ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

ပညာရှာ ပိုက်ဆံဘယ်မှာလဲ

ရန်ကုန်လို စစ်ဘေးကင်း လုံခြုံတဲ့နေရာက ကလေးငယ်တွေရဲ့ ပညာရေးအခြေအနေကို အခုလိုတွေးမိတော့ စစ်မီးလျှံကြား၊ ဗုံးကြဲလေယာဉ်တွေကြားထဲ စာသင်ရင်း ဗုံးခိုကျင်းထဲပြေးကြရတဲ့ ကလေးငယ်တွေရဲ့ဘဝတွေဟာ ကျမမျက်စိထဲ ရောင်ပြန်ဟပ်ပြီး မျက်ရည်ဝိုင်းလာပါတော့တယ်။
By  လရောင်  | July 7, 2025

မြန်မာနိုင်ငံရဲ့ပညာရေးလို့ပြောလိုက်ရင် အစိုးရကျောင်းထက် ကျူရှင်ကျောင်းတွေ၊ ဦးသိန်းစိန်အစိုးရလက်ထက်ကစလို့ စည်ပင်လာတဲ့ ပုဂ္ဂလိကကျောင်း (ကိုယ်ပိုင်ကျောင်း) တွေကို အရင် ပြေးမြင်ကြမယ်ထင်ပါတယ်။ ရန်ကုန်မြို့ဟာ စီးပွားရေး၊ လူမှုရေးအပြင် ပညာရေးရဲ့ အဓိကဗဟိုချက်မလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ စီးပွားရေး အဆင်မပြေမှုနဲ့အတူ ရန်ကုန်မှာ ကုန်ဈေးနှန်းတွေသာမက ပညာသင်ယူဖို့အတွက် ကုန်ကျစရိတ်တွေလည်း သိသိသာသာ မြင့်တက်လာပါတယ်။ အရင်လို မချောင်ချိတော့ပါဘူး။ ဒီလိုပညာရေးဈေးကြီးနေမှု (education inflation) ကို ကြီးမားတဲ့စိန်ခေါ်မှုတရပ်အနေနဲ့ မိဘတွေရော၊ ကျောင်းသားတွေပါ လက်တွေ့ခံစား နေကြရတာပါ။ Education inflation ဆိုတာ ပညာရေးကုန်ကျစရိတ်မြင့်လာတာကို ဆိုရုံတင်မက အတန်းပညာ၊ ဘွဲ့တွေရဲ့ ပြန်ရမှု (ဥပမာ ဘွဲ့ရပြီးနောက် အလုပ်တခု ရှာရခက်တာမျိုး) တန်ဖိုးနိမ့်ကျလာတာကိုလည်း ဆိုပါတယ်။ ပညာရေးဆိုတာ နိုင်ငံတနိုင်ငံရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်သလို ကလေးတိုင်းကလည်း အရည်သွေးရှိပြီး ကောင်းမွန်တဲ့ပညာရေးကို ရရှိသင့်ပါတယ်။ ပညာရေးနယ်ပယ်က ဆရာမတယောက်အနေနဲ့ ဒီလိုခေတ်ပျက်ကြီးမှာ ပညာရေးစနစ်ပျက်ကြီးထဲ ရုန်းကန်ရင်း ပညာရေးဈေးကြီးလာမှုကြောင့် ကလေးငယ်တွေရဲ့ အနာဂတ်ထိခိုက်လာတာကို ရင်နာမိပါတယ်။ 

ရန်ကုန်မြို့မှာ ပညာရေးနဲ့ပတ်သက်ရင် ဘာလိုချင်သလဲ။ အကုန်နီးပါးရနိုင်ပါတယ်။ အခြေခံပညာကစလို့ အဆင့်မြင့်ပညာအထိ ငွေသာရှိရင် အလွယ်ကလေးပါပဲ။ ပညာရေးအဆင့်မြင့်မှုကို ဦးစားပေးတဲ့မိဘတွေဆိုရင် ပညာရေးအတွက်ကောင်းတယ် နာမည်ကြီးတယ်လို့ ကြားလိုက်တာနဲ့ အပြိုင်အဆိုင် ဝင်တိုးကြတော့တာပါပဲ။ အစိုးရကျောင်းတွေရဲ့ အရည်အသွေးနဲ့ အနေအထား အဆင်မပြေမှုတွေကြောင့် ပိုက်ဆံအဆင်ပြေတဲ့ မိဘတွေဟာပုဂ္ဂလိကကျောင်းတွေ၊ နိုင်ငံတကာကျောင်းတွေကို ရွေးချယ်လာကြတယ်။ ပြင်ပကျောင်းတွေကလည်း သူတို့ရဲ့ အဆောက်အအုံငှားရမ်းခ၊ ဆရာငှားရမ်းခ၊ သင်ကြားရေးပစ္စည်းတွေ စသည်ဖြင့် ဒါတွေကို ရင်းနှီးမြှုပ်နှံကြရလို့ ဒီစရိတ်တွေကို ကျောင်းလခအနေနဲ့ မိဘတွေကပဲ ပြန်ပေးကြရပါတယ်။ ဒါကြောင့် ပိုက်ဆံတတ်နိုင်တဲ့သူတွေအတွက်ပဲ အဆင်ပြေတာပါ။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

ဗလာစာအုပ်တအုပ် ဝယ်ဖို့ကိုတောင် ချင့်ချိန်နေရတဲ့မိသားစုတွေကတော့ ဘာမှမတတ်နိုင်ရှာပါဘူး။ သားသမီး ပညာရေးအတွက် ဦးစားပေးသုံးစွဲနေရတော့ ချေးငွေယူရ၊ အချိန်ပိုတွေလုပ်ရနဲ့ နေ့စဉ် မလွယ်ကူကြပါဘူး။ ကျမ အိမ်နားက ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးက “လက်ရှိ သုံးတန်းတက်နေတဲ့ ကလေးရဲ့ ပညာရေးစရိတ်ကို ပူပန်နေရတာနဲ့တင် ဗိုက်ထဲကကလေးကို မေ့နေမိတယ်”ဆိုပြီး အားဆေးတောင် ဝယ်မသောက်နိုင်ကြောင်း ကြေကွဲဖွယ် ရင်ဖွင့်ပါတယ်။ စီးပွားရေးအခွင့်အလမ်းကောင်းမွန်တဲ့ မိသားစုတွေကသာ အရည်အသွေးမြင့်တဲ့ကျောင်းတွေ၊ ကျူရှင်တွေ တက်နိုင်ကြပြီး ဝင်ငွေနည်းတဲ့ မိသားစုတွေကတော့ စစ်ကောင်စီလက်ထက် အရည်အသွေးနိမ့်တဲ့ အစိုးရကျောင်းတွေကိုပဲ အားကိုးနေရတာပေါ့။ စက်ရုံအလုပ်သမားမိသားစုက ဖခင်တယောက်ဆိုရင် “ကျနော့်သားလေးက ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ ကိုယ်ပိုင်ကျောင်းမထားနိုင်လို့ အစိုးရကျောင်းပဲထားတယ်။ ကျူရှင်လည်း မထားနိုင်ဘူး။ အချိန်ပိုပါ ကလေးကို အလုပ်ခိုင်းနေရသေးတယ်”လို့ မတတ်သာတဲ့ အခြေအနေကို ရင်နင့်ဖွယ်ပြောပြပါတယ်။

ပညာရေး ဈေးကြီးတာအပြင် ပညာရေးအတွက်လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ၊ စာရေးကိရိယာတွေ၊ ဝတ်စုံတွေ စတဲ့ စရိတ်တွေကလည်း မနည်းလှဘူးလေ။ ကျောင်းကိုသွားတဲ့စရိတ်၊ နေ့လယ်စာ၊ ကျောင်းလှုပ်ရှားမှုတွေအတွက်ထည့်ရတဲ့ ငွေ၊ စာမေးပွဲအတွက် ကုန်ကျစရိတ်တွေ၊ ဒါတွေကို မတတ်နိုင်တဲ့မိဘတွေမဆိုထားနဲ့ အနည်းငယ်အဆင်ပြေတဲ့ မိဘတွေတောင် ညည်းညူကြရတာပဲ။ နိုင်ငံရေးအပြောင်းအလဲတွေနဲ့ စီးပွားရေးအခက်အခဲတွေကြောင့်ပဲ အစိုးရကျောင်းတွေရဲ့ အရည်အသွေးတွေ နိမ့်သထက်နိမ့်ဆင်းလာတော့ မိဘတွေအတွက် ဈေးသက်သာပြီး အရည်အသွေးကောင်းတဲ့ ပညာရေးအတွက် ရွေးချယ်စရာ မရှိသလောက် ရှားပါးလာတယ်။

တချို့မိဘတွေကလည်း ပညာရေးအတွက် အားစိုက်ကြပေမဲ့ အခြေခံမိသားစုက မိဘတချို့ရဲ့ “ကျောင်းထွက်၊ အလုပ်လုပ်၊ ဒီနိုင်ငံရဲ့ပညာရေးနဲ့ ဘာမှလုပ်စားလို့မရဘူး။ ငွေသာအဓိက”ဆိုတဲ့ စကားတွေလည်း မကြားချင်မှ အဆုံးပါပဲ။ ရန်ကုန်မြို့ရဲ့ ပညာရေးဈေးကြီးနေမှုကြီးက မိဘတွေရဲ့ဘဏ္ဍာရေးကို ထိခိုက်စေရုံမက ကျောင်းသားတွေရဲ့ စိတ်ဖိစီးမှုကိုပါ မြင့်တက်လာစေပါတယ်။ “သူများတွေ ကျောင်းတက်နိုင်ပေမဲ့ ငါကတော့ ဝမ်းရေးအတွက် သရက်သီးရောင်းနေရတယ်”ဆိုတဲ့ လမ်းဘေးမှာ သရက်သီးရောင်းနေရတဲ့ ကလေးတယောက်ရဲ့ ဖွင့်ဟချက်ကိုလည်း ရင်နာနာနဲ့ နားထောင်ခဲ့ရပါသေးတယ်။

အစိုးရကျောင်း (public school) တွေရဲ့ အခန်းကဏ္ဍက အင်မတန်အရေးကြီးပါတယ်။ အစိုးရကျောင်းတွေကနေ စနစ်တကျ သင်ကြားပေးမယ်၊ ကလေးကလည်း ကြိုးစားမယ်ဆိုရင် ငွေကြေးသက်သာစွာနဲ့ပဲ အနာဂတ်ကောင်းတွေ ရနိုင်ပါတယ်။ ဒါဟာ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်အတွက်လည်း ကြီးမားတဲ့ အထောက်အပံ့ပါပဲ။ မြန်မာက ကျောင်းသားလူငယ်အများစုဟာ အစိုးရကျောင်းတွေကို မရှိမဖြစ် မှီခိုနေတာပါ။ အစိုးရကျောင်းတွေရဲ့လိုအပ်ချက်များစွာနဲ့ စွမ်းဆောင်ရည်ကျဆင်းမှုတို့ကြောင့် ကျောင်းသားလူငယ်တွေများစွာ ထိခိုက်နစ်ရပါတယ်။ NLD အစိုးရလက်ထက်မှာ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ပေမဲ့ အများကြီးထိရောက်ခဲ့တာတော့ မဟုတ်ပါဘူး။ အာဏာသိမ်းပြီးနောက်မှာတော့ ပိုလို့ဆိုးရွားလာပါသေးတယ်။

“ပိုက်ဆံများများသုံးရင် ပညာရေးအတွက်ပိုကောင်းမယ်”၊ “အစိုးရကျောင်းတွေရဲ့ပညာရေးနဲ့ ဘွဲ့လက်မှတ်တွေက ဘာမှသုံးစားမရဘူး” ဆိုတဲ့အချက်တွေကို မြင်တွေ့ကြုံနေရတာကလည်းအမှန်ပါပဲ။ အစိုးရကျောင်းတွေဟာ ကလေးသူငယ်တွေရဲ့ အခြေခံပညာရေးကစလို့ တက္ကသိုလ်ပညာရေးအထိ လိုအပ်ချက်တွေကို ဖြည့်တင်းမြှင့်တင် ပေးရမှာပါ။ အခုလို ပညာရေးအခြေအနေတွေ ချွတ်ယွင်းပြီး တဖြည်းဖြည်းပျက်စီးစပြုလာတာကို မထိန်းချုပ်နိုင်ရင်တော့ မျိုးဆက်သစ်တွေ ပညာရေးနိမ့်ဆင်းလာပြီး လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာဖြစ်လာပါလိမ့်မယ်။

အရင်နှစ်ကအသုံးပြုခဲ့ပြီးသား ပုံနှိပ်စာအုပ်တွေကိုတောင် ကျောင်းကိုပြန်အပ်ရတဲ့အထိ မွဲတေနေတဲ့ စစ်ကောင်စီရဲ့ ပညာရေးကိုလည်း ဘာမှမမျှော်မှန်းချင်တော့ပါဘူး။ မျှတပြီး ရေရှည်တည်တံ့တဲ့ပညာရေးစနစ်တခု ပေါ်ပေါက်လာမှသာ ကျောင်းသားလူငယ်တိုင်း တန်းတူအခွင့်အရေးတွေ ရရှိလာမှာဖြစ်တယ်။ ပညာရေးဆိုတာက အခွင့်အလမ်းတွေရဲ့ တံခါးပေါက်ပဲ ဖြစ်သင့်ပါတယ်။ ဈေးကြီးတဲ့ပစ္စည်းတခု မဖြစ်သင့်ပါဘူး။ ရန်ကုန်လို စစ်ဘေးကင်း လုံခြုံတဲ့နေရာက ကလေးငယ်တွေရဲ့ ပညာရေးအခြေအနေကို အခုလိုတွေးမိတော့ စစ်မီးလျှံကြား၊ ဗုံးကြဲလေယာဉ်တွေကြားထဲ စာသင်ရင်း ဗုံးခိုကျင်းထဲပြေးကြရတဲ့ ကလေးငယ်တွေရဲ့ဘဝတွေဟာ ကျမမျက်စိထဲ ရောင်ပြန်ဟပ်ပြီး မျက်ရည်ဝိုင်းလာပါတော့တယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles