ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

မြန်မာပြည်ပြန်ကြမှာလား – ရွှေ့ပြောင်းမြန်မာတွေဖြစ်လာဖို့ ဆွဲငင်အားနှင့် တွန်းထုတ်အား

ကျနော့်မိတ်ဆွေ ထိုင်းလူမျိုးတွေဆီကလည်း ကြားနေကျတခုရှိပါတယ်။ “မင်းတို့နိုင်ငံမှာ ဒီလောက်အခြေအနေတွေဆိုးနေတာတောင် မင်းတို့လူမျိုး အလုပ်သမားတွေက ဘယ်အချိန်မေးမေး အိမ်မပြန်တော့ဘူးလို့ တခါမှ မဖြေကြဘူး” တဲ့။
By  ဝေယံဖြိုးနိုင်  | October 28, 2025

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအများဆုံး အလုပ်လုပ်ကိုင်နေတဲ့ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့နယ်ရဲ့ ရဲစခန်းကို တနေ့က သွားခဲ့ရပါတယ်။ လွန်ခဲ့တဲ့လက နယ်မြေသုတေသနလုပ်ငန်း အတွက်သွားရင်း မိမိစီးလာခဲ့တဲ့ ဆိုင်ကယ်ကို နောက်ကနေ ကားနဲ့တိုက်ခံခဲ့ရတဲ့အမှုအတွက် အမှုစစ်အရာရှိရဲ့ နောက်ဆုံးကောက်ချက်ကို နားထောင်ဖို့ဖြစ်ပါတယ်။ စခန်းမှာ ကောက်ချက်ကို နားထောင်ပြီး အမှုပိတ်လက်မှတ်ထိုးဖို့ စောင့်နေတုန်း လွန်ခဲ့တဲ့ သုံးရက်လောက်က ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်ခဲ့မှုအတွက် အဖမ်းခံခဲ့ရတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၃၁ ယောက်ကျော် (၁၈ နှစ်ကနေ ၄၀ နှစ်အကြား)ထဲက  အယောက် ၂၀ တသုတ်ကို လက်ထိတ်တွေခတ်ပြီး တရားရုံးထုတ်ဖို့အတွက် ရဲစခန်းအချုပ်ကနေ ခေါ်ထုတ်လာတာကို တွေ့မြင်ခဲ့ရပါတယ်။

ကျနော့်အနေနဲ့ ဒီမဟာချိုင် စမွတ်စခွန်ခရိုင်မှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ဆိုင်တဲ့ သုတေသန လုပ်ငန်းတွေကို လုပ်ဆောင်နေခဲ့တာ လေးနှစ်နီးပါးရှိနေပါပြီ။ ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်ကြတဲ့ တန်းလျားတွေ၊ အဆောင်​တွေများစွာကို လည်ပတ်ခဲ့ဖူးပါတယ်။ သူတို့ရဲ့  ခက်ခဲဆင်းရဲ ကျပ်တည်းစွာနေထိုင်ရတဲ့ အခြေအနေတွေကိုလည်း တွေ့မြင်နေရ၊ တွေ့မြင်ခဲ့ရဖူးပါတယ်။ ဒါပေမဲ့ အခုလိုမျိုး မိမိမျက်စိ​ရှေ့မှာ ကိုယ့်လူမျိုး(လူငယ်)တွေ သူများနိုင်ငံမှာ ရာဇဝတ်မှုကျူးလွန်တာ မဟုတ်ဘဲ မြန်မာပြည်မှာကျန်ခဲ့တဲ့ သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့ဖို့အတွက်၊ ပိုကောင်းတဲ့အနာဂတ်အတွက် ထိုင်းနိုင်ငံကို စွန့်စားပြီးလာခဲ့ကြရင်း ဖြစ်ရတဲ့ဖြစ်ရပ်အတွက် ကျနော်မြင်လိုက်ရတဲ့မြင်ကွင်းက အတွေးများစွာ ဖြစ်ပေါ်စေပါတယ်။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

ထိုင်းနိုင်ငံကို ရောက်လာကြတဲ့ ရွှေ့ပြောင်းအလုပ်သမားအများစုဟာ မြန်မာပြည်မှာရှိတဲ့ သူတို့ရဲ့ ရှိစုမဲ့စု အိမ်၊ ခြံ၊ မြေ၊ လယ် အစရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထုခွဲရောင်းချပြီးသော်လည်းကောင်း၊ ငွေတိုးချေးစားသူတွေရဲ့(အနည်းဆုံး) ဆယ်တိုး၊ မတ်တိုးတွေနဲ့သော်လည်းကောင်း ချေးငှားပြီး ဘ၀ကို စွန့်စားရင်း ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရွှေ့ပြောင်းအလုပ်သမားအများစုက မြန်မာနိုင်ငံသားပွဲစားတွေကို အားကိုးကြပါတယ်။ ပွဲစားတွေကလည်း ထိုင်းနိုင်ငံရဲ့ အလုပ်သမား ပေါ်လစီအကူးအပြောင်းတွေကို စောင့်ကြည့်ပြီး အလုပ်လုပ်ကြပါတယ်။ တချို့တွေက နယ်မြေခံ အာဏာပိုင်တွေနဲ့၊ တချို့က နယ်ခံနိုင်ငံသားနဲ့ ပေါင်းပြီး လုပ်စားကြပါတယ်။ တချို့ကတော့ လူမိုက်ဆန်ဆန် ဂိုဏ်းတွေဖွဲ့ပြီး လုပ်ကြတာဖြစ်ပါတယ်။

အဆိုပါ ပွဲစားတွေက ရွှေ့ပြောင်းအလုပ်သမားတယောက်ကို  ၎င်းတို့နေထိုင်ရာ မြန်မာနိုင်ငံ ဒေသအသီးသီးကနေ ထိုင်းနိုင်ငံ မဟာချိုင်မြို့အထိ ရောက်ဖို့အတွက်နဲ့ ပန်းရောင်ကတ်လျှောက်ဖို့အတွက် (အလုပ်ရဖို့ အာမခံ မပါသေး) စာရွက်စာတမ်းပါအပြီးအစီး အများဆုံး ကျပ်သိန်း ၈၀ အထိ တောင်းခံကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက အောက်လမ်းလို့ အများခေါ်ကြတဲ့ တရားမဝင်လမ်းကနေ လာကြမယ်ဆိုရင် တယောက်ကို ဘတ် ၃၀,၀၀၀ (VIP package ​ဖြစ်ပြီး နယ်စပ်မှာ ကားနဲ့လာကြို၊ လမ်းကြောင်းရှင်း၊ နေထိုင်မယ့်နေရာအရောက် သီးသန့် သက်သောင့်သက်သာ လာရမယ်)၊ ဘတ် ၁၈,၀၀၀-၂၀,၀၀၀ (နယ်စပ်ဖြတ်ကျော် တောလမ်းကနေ အများဆုံး ခုနစ်ရက်အထိ အုပ်စုနဲ့ လမ်းလျှောက်ရမယ်) ဆိုပြီး ဝန်ဆောင်မှုအမျိုးအစားတွေနဲ့ တောင်းခံကြပါတယ်။ ဒီပိုက်ဆံပမာဏတွေဟာ ရွှေ့ပြောင်းအလုပ်သမား တယောက်အတွက် မနည်းသောပမာဏတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ မရရအောင် ပိုက်ဆံကို ရှာကြပြီး ပွဲစားတွေကို ပုံအပ်လို့ လာခဲ့ကြပါတယ်။ ဒီအခြေအနေတွေဟာ ဘာကြောင့် ဖြစ်နေရတာပါလဲ။ ဒီမေးခွန်ကို ဖြေဖို့လိုအပ်ပါတယ်။

တကယ်တော့ မြန်မာပြည်ရဲ့ လက်ရှိပြည်တွင်းအခြေအနေတွေက ရွှေ့ပြောင်းလုပ်သားတွေ မြန်မာပြည်ထဲက ထွက်လာရတဲ့ အကြောင်းရင်းများစွာထဲက တခုဖြစ်ပါတယ်။ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုကနေ ဖြစ်ပေါ်လာတဲ့ နယ်မြေမအေးချမ်းမှုတွေ၊ စီးပွားရေးလုပ်ကိုင်ဖို့ ခက်ခဲမှုတွေ၊ ကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့ နောက်ဆုံး စစ်မှုထမ်းဥပဒေရဲ့ အကျိုးဆက်တွေကြောင့် လူငယ်အများစုဟာ မြန်မာပြည်ထဲကနေ  ထွက်ခွာလာခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနကနေ ကာလကြာရှည်စွာ ရွှေ့ဆိုင်းရပ်နားထားတဲ့ ပန်းရောင်ကတ်လို့ ရွှေ့ပြောင်းအလုပ်သမားတွေအကြားခေါ်ကြတဲ့ (အင်္ဂလိပ်လို Non-Thai Identification Card) အသိအမှတ်ပြုကတ်တွေကို ၂၀၂၅ ခုနှစ်  အောက်တိုဘာ ၁၅ ရက်မှာ စတင်ပြုလုပ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ နောက်တရက် ၁၆ ရက်နေ့မှာပဲ နှစ်နိုင်ငံနယ်စပ်ဒေသက မတည်ငြိမ်မှုတွေကို အကြောင်းပြပြီး ပန်းရောင်ကတ်ပြုလုပ်ပေးခြင်းကို အကန့်အသတ်မရှိ ပြန်လည်ရွှေ့ဆိုင်းခဲ့ပြန်ပါတယ်။ တကယ်တော့ ပန်းရောင်ကတ်ပြုလုပ်ပေးခြင်း၊ မပေးခြင်းနဲ့မဆိုင်ဘဲ အထက်ကတင်ပြခဲ့တဲ့ ပြည်တွင်းအကျပ်အတည်းတွေကြောင့် ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံသား​တွေ နေ့စဉ်နဲ့အမျှ ဝင်ရောက်နေကြတာပဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့အစည်း (IOM) ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ ခန့်မှန်းချက်ကတော့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းနေထိုင်သူ ၄ ဒသမ ၁ သန်း ရှိနေပါတယ်လို့ ဆိုပါတယ်။ သို့သော် ဒေသခံလူမှုအဖွဲ့အစည်းတွေ၊ သုတေသနအဖွဲ့အစည်းတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအရေး ကူညီပေးနေကြသူတွေကတော့ ထိုင်းနိုင်ငံမှာ မြန်မာ​ရွှေ့ပြောင်းနေထိုင်သူ ဦးရေဟာ ၁၀ သန်းခန့် (တရားဝင်ရော၊ တရားမဝင်ရော) ရှိနေပြီလို့ ပြောကြပါတယ်။

အခုဆွေးနွေးခဲ့တာတွေဟာ ထိုင်းတနိုင်ငံတည်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအကြောင်းပဲ ရှိပါသေးတယ်။ အခြားသော နိုင်ငံအသီးသီးမှာရောက်နေတဲ့ မြန်မာလူမျိုး ရွှေ့ပြောင်းနေထိုင်သူ များစွာရှိပါသေးတယ်။ သူတို့မှာလည်း အခက်အခဲပေါင်းများစွာ ရှိနေမှာဖြစ်ပါတယ်။ သို့သော် သူတို့ရဲ့ အခက်အခဲတွေကို နားလည်ပေးနိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းတွေကိုတော့ အခုအထိ မမြင်မိသေးပါဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ နိုင်ငံရပ်ခြားမှာ သူတို့ အပင်ပန်းခံပြီး လုပ်ထားရတဲ့ လုပ်အားခထဲကနေ အခွန်ထပ်မံကောက်ခံဖို့ စဉ်းစားတဲ့ အစိုးရအဖွဲ့အစည်းတချို့နဲ့ လိုအပ်တဲ့အခါ ရွှေ့ပြောင်းလုပ်သားတွေကို ငွေထုတ်စက်တွေလို အသုံးချဖို့စောင့်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေသာ ဝန်းရံခံနေကြရပါတယ်။

အနာဂတ်မှာ မိမိတို့တိုင်းပြည်ကို မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပါတီ စီမံအုပ်ချုပ်ပါစေ ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာလူထုကြီးကို တချိန်မှာ ကိုယ့်တိုင်းပြည်ကို အေးအေးချမ်းချမ်းနဲ့ ခေါင်းမော့ပြီး ပြန်လာနိုင်အောင် ပြုလုပ်ပေးရပါမယ်။ သာမန်အလုပ်သမား လူတန်းစားတရပ်အတွက် သူများနိုင်ငံမှာ အခုလို မျက်နှာငယ်ပြီး တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်စရာမလိုအောင် အလုပ်အကိုင်အခွင့်အလမ်း​တွေ ဖန်တီးပေးရပါမယ်။ ဝမ်းရေးအတွက် ခွဲခွာနေရတဲ့ မိသားစုတွေကို ပြန်လည်ဆုံစည်းနိုင်ဖို့ အခြေအနေအရပ်ရပ်​တွေ ဖန်တီးပေးရပါမယ်။ ဒါဟာ လက်ရှိခေတ်အခြေအနေတွေကနေ ပေးအပ်လာတဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးတာဝန်တရပ်ဖြစ်ပါတယ်။

နယ်မြေမှာ သုတေသနအတွက် သွားရောက်တွေ့ဆုံတိုင်း ရွှေ့ပြောင်းအလုပ်သမားတွေကို  ကျနော်က “မြန်မာပြည်ပြန်ကြမှာလား”လို့ မေးလေ့ရှိပါတယ်။ ပြန်မယ်၊ မပြန်ဘူးဆိုတာကို အကြောင်းပြချက်မျိုးစုံပေးပြီး ဖြေကြပေမဲ့ အနှစ်ချုပ်ရင်တော့ အချိန်ကာလတခု ရောက်ရင်သော်လည်းကောင်း၊ နောက်ဆုံးခေါင်းချရာအဖြစ်သော်လည်းကောင်း မြန်မာပြည်က ကိုယ့်အိမ်ကိုပဲ ကိုယ်ပြန်မှာလို့ ဖြေကြပါတယ်။ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်ရွှေ့ပြောင်းအလုပ်သမားစုံတွဲဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ လောက်ကတည်းက ထိုင်းနိုင်ငံကိုရောက်ရှိ အလုပ်လုပ်ခဲ့ပေမဲ့ တခါမှ ဒီနိုင်ငံမှာ ခေါင်းချဖို့ မတွေးခဲ့ဖူးဘူးလို့ ပြောပါတယ်။ ကျနော့်မိတ်ဆွေ ထိုင်းလူမျိုးတွေဆီကလည်း ကြားနေကျတခုရှိပါတယ် “မင်းတို့နိုင်ငံမှာ ဒီလောက်အခြေအနေတွေဆိုးနေတာတောင် မင်းတို့လူမျိုး အလုပ်သမားတွေက ဘယ်အချိန်မေးမေး အိမ်မပြန်တော့ဘူးလို့ တခါမှ မဖြေကြဘူး” တဲ့။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles