးနွေးတင်ပြချက်တွေကို အကျဥ်းချုပ်ပြောရရင် ဆီးရီးယားကို ကြိုဆိုပြီး အာဖဂန်ကို ဖဲကြဥ်ထားကြတာဟာ (၁) တက်လာတဲ့ အစိုးရသစ်အနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ဘယ်လောက်လိုလားသလဲ၊ ဘယ်လောက်လုပ်ပြသလဲ၊ (၂) ပထဝီနိုင်ငံရေးအရေးပါမှု ဘယ်လောက် ရှိသလဲနဲ့ (၃) အုပ်စိုးသူအစုအဖွဲ့ (တနည်း) အစိုးရအပြောင်းအလဲဟာ ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ အာဏာချိန်ခွင်လျှာအပြောင်းအလဲကို ဘယ်လောက်အထိ သက်ရောက်မှုရှိသလဲဆိုတဲ့ အချက်သုံးချက်အပေါ် အဓိကမူတည်တာဖြစ်တယ်လို့ စာရေးသူက ဆိုပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့လည်း ဆီးရီးယားနဲ့ အာဖဂန် နိုင်ငံနှစ်ခုလုံးဆီကနေ ကောင်းကျိုးရော၊ ဆိုးကျိုးပါ သင်ခန်းစာယူစရာတွေ ရှိနေပါတယ်။ အထူးသဖြင့်တော့ တိုင်းပြည်အကျိုးစီးပွားအတွက် အင်အားကြီးနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အပိုင်းတွေမှာပါ။ ထင်ရှားတဲ့ စာရေးဆရာ ကျော်ဝင်း အင်တာဗျူးတခုမှာ ပြောခဲ့ဖူးသလို တောင်တောသာယာကြောင်း ပြောလိုက်တဲ့အခါ မြောက်တောက အမှိုက်ရှုပ်နေတယ်လို့ မပြောပေမဲ့ စိတ်ထဲအလိုလို သိနေသလိုပါပဲ။ ဆီးရီးယားမှာ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်ပြီး မျှော်လင့်ချက် ရောင်ခြည်သန်းလာပေမဲ့ မြန်မာနိုင်ငံကတော့ ပဋိပက္ခနဲ့ ဆင်းရဲမှုနွံထဲမှာ နစ်နေတုန်းပါပဲ။ အရပ်ရပ်က ပြည်သူတွေလည်း နာလှပါပြီ။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

ဆောင်းပါးကို ပြန်ဆက်ရရင် စာရေးသူတိုင်းတာတဲ့ အချက်သုံးချက်ဟာ အလွန်မြင်သာပြီး အတော်လေးကောင်းတဲ့ မူဘောင်တခုပါ။ ဆီးရီးယားအစိုးရသစ်ဟာ အာဏာထိုင်ခုံပေါ် တက်လာတာနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့သလို စီးပွားရေးပိတ်ဆို့မှုတွေ ရပ်တန့်အောင် နိုင်ငံတကာကို ထွက်ပြောတာတွေလည်း လုပ်ခဲ့ပါတယ်။ အစိုးရသစ်ရဲ့ အားထုတ်မှုတွေ အရာထင်ခဲ့တာကို ထရမ့်ရဲ့ ဆော်ဒီခရီးစဥ်မှာ ဆီးရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တာကို ကြည့်ရင် ထင်ရှားပါတယ်။ တဖက်မှာ အာဖဂန်ရဲ့ တာလီဘန်အစိုးရသစ်ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တာရှိပေမဲ့လည်း အမျိုးသမီးတွေ အလယ်တန်းပညာရေးထက်ကျော်ပြီး စာသင်ကြားခွင့် မရသေးတာ၊ တာလီဘန်အစိုးရကို ပုန်ကန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမှု မလုပ်နိုင်သေးတာတွေကို ထောက်ပြကြပါတယ်။

ပထဝီနိုင်ငံရေးအရ ဆီးရီးယားဟာ အရှေ့အလယ်ပိုင်းဒေသနဲ့ ဥရောပတိုက်ကို ချိတ်ဆက်ပေးတဲ့ လမ်းဆုံမှာ တည်ရှိနေပြီး ရုရှားအတွက် မြေထဲပင်လယ်ထွက်ပေါက်ဖြစ်တဲ့ ရေတပ်အခြေစိုက်စခန်းတွေ နိုင်ငံတောင်ပိုင်းမှာ ရှိနေပါတယ်။ တူရကီဆိုရင် ဆီးရီးယားနယ်စပ်က ခွဲထွက်ရေးအုပ်စုတွေအရေး ဖြေရှင်းနိုင်ဖို့နဲ့ အစ္စရေးအတွက်ဆိုရင် အီရန်ကို စစ်ရေးအရ ဖိအားပေးပိတ်ဆို့ထားနိုင်ရေးအတွက် ဆီးရီးယားဟာ နယ်မြေတည်ရှိမှုအရ အရေးပါနေတာ ဖြစ်ပါတယ်။ အာဖဂန်ကတော့ နိုင်ငံတည်ရာဒေသဖြစ်တဲ့ အာရှအလယ်ပိုင်းဒေသရဲ့ တောင်ဘက်ခြမ်း (south-central Asia) ဟာ ကုန်းတွင်းပိတ်ဒေသတခုဖြစ်ပြီး ထင်ရှားအရေးပါတဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေ များများစားစား ရှိမနေပါဘူး။ 

နိုင်ငံတကာအာဏာချိန်ခွင်လျှာကို ကြည့်မယ်ဆိုရင်လည်း အာဖဂန်အတွက် တာလီဘန်အစိုးရသစ်ဟာ နိုင်ငံတကာအဆင့် အပြောင်းအလဲ ဖြစ်စေလောက်တဲ့ အင်အားသြဇာ (leverage) တခုတလေမှ ရှိမနေပါဘူး။ ပြီးတော့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အဖြစ် ရှုမြင်ခံရတာကြောင့် အသိအမှတ်ပြုခံရဖို့တောင် ခက်ခဲနေဆဲပါ။ ဆီးရီးယားကတော့ အာဆတ်အစိုးရတလျှောက်လုံး ရုရှားနဲ့ အီရန်တို့ရဲ့ လက်ဝေခံ (proxy) အဖြစ် ရှုမြင်ခံခဲ့ရတာပါ။ အရှေ့အလယ်ပိုင်းရဲ့ အာဏာဝင်ရိုးကြီး (axis of power) နှစ်ခုအနက် တခုဘက်ကို ကာလကြာရှည် အပြတ်ရပ်တည်ခဲ့တာဖြစ်ပါတယ်။ အခုတကြိမ် အုပ်စိုးသူအပြောင်းအလဲမှာတော့ အဲဒီဝင်ရိုးပေါ် ထပ်ပါမသွားနိုင်အောင် ဆီးရီးယားနိုင်ငံရေးရဲ့ စာမျက်နှာသစ်ကို ထရမ့်အစိုးရက တူရကီ၊ ဆော်ဒီတို့အနေနဲ့ ကူညီဖို့ တွဲချည်ထားတာဖြစ်ပါတယ်။

ပြန်ချုပ်ရရင် ဆီးရီးယားကို စေတနာဇောအဟုန်နဲ့ ကူညီနေတဲ့နိုင်ငံရယ်လို့ မရှိပါဘူး။ ဆီးရီးယားရဲ့ နိုင်ငံရေး အပြောင်းအလဲဟာ ပထဝီနိုင်ငံရေးနဲ့ နိုင်ငံတကာအာဏာချိန်ခွင်လျှာအတွက် အရေးပါမှုနဲ့ ချိန်သားကိုက် ဖြစ်နေတာမို့ အပြောင်းအလဲနဲ့ တိုးတက်မှုတွေ မြန်ဆန်နေတာလို့ နားလည်နိုင်ပါတယ်။ တိုးတက်မှုတွေ ရှိလာပေမဲ့လည်း ပဋိပက္ခတွေ အပြီးမသတ်နိုင်သေးသလို အချိန်မရွေး ပြန်ဖြစ်နိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။ ဒါပေမဲ့ ဆီးရီးယားရဲ့ စစ်ရှောင်ပြည်သူတွေ အိမ်ပြန်နေကြပါပြီ။ မျှော်လင့်ချက်ရောင်ခြည်တွေ မြင်နေရပါပြီ။ တောင်တောကတော့ သာနေပါပြီ။

အရှေ့အလယ်ပိုင်းနိုင်ငံတွေကို အနောက်နိုင်ငံတွေက အာရုံစိုက်ပေမဲ့ မြန်မာ့အရေးမှာတော့ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံဆိုလို့ တရုတ်တနိုင်ငံပဲရှိပါတယ်။ အနောက်နိုင်ငံတချို့၊ ဂျပန်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေက မြန်မာ့အရေးမှာ လူသားစာနာအကူအညီထက်ပိုပြီး အားစိုက်မယ်မထင်ပါဘူး။ ဒီတော့ ကြိုက်ကြိုက်မကြိုက်ကြိုက် မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ ပါဝင်နေမှုကို ဘယ်လိုနားလည်ကြမလဲ၊ ဘယ်လိုအသုံးချနိုင်မလဲဆိုတာက အရေးကြီးပါတယ်။ မြန်မာ့ပဋိပက္ခအဆုံးသတ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအပြင် ဒေသတွင်းနဲ့ နိုင်ငံတကာအခင်းအကျင်းမှာ လွတ်လွတ်လပ်လပ် ပါဝင်ဆောင်ရွက်နိုင်ရေးလိုကိစ္စတွေမှာ အင်အားကြီးနိုင်ငံတွေရဲ့ အကူအညီတွေ လိုအပ်ပါတယ်။​ ဒါကြောင့် ဆီးရီးယားလို တိုင်းပြည်အပြောင်းအလဲမှာ နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားနဲ့ ကိုယ့်တိုင်းပြည်အကျိုးစီးပွား ဆုံချက်ကျအောင် ဘယ်လိုရှာဖွေနိုင်မလဲ၊ အင်အားကြီးနိုင်ငံတခုခုရဲ့ အကျိုးစီးပွားချည်းပဲ လွှမ်းမိုးမနေအောင်လည်း ဘယ်လိုထိန်းညှိကြမလဲ၊ ဒီမျှခြေကို နိုင်ငံရေးအစုအဖွဲ့အားလုံး မည်ကာမတ္တမဟုတ်ဘဲနဲ့ အလေးထားဆွေးနွေးပြင်ဆင်ကြဖို့ နှောင့်နှေးမနေသင့်တော့ပါဘူး။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles