“မိတ္တာရပ်ပါရေ”(မေတ္တာရပ်ပါတယ်) ဆိုတဲ့ အသံဟာ အာရက္ခတပ်တော်ထိန်းချုပ်ရာ လွတ်မြောက်နယ်မြေတွေထဲ မျက်မှောက်ခေတ်မှာ ပိုပြီးကြားလာရပါတယ်။ လူစည်ကားရာ၊ မြို့ပြ၊ ကျေးလက်နဲ့ လမ်းကြိုလမ်းကြားအနှံ့မှာ မမြင်ချင်၊ မတွေ့ချင်အဆုံး မြင်နေကြားနေရတာပါ။
‘မိတ္တာရပ်ပါရေ’ဆိုတာက ရက္ခိုင်ဘာသာစကားဖြစ်ပြီး အလှူခံတာကို ဆိုလိုပါတယ်။ တနည်းအားဖြင့် မေတ္တာ၊ စေတနာရှိသလောက် ပေးကမ်းကြပါလို့ လက်ဖြန့်တောင်းခံတာပါ။ တောင်းခံနေသူတွေထဲမှာ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေနဲ့ ရင်ခွင်ပိုက်ကလေး ပွေ့ချီထားကြတဲ့ အမျိုးသမီးတွေကို အဓိကတွေ့ရပါတယ်။ အဝတ်အစားနွမ်းနွမ်းတွေ ဝတ်ထားပြီးတော့ ကလေးသူငယ်တွေကို လက်ဆွဲကာ အရှက်နဲ့ သိက္ခာကို ဘေးချိတ်ပြီး တရွာဝင်တရွာထွက် တောင်းရမ်းကြတာပါ။
နိုင်ငံအနှံ့မှာ တောင်းရမ်းစားသောက်သူတွေဟာ အရင်ကတည်းက ရှိနေခဲ့တာဆိုပေမဲ့ ရက္ခိုင်ပြည်မှာ အရင်တုန်းက စစ်တွေမြို့ကလွဲပြီး ကျန်တဲ့ မြို့တွေမှာ သိပ်မတွေ့ရပါဘူး။ ဒီနေ့မှာတော့ နေရာတိုင်းမှာ ကွင်းကွင်းကွက်ကွက် မြင်နေရတာပါ။ ဒီလူတွေ အများစုကတော့ စစ်ဘေးရှောင်ဘဝတွေထဲကနေ ပေါက်ဖွားလာတာလို့ ဆိုနိုင်ပါတယ်။
နေပူထဲမှာတောင်းရမ်းတဲ့ ဒီအလုပ်ထဲ ကလေးတွေကို ဘာကြောင့်ခေါ်လာရတာလဲ မေးကြည့်တော့ လူမမယ်ကလေးတွေရှိနေတော့ အပြင်ထွက် အလုပ်မလုပ်နိုင်တဲ့အကြောင်း သက်သေပြလိုတဲ့ သဘောလို့ဆိုပါတယ်။ အဲဒီကလေးတွေဟာ ကျောင်းနေအရွယ်ဖြစ်ပေမဲ့ စာသင်ခန်းနဲ့ လုံးဝမသက်ဆိုင်တဲ့ လမ်းကြိုလမ်းကြားမှာ ရှင်သန်ဖို့ ကြိုးစားနေကြပါ။
သူတို့တွေရဲ့ လိုအင်ကတော့ ဆန်၊ ပိုက်ဆံ၊ အဝတ်အစားတွေ ဖြစ်ပါတယ်။ မြို့ပြထဲက လူစည်ကားရာ၊ ကားဂိတ်၊ ဆိပ်ကမ်းတွေမှာ အလှူခံကြရင် ပိုက်ဆံရပြီး ရွာတွေမှာတော့ ဆန်ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဝတ်စရာမရှိရင် အဝတ်အစားအဟောင်းတွေလည်း တောင်းရမ်းကြပါတယ်။
ဒီလိုဖြစ်လာရတဲ့ အဓိကနောက်ခံအကြောင်းအရင်းနှစ်ချက်ကတော့ စစ်ဘေးနဲ့ သဘာဝဘေးကြောင့်ပါ။ စစ်ရေးပဋိပက္ခအကြား စီးပွားရေး ချွတ်ခြုံကျနေတာ၊ အိမ်ထောင်ဦးစီး အလုပ်မလုပ်နိုင်တဲ့အချိန်မှာ အလှူခံထွက်ကြတာပါ။ ဒီအထဲမှာ အားလုံးက စစ်ဘေးရှောင် ကလေးသူငယ်တွေနဲ့ နို့စို့ကလေးချီထားတဲ့ အမျိုးသမီးတွေ များပါတယ်။
စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်ဦးစီးအမျိုးသားတွေဟာ ထင်းခုတ်၊ ဝါးခုတ်၊ မျှစ်ချိုး စတဲ့ ရာသီမရွေး တောကိုမှီပြီး မိသားစုရဲ့ တနေ့တာဝမ်းရေးကို ခြိုးခြံချွေတာစွာနဲ့ ဖြေရှင်းကြပါတယ်။ အဲဒီအချိန်မှာ အမျိုးသားဖြစ်သူဟာ မတော်တဆ နေမကောင်းဖြစ်နေချိန်တွေ၊ ဆေးမကုနိုင်ဘဲ အိပ်ရာထဲ လဲနေချိန်တွေ၊ ကလေးတွေ ထမင်းငတ်တာ၊ ဝဝလင်လင် မစားရတာ ကြုံရတော့ အလှူခံထွက်တာလို့ ဆိုကြပါတယ်။
သူတို့တွေဟာ လမ်းမပေါ်မှာ ကြုံရာ ကား၊ ဆိုင်ကယ်တွေကို တားပြီး အသနားခံစီးကာ ကားလမ်းမဘေးနားက မြို့ရွာတွေအနှံ့ အလှူလိုက်ခံပါတယ်။ ထမင်းကိုလည်း ကြုံရာဘုန်းတော်ကြီးကျောင်းမှာ တောင်းစားကြပါတယ်။ ညအိပ်ကြပါတယ်။
တောင်းရမ်းစားသောက်နေကြသူ လူဦးရေစာရင်း အတိအကျရဖို့က ခဲယဉ်းလှပါတယ်။ ဒါပေမဲ့ ထင်သာမြင်သာရှိတာကတော့ စစ်ဘေးရှောင်စခန်းအသီးသီးက ထောင်နဲ့ချီတဲ့ ကလေးတွေဟာ လမ်းမပေါ်မှာ နေ့စဉ်ရှိနေတာကို မမြင်မတွေ့ချင်မှ အဆုံးပါ။
ISP-Myanmar ရဲ့ ဇူလိုင်လထုတ် ဒေတာအချက်အလက်တွေအရ ရက္ခိုင်ပြည် လွတ်မြောက်မြို့နယ်တွေမှာ စစ်ဘေးရှောင်ဦးရေ ခုနစ်သိန်းကျော် ရှိတယ်လို့ သိရပါတယ်။ ရက္ခိုင်ပြည်မှာ လူဦးရေ ၃ ဒသမ ၂ သန်းကျော်ရှိတာဖြစ်လို့ လူဦးရေရဲ့ ၂၃ ရာခိုင်နှုန်းနီးပါးက စစ်ရှောင်တွေ ဖြစ်နေတဲ့သဘောပါ။
ရက္ခိုင်ပြည်ဟာ ရာသီဥတုပြောင်းလဲခြင်းဘေးဒဏ်နဲ့ ပြင်းထန်လှတဲ့ စစ်ဘေးဒဏ်ကို အခံရဆုံးဒေသတခု ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလက တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဒဏ်ကြောင့် နေအိမ်၊ အဆောင်အအုံနဲ့ တပိုင်တနိုင်စက်ရုံ၊ အလုပ်ရုံတွေ ပြိုလဲခဲ့ရပြီး စီးပွားပျက်ကိန်း ဆိုက်ခဲ့ရပါတယ်။ စီးပွားရေး နာလန်မထူနိုင်သေးခင် အဲဒီနှစ် ၂၀၂၃ နိုဝင်ဘာလမှာ မြို့သိမ်းတိုက်ပွဲကြီးတွေနဲ့ ကြီးမားကျယ်ပြန့်လှတဲ့ စစ်မုန်တိုင်းကြီးတွေ စတင်ခဲ့ပြီး အခုအထိ တိုက်ခတ်နေဆဲပါ။
တခါ စစ်ပွဲကိုအကြောင်းပြပြီး ရက္ခိုင်ပြည်ရဲ့ အသက်သွေးကြောတွေဖြစ်တဲ့ ပြည်မနဲ့ ကုန်စည်စီးဆင်းရာ ဝင်ပေါက်တွေ ပိတ်ဆို့ခံထားရတာပါ။ ဒီအကျိုးဆက် ကုန်စည်စီးဆင်းမှုမရှိတာကြောင့် ဒေသတွင်း စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်တာတွေ ကြုံတွေ့နေရပါတယ်။
လတ်တလောမှာ ရက္ခိုင်ပြည်ဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က မှောင်ခိုဝင်လာတဲ့ ကုန်စည်တွေကို မှီခိုနေရတာပါ။ ဒါပေမဲ့ အခု ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခတပ်တော်တို့ နှစ်ဖက်ဆက်ဆံရေး တင်းမာနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးဟာလည်း ရပ်တန့်နေပါပြီ။ တခါ စစ်ဘေးရှောင်စခန်းတွေမှာလည်း လူသားချင်းစာနာမှုအကူအညီတွေ မရှိသလောက်ပါပဲ။
ခေါင်ခိုက်အောင် မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေအကြား လူ့အဖွဲ့အစည်းတခုလုံးဟာ ဆင်းရဲမွဲတေမှုနဲ့ တန်းတူညီမျှ အခွင့်အရေးတွေ ဖရိုဖရဲ၊ ရုပ်ပျက်ဆင်းပျက် ဖြစ်နေရတာ ကြလှပါပြီ။ လေကြောင်းအန္တရာယ်တွေအောက်မှာ ရက္ခိုင်လူမှုအဖွဲ့အစည်းတခုလုံးဟာ နေရာရွှေ့ပြောင်းခံရမှုတွေနဲ့ လုပ်ငန်းကိုင်တာတွေ ပျောက်ဆုံးနေတာကြောင့် လူနေမှုအဆင့်အတန်းကွာဟချက်လည်း သိသာနေပါတယ်။
ဩဂုတ် ၁၂ ရက်မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ အစီရင်ခံစာမှာတော့ ရက္ခိုင်ပြည်အလယ်ပိုင်းမှာ အခြေခံစားနပ်ရိက္ခာ ဖူလုံမှုမရှိတဲ့ မိသားစု ၅၇ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့ ဆိုပါတယ်။
AA ရဲ့စစ်ရေးအောင်မြင်မှုကြောင့် ဒီနေ့ ရက္ခိုင်ပြည်ဟာ (နိုင်ငံတကာအသိအမှတ်ပြု မခံရပေမဲ့) De Facto Government အဆင့်ရောက်နေပါတယ်။ ဒါကြောင့် AA အနေနဲ့ လက်ရှိအုပ်ချုပ်ရေးသာမက စီးပွားရေးကိုပါ မဟာဗျူဟာချမှတ် စဉ်းစားဖို့ လိုလာပါတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေးကို တထောင့်တနေရာကနေ ပံ့ပိုးနိုင်မယ့် အခြေခံအဆောက်အအုံ၊ အလုပ်အကိုင်အခွင့်အလမ်း စတာတွေကို အာမခံပေးမယ့် ပုံမှန်စီးပွားရေးစနစ်တခု ဖန်တီးပေးဖို့ လိုအပ်နေပါပြီ။ ဒီလိုမှမဟုတ်ရင် လူမှုစီးပွားပြဿနာတွေကတဆင့် လုပ်ရည်ကိုင်ရည်အပေါ် မေးခွန်းထုတ်ခံရတာတွေနဲ့ ပြည်သူ့ ငြိုငြင်မှုကိုပါ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့အပြင် မျက်မှောက်ရက္ခိုင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ လူသားစာနာမှု လိုအပ်ချက်ကိစ္စတွေ ပိုဆိုးလာရင် မကျေနပ်ချက်တွေအဖြစ် ပြောင်းသွားနိုင်ပါတယ်။
ရက္ခိုင်ပြည်မှာ အာရက္ခတပ်တော်ရဲ့ စစ်ရေးအောင်ပွဲတွေကို ချီးကျူးထောပနာပြုနေကြပေမဲ့ စစ်ဘေးဒဏ်သင့်သူတွေရဲ့ အသံနဲ့ လူမှုဒုက္ခပြဿနာတွေကို အချက်အလက်၊ ကိန်းဂဏန်တွေနဲ့ ကိုင်ပြနိုင်ဖို့ ခဲယဉ်းနေပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ရက္ခိုင်ပြည်သူတွေထဲမှာ ဒုက္ခတောင်လိုပုံပြီး စိတ်ထိခိုက်ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေ တပုံတပင်ကြီးပါ။ လူသားချင်းစာနာမှုအကူအညီနဲ့ လူမှုဒုက္ခအဖုံဖုံကို အာရုံစူးစိုက်မှု အားနည်းနေကြပါတယ်။
ဒီကာလထဲ မိသားစုကျောထောက်နောက်ခံ မရှိတော့တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ ခင်ပွန်းသည် ကျန်းမာရေးမကောင်းတဲ့ မိသားစုတွေ လက်ငင်းခံစားနေတဲ့ မေတ္တာရပ်လူတန်းစား ဘဝတွေ ဒုက္ခနွံထဲက ရုန်းထွက်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေသင့်ပါပြီ။
စစ်ပွဲရဲ့အနိဋ္ဌာရုံနဲ့ ရာသီဥတုဘေးဒဏ်အောက်မှာ ကံဆိုးမိုးမှောင်ကျနေတဲ့ မေတ္တာရပ်နေရသူ လူတန်းစားတရပ်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ ကျောထောက်နောက်ခံ ရပ်တည်ပေးချက်တွေ လိုနေပါတယ်လို့ပဲပြောပြီး ဆောင်းပါးကို ဒီနေရာမှာ ရပ်လိုက်ပါမယ်။
