ဘယ်သူထွင်ခဲ့မှန်း မသိပေမဲ့ ‘လွတ်မြောက်နယ်မြေ’လို့ ပြောလိုက်ရင် စစ်ကော်မရှင်တပ်ရဲ့ ပိုင်နက်မဟုတ်တဲ့၊ တော်လှန်ရေးဘက်တော်သားတွေ သိမ်းပိုက်ထားတဲ့ နယ်မြေလို့ အကြမ်းဖျင်း နားလည်ရပါတယ် ။ ဒါပေမဲ့ ဘာတွေလွတ်မြောက်သွားတာလဲ။ လွတ်မြောက်ခြင်းဆိုတဲ့ ဝေါဟာရထဲမှာ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာစီးပွားရေးလုပ်ပိုင်ခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်၊ လွတ်လပ်စွာပြောဆိုခွင့် စတဲ့အရာတွေ ကပ်ပါနေတာမို့ ဒီလွတ်မြောက်နယ်မြေဆိုတာတွေမှာ ဒါတွေကို အဲဒီနေရာတွေမှာ နေထိုင်သူအားလုံး ခံစားကြရပါပြီလား။
တဖက်မှာလည်း “ဒါက တော်လှန်ရေးကာလလေ၊ ဒါတွေကို တောင်းဆိုလို့မရသေးလို့။ တော်လှန်ရေးပြီးမှ တောင်းဆိုရမယ့်ကိစ္စပါ”လို့ ပြောတတ်ကြပါတယ်။ မှန်ပါတယ်။ ဒါတွေမယ် ဆက်စပ်တွေးတောစရာတွေက ရှိလာပါတယ်။ လွတ်မြောက်နယ်မြေမှာ လူတချို့ဟာ လွတ်မြောက်နယ်မြေဆိုတဲ့ ဝေါဟာရအတိုင်း လွတ်လပ်မှုတွေကို ဖောဖောသီသီ ရနေကြပြီး တချို့ကတော့ ခက်ခက်ခဲခဲ တောင်းဆိုကြရ၊ အန္တရာယ်ကြုံကြရတာတွေ ရှိနေပါတယ်။
စစ်ပွဲလို့ ပြောလိုက်ရင် စစ်ဘေးဒုက္ခသည်ဆိုတာ တွဲဖက်အစားအစာလို ကပ်ပါလာစမြဲမို့ စစ်ပွဲတွေကြောင့် စစ်ပွဲရဲ့ နောက်ဆက်တွဲ စစ်ဘေးရှောင်တွေက လွတ်မြောက်နယ်မြေမှာ ရှိလာတတ်ကြပါတယ်။ ရန်ကုန်၊ မန္တလေးလို စစ်ကော်မရှင်အုပ်ချုပ်တဲ့ နေရာတွေကတော့ စစ်ကော်မရှင်နယ်မြေပေါ့။
ဒီလို လွတ်မြောက်နယ်မြေမှာ တော်လှန်ရေးဘက်တော်သားတချို့ရဲ့ မိတ်ဆွေတော်သူ၊ အလွမ်းသင့်သူတချို့ဟာ ခုနကတင်ပြခဲ့တဲ့ စစ်ဘေးရှောင်ဆိုရင်တောင် အရှင်မွေးရင် နေ့ချင်းကြီးတဲ့ စစ်ဘေးရှောင်တွေ ဖြစ်လာတာတွေရှိပါတယ်။ တချို့လည်း ဘယ်မှရှောင်စရာမလိုဘဲ သူနေတဲ့မြို့က တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်နိုင်တဲ့ မြို့ဖြစ်ပြီး သူကိုယ်တိုင်လည်း ဝိတ်ကြီးသူတချို့ရဲ့ ယုံကြည်မှုကို ရထားသူဆိုရင် သူလည်း လွတ်မြောက်နယ်မြေထဲက မဟာလွတ်မြောက်လူသား ဖြစ်လာတာပါပဲ။
တားမြစ်အရက်တွေကို တားမြစ်တဲ့သူတွေနဲ့ အနီးစပ်ဆုံးသူတွေက သောက်ခွင့်ရနေကြတယ်။ တားမြစ်ပို့ကုန်တွေကို တားမြစ်သူတွေနဲ့ နီးစပ်သူတွေက ကုန်သွယ်ခွင့်ရနေကြတယ်။ တားမြစ်လုပ်ငန်းတွေကို တားမြစ်ပိုင်ခွင့်ရှိသူတွေနဲ့ အနီးစပ်ဆုံးမိတ်ဆွေတွေက လုပ်ပိုင်ခွင့် ရနေကြတယ်။
ဒါတွေကို ခြုံငုံကြည့်ရင် လွတ်မြောက်နယ်မြေဆိုတဲ့ နာမည်နဲ့လိုက်အောင် လက်တဆုပ်စာ လူတချို့အတွက်သာ လွတ်မြောက်နယ်မြေ ဖြစ်နေတာလား။
အများပြည်သူက မှောင်ခိုပစ္စည်းတွေကို လွတ်လပ်စွာ သယ်ယူခွင့်မရဘူး၊ ဒီလိုလူတွေကျ ရတယ်။ တော်လှန်ရေးထဲက အရာရှိငယ်တွေနဲ့ ရည်ငံနေသူတချို့လည်း သူများကားတွေလို မဖြတ်ရ၊ လွတ်လပ်စွာ သွားခွင့်မရကြပေမဲ့ သူတို့ရဲ့ ကားကြီးကားငယ်တွေကတော့ လွတ်လပ်စွာ သွားခွင့်ရကြတယ်။ ဒါက စီးပွားရေးလွတ်လပ်ခွင့်လို့ ပြောလို့ရနိုင်ပါတယ်။ ဒါဆိုရင် ဒီလိုလွတ်လပ်ခွင့်ဟာ တော်လှန်ရေးထဲက အရာရှိတချို့နဲ့ သင့်မြတ်သူတွေအတွက်သာဖြစ်ပြီး ကျန်တဲ့သူတွေအတွက်ကတော့ ဟုတ်တိပတ်တိ လွတ်လပ်နယ်မြေလို့ မပြောနိုင်ပါဘူး။
ဒီလိုအခြေအနေတွေဟာ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ အညာ စတဲ့ တော်လှန်ရေးဘက်တော်သားတွေ သိမ်းပိုက်တဲ့ နေရာအတော်များများမှာ လက်တွေ့ဖြစ်နေတာတွေ ဖြစ်ပါတယ်။
ဒီလိုမျိုး ရေးလိုက်တဲ့အခါ တချို့ကလည်း “အဲဒါဆိုရင် စစ်ကော်မရှင်ကကော ဒီလိုမလုပ်ဘူးလား”ဆိုပြီး စောဒက တက်နိုင်ပါတယ်။ စစ်ကော်မရှင်က ဒီလိုမျိုးဟာတွေထက် ဆိုးဝါးတာ၊ လူမဆန်တာတွေကို လုပ်လာတာကြောင့်လည်း တော်လှန်လာကြတာပဲ မဟုတ်လား။
“သူတို့လုပ်တာထက် မဆိုးသေးပါဘူး”လို့ သူတို့ရဲ့ အမှားကြီးကြီးကို နှိုင်းယှဉ်ပြီး “ငါတို့မှားတာ ဒီလောက်မဆိုးသေးဘူး” လို့ ချေပပြောဆိုလာပြီဆိုရင် ဒါကလည်း အလွန်တရာ ဆင်ခြင်တုံတရားမဲ့တဲ့ ချေပခြင်းသာ ဖြစ်ပါလိမ့်မယ်။
“ဂျပန်ပါးရိုက်လို့ ငါတို့လည်း ပါးရိုက်ရတယ်” ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ အမူအကျင့်ဟာ တပ်ထဲကနေပြီး ပြည်သူဆီကို ရောက်လာတဲ့အခါ မြန်မာစစ်တပ်ကနေ အကြမ်းဖက်စစ်တပ် ဖြစ်သွားတော့တာပါပဲ။
ဒုက္ခကို တပြေးညီခံစားရတဲ့ ပြည်သူတွေအကြား တော်လှန်ရေးမှာ အကောင်ကြီးကြီး၊ အမြီးရှည်ရှည်ရှိလို့ သာမန်ပြည်သူတွေထက် ခံစားခွင့်သာနေတဲ့ သူတွေအတွက်ကတော့ လွတ်မြောက်နယ်မြေဟာ သာယာချင် သာယာပါလိမ့်မယ်။ ဒါပေမဲ့ ဘာအကပ်မှ မရှိတဲ့သူတွေက တန်းတူလွတ်လပ်မှုကို မခံစားရဘူးဆိုရင် လွတ်လပ်နယ်မြေလို့ ပြောဖို့ဟာ ခက်လှပါတယ်။
တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ နယ်မြေတချို့မှာ အချို့ဟာ အရင်ခေတ်အဆက်ဆက်က မလွယ်ကူခဲ့တဲ့အရာတွေ၊ အခုအနေအထားမှာလည်း သာမန်လူတွေမရတဲ့ အခွင့်အလမ်းတွေ၊ လွတ်လပ်မှုတွေကို အဆပေါင်းများစွာ ရရှိနေကြတာကို မြင်တွေ့ရတဲ့အခါ လွတ်မြောက်နယ်မြေဆိုတာ ဘယ်သူတွေအတွက် ဖြစ်လာတာလဲဆိုတာကိုပဲ စဉ်းစားနေမိပါတော့တယ်။
