(ဖြစ်ရပ်မှန်အချက်အလက်တွေကိုအခြေခံပြီး ရသအက်ဆေးတပုဒ်အနေနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။ ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံတွေနဲ့ မျိုးနွယ်စုဆိုင်ရာ ယဉ်ကျေးမှုတွေအကြောင်း စိတ်ပါလက်ပါနဲ့ စကားလက်ဆုံပြောပေးတဲ့ မယ်လ်ဒေါ်မိုးနဲ့ သိလိုသမျှကို စိတ်ရှည်လက်ရှည်ဖြေပေးတဲ့ ခွန်းပရောင်းကိုလည်း ဒီနေရာကနေ ထပ်ပြီး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်)
ရှေ့ဘက်တောင်ကြောတခွင်တွင် တလိပ်လိပ်တက်လာသော မိုးရိပ်များကိုကြည့်ရင်း မူ့ဖော် သက်ပြင်းတချက် ချမိသည်။ ယနေ့ မိုးရွာလိမ့်မည်ထင်သည်။ မိုးရွာလျှင် ဧည့်သည်များ အလာပါးမည်။ မူ့ဖော်တို့၏ လက်လုပ်ထည်လေးများ ဝယ်ယူမည့်သူ နည်းမည်။ အိမ်အသစ်အောက်ရှိ ကွပ်ပျစ်လေးတွင် ထိုင်ကာ ယနေ့အတွက် အထည်ရက်လုပ်ရန် မူ့ဖော် တလှုပ်လှုပ်ပြင်ဆင်ရတော့သည်။
မူ့ဖော်၏ မူလဇာတိမှာ ယခုနေထိုင်နေသည့် မယ်ဟောင်ဆောင်ရှိ တောင်ကြားများတွင်မဟုတ်။ လွိုင်ကော်အနားရှိ ရွာလေးတရွာ ဖြစ်သည်။ စစ်မီးကြောင့် လက်ငုတ်လက်ရင်း တောင်ယာစပါးအလုပ်ကို မျက်ကွယ်ပြုကာ သား၊ ချွေးမနှင့် မြေးကလေးတအုပ်ကို လက်ဆွဲ၍ မယ်ဟောင်ဆောင်ဘက်သို့ ထွက်လာခြင်းဖြစ်သည်။ သားဖြစ်သူနှင့် ချွေးမဖြစ်သူမှာ အရွယ်ကောင်းကြသဖြင့် အလုပ်တခုကို အမြန်နှင့် ရှာတွေ့ကြလေသည်။ မူ့ဖော်မှာ အသက်အတော်အတန် ရှိပြီဖြစ်သည်က တကြောင်း၊ လည်ပင်းတွင် ငယ်စဉ်ကတည်းက ဝတ်ဆင်ထားရသည့် ကြေးကွင်းများကြောင့် တကြောင်း အလုပ်ရှင်များက ယဉ်ယဉ်ကျေးကျေးပြုံးကာ ခေါင်းခါပြကြသည်။ လက်ခါပြကြသည်။
တဆင့်စကား၊ တဆင့်နားနှင့် မယ်ဟောင်ဆောင်၏ တောင်တန်းများအကြားတွင် မူ့ဖော်ကဲ့သို့ပင် လည်ပင်းကြေးကွင်းစွပ် အမျိုးသမီးများရှိကြောင်းနှင့် သူတို့တွင် အလုပ်အကိုင်များရှိကြောင်း သိလိုက်ရတော့ မူ့ဖော်တယောက် ရင်ထဲ လှပ်ခနဲ ဝမ်းသာသွားသည်။ မေးမြန်းကြည့်တော့ သူတို့အတွက် နေရာထိုင်ခင်းပေးသည့်အပြင်၊ လုပ်ရမည့် အလုပ်မှာ ကယန်းလူမျိုး၊ ကယန်းယဉ်ကျေးမှုနှင့် သက်ဆိုင်သော အလှရုပ်ထုကလေးများ၊ ကလေးကစားစရာ အရုပ်ကလေးများနှင့် ရိုးရာချည်ထည်များကို ရက်လုပ် ရောင်းချရခြင်းပင်ဖြစ်သည်။
ခက်ခဲသည့် အရာမဟုတ်ဟု မူ့ဖော်မြင်သည်။ နေစရာအိမ်ရမည်၊ လစဉ် ဆန်၊ ဆီ၊ ဆား ရမည်၊ ကိုယ်ရောင်းရသည့် ငွေကြေးပမာဏထဲက တချို့တဝက်ကို ရမည်၊ ကိုယ့်နေ့စဉ်ဘဝ၊ ကိုယ့်ယဉ်ကျေးမှုနှင့် မဝေးလှသည့် အလုပ်ဖြစ်သဖြင့် အိမ်လွမ်းပြေမည်ဟုထင်သည်။ သူစိမ်းတို့၏ မြေတွင် ကျောခင်းစရာနှင့် လစဉ် စားစရာရမှာ သေချာသည်နှင့်ပင် အတော်ကံကောင်းလှပါပြီဟု မူ့ဖော် ရေရွတ်မိသည်။ သားတို့မိသားစုကိုပါ ခေါ်၍ ရမလားဟုမေးကြည့်တော့ သူဌေးက ခေါ်ခွင့်မပေးဟုဆိုသည်။ မြေးကလေးတွေကတော့ မျက်ရည်တရွဲရွဲနှင့် နှုတ်ဆက်သည်။ သားတို့လင်မယားကတော့ ဘာမှသိပ်မပြော၊ တလတခါ လာလည်ပေါ့ မယ်လ်ရယ်ဟုသာဆိုသည်။
မူ့ဖော် အလုပ်စလေပြီ။ ရွာဟုအမည်တပ်ထားသည့် အိမ်ဝိုင်းစုလေးမှာ နေချင်စရာလေးပင်ဖြစ်သည်။ လွိုင်ကော်ရှိ အိမ်နှင့်တောင် ဘာမှမကွာခြားဟု ခံစားရသည်။ လူများ စုစုစုစုနှင့် စကားပြောသံများကြားသော်လည်း မူ့ဖော် အာရုံမထားမိ။ အိမ်ကွပ်ပျစ်ရှိ ရက်ကန်းစင်အသေးလေးတွင် အာရုံစိုက်ကာ အဖြူအပြာစင်း ပုဝါလေးကို ရက်လုပ်နေသည်။ ထိုစဉ် မူ့ဖော်မျက်လုံးထဲသို့ အလင်းရောင်တခု စူးခနဲ ဝင်လာသည်။ မူ့ဖော်တယောက် ယောင်ယမ်းကာ မျက်စိမှိတ်လိုက်မိသည်။ ထို့နောက် မူ့ဖော်အနီးတွင် စကားပြောသံများကို ကြားရသည်။ နောက် စူးရှသောအလင်းရောင်များက တဖျတ်ဖျတ်နှင့် မူ့ဖော်ထံသို့ကျရောက်နေကြောင်း မျက်စိမှိတ်ထားလျက်ကပင် ခံစားသိနေရသည်။
မဝံ့မရဲ မျက်လုံးဖွင့်လိုက်မိတော့ မူ့ဖော်၏ အိမ်ကွပ်ပျစ်ရှေ့တွင် ရပ်နေကြသည့် အရပ်ရှည်ရှည် နိုင်ငံခြားသားများ။ မူ့ဖော်နားမလည်သည့် စကားများဖြင့် အချင်းချင်းပြောနေကြသည့် ထိုသူများကို မူ့ဖော်မျက်လုံးဝိုင်းများဖြင့် ကြည့်မိသည်။ ရင်ထဲတွင် တမျိုးတမည်ကြီးလည်းခံစားရသည်။ ထိုသူများ၏ လည်ပင််းတွင် ဆွဲထားသည့် ကင်မရာများကို ကြည့်လိုက်တော့မှ ခုနက အလင်းတန်းများက မူ့ဖော်ကို ဓာတ်ပုံရိုက်ခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့ထဲက တယောက်က မူ့ဖော်၏ လည်ပင်းရှိ ကြေးကွင်းများကို လက်ဖြင့် ချက်ချင်းပင် တွေ့ထိတော့မလို ရွယ်လိုက်သည်။ မူ့ဖော် ခန္ဓာကိုယ် နောက်သို့ ရို့သွားသည်။ ဘာတွေဖြစ်နေမှန်းမသိပါ။ အိမ်ပေါ်သို့ ပြေးဝင်ကာ အိပ်ရာပေါ်မှ စောင်ပါးလေးအောက်တွင်သာ ပြေးဝင်ပုန်းခိုနေလိုက်ချင်သည်။ သူတို့၏ စူးစမ်းသော မျက်လုံးအစုံက မူ့ဖော်၏ လည်ပင်းက ကြေးကွင်းများပေါ်က မခွာ။ အုပ်မိုးနေသည့် အရပ်ရှည်ရှည်၊ မျက်နှာဖြူ လူစိမ်းများအကြားတွင် မူ့ဖော်သည် သေးငယ်သွားသလို ခံစားရသည်။ သူတို့ကြည့်သည့် မျက်လုံးများကို မနှစ်မြို့။ မူ့ဖော် မွန်းကျပ်လှသည်။ လှောင်အိမ်ထဲရောက်နေသည့် မူ့ဖော်ကို အပြင်ရှိလူများက အထူးတဆန်း ဝိုင်းကြည့်ကြသည့်နှယ်ပင်။
ဘေးဘီဝဲယာလှမ်းကြည့်လိုက်တော့ ဘေးအိမ်က ဘူးမြာက ခေါင်းငြိမ့်ပြသည်။ ဘာမှမဖြစ်ဘူးဆိုသည့်သဘော။ မူ့ဖော် ရောက်ခါစက ရွာကို ဧည့်သည်တွေလာကာ လက်ဆောင်ပစ္စည်းများဝယ်တတ်ကြောင်းသိထားသော်လည်း ယခုကဲ့သို့ ကင်မရာများဖြင့် မျက်စိကျိန်းဖွယ် တဖျတ်ဖျတ် ရိုက်လိမ့်မည်မထင်ခဲ့။ ဧည့်သည်များသည် မူ့ဖော်ကို ကြည့်ကာ သူတို့အချင်းချင်း စကားပြော၊ ရှင်းပြနေကြသည့်ဟန်ပင်။ တစုံတဦးက သူတို့၏ ကင်မရာကို ပင့်ကာ ရိုက်မည်ဟန်ပြင်လိုက်လျှင် မူ့ဖော် မျက်လုံးများမှိတ်ကာ နောက်သို့ တွန့်သွားသည်။ ၎င်းကိုပင် ထိုသူတို့က သဘောကျဟန်ရှိကာ ကျိတ်ပြုံးပြုံးကြသည်။ သူတို့ပြောနေကြသည့် မျက်နှာဖြူစကားများကို မူ့ဖော်နားမလည်လှပါ။ သို့သော် သူတို့ထပ်ခါထပ်ခါ ပြောနေသည့် စကားလုံးတခုကိုတော့ မူ့ဖော် စိတ်ထဲက လိုက်ရွတ်မိသည်။ ဂျရာ့ဖ်၊ ဂျရာ့ဖ်။
ထိိုနေ့ညက အိမ်ရှေ့ရှိ ကွပ်ပျစ်တွင် ဘူးမြာနှင့် မူ့ဖော် အတူထိုင်ကာ တိတ်ဆိတ်နေကြသည်။ ကွပ်ပျစ်ပေါ်တွင် ထွန်းထားသော ဖယောင်းတိုင်လေးမှအပ ပတ်ဝန်းကျင်က မဲမှောင်ကာနေသည်။ ယနေ့ညတွင်တော့ ကောင်းကင်ကြီးက ကြည်လင်နေကာ ကြယ်ကလေးများ တလုံးနှစ်လုံးပင်မြင်နေရသည်။ မူ့ဖော်ကတော့ နေ့လယ်က အဖြစ်အပျက်ကို တွေးမိကာ ငြိမ်နေမိသည်။ ထို့နောက်မှ သတိရသွားကာ “ဂျရာ့ဖ်ဆိုတာဘာလဲသိလား” ဟူ၍ ဘူးမြာကို မေးမိသည်။ ဘူးမြာကတော့ အဝေးရှိ အမှောင်ထုကို ငေးလျက်နှင့်ပင် “သစ်ကုလားအုတ်ကိုခေါ်တာ”ဟု ခပ်လေးလေးပြောသည်။ မူ့ဖော်၏ ပါးနှစ်ဖက်တွင် ပူခနဲဖြစ်သွားသည်။
မူ့ဖော် ကြေးကွင်းများ စတင်ဝတ်ဆင်သည့် အသက် ၁၃ နှစ်အရွယ်ကို ပြန်အမှတ်ရမိသည်။ မယ်လ်နှင့် ဖားတို့၏ မျက်လုံးများထဲတွင် ဝမ်းသာသည့် မျက်ရည်များဝဲနေသည်ကို မူ့ဖော်မေ့မရ။ ကြေးကွင်းဆိုတာ တို့ ကယန်းကခေါင်းအမျိုးသမီးတွေရဲ့ ဂုဏ်သရေပဲကွဲ့ဟူသော မယ်လ်၏ စကားက မူ့ဖော်၏ နားစည်တွင် စွဲနေသည်။ ထိုနေ့ညက မူ့ဖော် အိပ်ရာစောစောဝင်သည်။ တောင်တန်းများကို ဖြတ်သန်းလာသော ညလေများက မူ့ဖော်၏ ပါးပေါ်တွင် ပိုသာ၍ အေးစက်နေလေသည်။
မှတ်ချက်
၁။ ဗြိတိသျှကိုလိုနီခေတ်တွင် လည်ပင်းကြေးကွင်းပတ် ကယန်းအမျိုးသမီးများကို ပျော်ပွဲရွှင်ပွဲများတွင် ပြသမှုများရှိသကဲ့သို့ ၁၉၃၄ ခုနှစ်တွင် အမေရိကနှင့် ဥရောပနိုင်ငံများတွင် ကျင်းပသည့် ဆပ်ကပ်ပွဲများ (Hagenbeck-Wallace Circus) တွင် Giraffe Women ဟု အမည်တပ်ကာ ပြစားခြင်းခံခဲ့ရသည်။
၂။ မယ်လ်နှင့် ဖား ဆိုသည်မှာ ကယန်းကခေါင်းဘာသာစကားဖြစ်ပြီး အမေနှင့် အဖေဟု အဓိပ္ပာယ်ရသည်။
