ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

စစ်ကောင်စီရွေးကောက်ပွဲ ဦးသိန်းစိန် ၂.၀ ဖြစ်မလာနိုင်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အုပ်စီးထားပြီး စစ်ဘက်နဲ့ အရပ်ဘက်ကို အသွင်ပြောင်းလူခွဲကစားကြမယ့် အခင်းအကျင်းမျိုးပဲ ဖြစ်လာမှာပါ။ ဒီရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် ပြည်တွင်းနိုင်ငံရေးပါတီတွေအနေနဲ့လည်း ‘ဦးသိန်းစိန် ၂.၀’ လို အခင်းအကျင်းမျိုး မျှော်လင့်ထားရင်တော့ မှားကြပါလိမ့်မယ်။
By  နိုင်မင်းခန့်  | July 29, 2025

အခုဇူလိုင်လကုန်ရင် စစ်ကောင်စီရဲ့ အရေးပေါ်ကာလ သက်တမ်းတိုးထားတာ ပြည့်ပါပြီ။ စစ်ခေါင်းဆောင်က အခုနှစ်ကုန် ဒီဇင်ဘာလနဲ့ လာမယ့်နှစ် ဇန်နဝါရီလမှာ ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို အာဏာလွှဲမယ်လည်း ပြောထားပါတယ်။ စစ်ခေါင်းဆောင်ရဲ့ အခုလို အသွင်ကူးပြောင်းဖို့ ကြိုးပမ်းတာက ၂၀၁၀ ပြည့်နှစ် ဦးသန်းရွှေရဲ့ နအဖကအစိုးရနေ ဦးသိန်းစိန်ရဲ့ စစ်တပိုင်းအစိုးရ အသွင်ပြောင်းမှုနဲ့ တူပါသလား။ အခုရွေးကောက်ပွဲကနေ ဦးသိန်းစိန် အစိုးရလိုမျိုး တက်လာပြီး အရပ်ဘက်ဘောင်ကျယ်လာတာ၊ စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ပေါ်လာနိုင်ပါသလား။

အတိုဆုံးပြောရရင်တော့ စစ်ကောင်စီရဲ့ အခုလုပ်ငန်းစဉ်ကနေ ‘ဦးသိန်းစိန် ၂.၀’ လို အပြောင်းအလဲမျိုး ဖြစ်မလာနိုင်ပါဘူး။ ဦးသန်းရွှေအနေနဲ့ အသွင်ကူးပြောင်းမှု လုပ်ချိန်မှာ စစ်တပ်ရဲ့ ဖြစ်တည်မှုနဲ့ နိုင်ငံရေး​ဦးဆောင်မှုကဏ္ဍကို ခြိမ်းခြောက်နေတာတွေ ရှိမနေပါဘူး။ ဒါကြောင့် ဦးသိန်းစိန်အစိုးရက အပြောင်းအလဲကို သူ့ခြေသူ့လက် ပုံဖော်ခွင့်ရခဲ့ပါတယ်။ လက်ရှိစစ်တပ်ကတော့ သူ့ရဲ့ နိုင်ငံရေး ဦးဆောင်မှုကဏ္ဍအပြင် ဖြစ်တည်မှုကိုပါ ခြိမ်းခြောက်ခံနေရတာပါ။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာတဲ့ အစိုးရတိုင်းကို စစ်တပ်က သူ့ရဲ့ နိုင်ငံရေးဦးဆောင်ကဏ္ဍကို ခြိမ်းခြောက်တာ မလုပ်သ၍ လွတ်လွတ်လပ်လပ် ဦးဆောင်ခွင့်ပေးခဲ့ပါတယ်။ မြင်အောင်ပြောရရင် ဒရိုင်ဘာထိုင်ခုံကနေ ရွှေ့ပြီး ဘေးထိုင်ခုံမှာ ပြောင်းထိုင်တာမျိုးပါ။ ဦးသိန်းစိန်အစိုးရကို စိတ်ကြိုက်လုပ်ပိုင်ခွင့်ပေးကာ ဘေးကနေ စောင့်ကြည့်သူအဖြစ်သာ နေခဲ့ပါတယ်။ အဓိကအတိုက်အခံဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီလည်း ၂၀၁၂ ခုနှစ်မှာ  လွှတ်တော်ထဲ ရောက်လာသလို ၂၀၁၅ မှာ ရွေးကောက်ပွဲနိုင်ပြီး အစိုးရဖြစ်လာပါတယ်။ ဒီလိုမျိုး တစတစနဲ့ အရပ်သားဘောင်ကိုချဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်သွားတာကို ၁၀ နှစ်တာကာလမှာ မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ခွင့်ပြုပေးထားတဲ့ ဗီတိုအာဏာကိုင်ထားခဲ့ပြီး နိုင်ငံရေးဦးဆောင်ကဏ္ဍမှာ အစဉ်တစိုက်ပါဝင်နိုင်ရေးကို ကာကွယ်နေခဲ့ပါတယ်။

အာဏာသိမ်းမှုကိုဖြစ်စေတဲ့ အကြောင်းကိစ္စတွေကို ဖြေရှင်းပြီးရင် စစ်အာဏာရှင်တွေအနေနဲ့ နိုင်ငံရေးကနေ နောက်ဆုတ်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ကလည်း ရှစ်လေးလုံးအရေးတော်ပုံနဲ့ ရွှေဝါရောင်အရေးအခင်းကို ဖြိုခွင်းခဲ့တာ၊ အတိုက်အခံ ခေါင်းဆောင်တွေကို ထောင်ချတာ၊ ဒါမှမဟုတ် ပြည်ပကိုထွက်သွားစေတာ၊​ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပစ်ရပ်အရင်းရှင်စနစ်အောက်ကနေ နှစ်ဦးသဘောတူ အပစ်ရပ်လက်မှတ်ထိုးတာ၊ အမျိုးသားညီလာခံခေါ်ပြီး စစ်တပ်ရဲ့ ဖြစ်တည်မှုနဲ့ ဦးဆောင်မှုကို အာမခံပေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးတာတွေကို ၂၂ နှစ်အတွင်း တောက်လျှောက်လုပ်ခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးလုပ်ချိန်မှာ စစ်တပ်ရဲ့ ဖြစ်တည်မှုကိုရော စစ်တပ်ရဲ့ နိုင်ငံရေး ဦးဆောင်မှုကိုရောကို ခြိမ်းခြောက်နိုင်တဲ့ ကြီးကြီးမားမား စိန်ခေါ်မှု ရှိမနေခဲ့ပါဘူး။ ဒါကြောင့်လည်း စစ်တပ်ဟာ ဒရိုင်ဘာထိုင်ခုံက ဖယ်ခဲ့ပြီး အရပ်သားအစိုးရအနေနဲ့ အသွင်ကူးပြောင်းရေးကို စိတ်ကြိုက်ပုံဖော်ခွင့် ရခဲ့ပါတယ်။ ဒါက အာဏာမသိမ်းခင်အခြေအနေပါ။

အခုအခြေအနေမှာ စစ်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ပွဲလုပ်ပြီး ဦးသိန်းစိန်အစိုးရပုံစံမျိုး ပုံဖော်ဖို့ ကြိုးစားနေပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ဂျူနီယာ စစ်ဗိုလ်ချုပ်တွေကို ရာထူးတိုးပေးပြီး စစ်တပ်ကို သွေးသစ်လောင်းနေသလို စီနီယာဗိုလ်ချုပ်ကြီးတွေကိုလည်း စစ်တပ်နဲ့ အဆက်ဖြတ်ပြီး ရွေးကောက်ပွဲဝင်ဖို့ တွန်းအားပေးနေပါတယ်။ စစ်တက္ကသိုလ် အပတ်စဉ် ၃၅ က ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ညှိကွပ်ဖြစ်လာသလို အပတ်စဉ် ၃၈ က ဒုတိယဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ကိုကိုဦး၊ သန်းထိုက်နဲ့ ဇော်ဟိန်းတို့က ရှေ့တန်းရောက်လာပါတယ်။ စီနီယာဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ မြထွန်းဦး၊ ရာပြည့်၊ ညိုစော၊ ဆန်းဦးနဲ့ ထွန်းထွန်းနောင်တို့လည်း အရပ်ဘက်ကို ပိုရောက်သွားကြပါပြီ။ စစ်ခေါင်းဆောင်က ဦးသိန်းစိန်နေရာကို​ ယူ၊ မယူ မသေချာပေမဲ့ စီနီယာဗိုလ်ချုပ်ကြီးတွေက အရပ်ဘက်ကို ဦးဆောင်ပြီး စစ်ဘက်ကိုတော့ ဂျူနီယာဗိုလ်ချုပ်တွေ  ဦးစီးစေကာ အသွင်ပြောင်းပြီး လူခွဲကစားကြတော့မှာပါ။

ဒါပေမဲ့ အခုရွေးကောက်ပွဲကနေ တက်လာမယ့်အစိုးရကတော့ ဦးသိန်းစိန်တို့တုန်းကလို အသွင်ကူးပြောင်းရေးအတွက် စိတ်ရှိသလို ပုံဖော်နိုင်တဲ့ အခွင့်အာဏာ မရှိနိုင်ပါဘူး။ စစ်တပ်ဟာ သူ့ရဲ့ နိုင်ငံရေးဦးဆောင်မှုကဏ္ဍကို ခြိမ်းခြောက်လို့ အာဏာသိမ်းလိုက်ပေမဲ့ အခုအခြေအနေက စစ်တပ်ရဲ့ ဦးဆောင်မှုကဏ္ဍအပြင် ဖြစ်တည်မှုကိုပါ ခြိမ်းခြောက်ထားတဲ့ အခင်းအကျင်းထဲကို ရောက်နေပါတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေ တိုးလာသလို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေလည်း ငါးနှစ်ကြာတဲ့အထိ ရှိနေဆဲပါ။ ဒါကြောင့် အာဏာသိမ်းရတဲ့ အကြောင်းကိစ္စကို မဖြေရှင်းနိုင်တဲ့အပြင် ပိုပြီးကျဉ်းထဲကျပ်ထဲ ရောက်လာပါတယ်။ သမိုင်းအထောက်အထားတွေအရလည်း အကျဉ်းအကျပ်ထဲရောက်နေတဲ့ စစ်တပ်ဟာ ဒရိုင်ဘာထိုင်ခုံကနေ ရွှေ့လေ့မရှိပါဘူး။

ဒါကြောင့် လာမယ့်ရွေးကောက်ပွဲကနေ ‘ဦးသိန်းစိန် ၂.၀’ လိုမျိုး အခင်းအကျင်းကို ဖန်တီး မပေးနိုင်ပါဘူး။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အုပ်စီးထားပြီး စစ်ဘက်နဲ့ အရပ်ဘက်ကို အသွင်ပြောင်းလူခွဲကစားကြမယ့် အခင်းအကျင်းမျိုးပဲ ဖြစ်လာမှာပါ။ ဒီရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် ပြည်တွင်းနိုင်ငံရေးပါတီတွေအနေနဲ့လည်း ‘ဦးသိန်းစိန် ၂.၀’ လို အခင်းအကျင်းမျိုး မျှော်လင့်ထားရင်တော့ မှားကြပါလိမ့်မယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ပေါ်လာမယ့် အခင်းအကျင်းအသစ်ကို ရင်ဆိုင်မယ့်  ဗျူဟာမြောက်နည်းလမ်းတွေ ကြိုပြင်ထားသင့်လှပါတယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles