ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

ဤခရီး ဝေးလှသည်

တကယ်ဆို...လမ်းမှာ ပရိတ်ကြီး ၁၁ သုတ် ရွတ်နေဖို့ ကောင်းတယ်။ ဒါပေမဲ့ နုံနုံအအ တောသူပေမို့ စပယ်ယာတိုင်ပေးတဲ့ စစ်ဆေးရေးဂါထာကိုပဲ တတွတ်တွတ် ကျက်မှတ်လာရတယ်။ “ စစ်တပ်ဂိတ်ဆို ထောက်ခံစာ ပြ၊ ပီဂိတ်တွေဆို ထောက်ခံစာ လုံးဝမထုတ်မိစေနဲ့၊ ဖုန်းကတော့ ဘယ်ဂိတ်ရောက်ရောက် မသုံးနဲ့”။ ဒါ့ပြင် ဝတ်စုံမြင်ရုံနဲ့ မခွဲခြားတတ်တော့ မငိုက်မိအောင်ပါ ကြိုးစားနေရသေးတယ်။
By  နွေနှောင်း  | November 13, 2025

မှန်ချထားတဲ့ ကားပေါ်ကနေ လမ်းဘေးရှုခင်းတွေကို ကြည့်ရင်း ကျမ သက်ပြင်းအထပ်ထပ် ချမိတယ်။ ဒီအညာလမ်းမကြီးရဲ့ ရှုခင်းတွေကို ကလေးဘဝက အမေ့ရင်ခွင်ထဲကနေ မြင်ခဲ့ဖူးတယ်။  အခုတော့ ရင်ခွင်ထဲမှာ ကလေးတယောက်ကိုပွေ့ရင်း မြင်နေရပြီ။ ငယ်တုန်းကမြင်ကွင်းတွေကတော့ အချိန်ကြာခဲ့ပြီမို့ မေ့ခဲ့ပါပြီ။ အခုကျတော့လည်း မျက်စိရှေ့မှာမြင်နေပေမဲ့ ဝိုးတဝါးအရိပ်တွေပဲ ထင်နေတယ်။ အဲသလောက်အထိကို ကျမမှာ အပူတွေ များနေရတယ်။ ဒီအပူတွေဟာ ဘယ်က လာနေသလဲ။ “လုံခြုံရေးအရ ကားမှန်ချစီးပါ”ဆိုတဲ့ အမိန့်အောက်က အညာလေပူတွေကြောင့်လား။ ဒါမှမဟုတ် မိခင်တယောက်ရဲ့ ဇောအပူတွေကဆီကနေလား။ နှစ်ခုလုံးဆီက လာတာဖြစ်ပါလိမ့်မယ်။

အားလုံးကို သတိမမူနိုင်ပေမဲ့ နှုတ်တိုက်ရွတ်နေရတဲ့ ဂါထာကိုတော့ မမေ့ပါ။ တကယ်ဆို သမီးလေး ခွေးကိုက်ခံရလို့ ကာကွယ်ဆေးလာထိုးတဲ့လမ်းမှာ ပရိတ်ကြီး ၁၁ သုတ် ရွတ်နေဖို့ ကောင်းတယ်။ ဒါပေမဲ့ နုံနုံအအ တောသူပေမို့ စပယ်ယာတိုင်ပေးတဲ့ စစ်ဆေးရေးဂါထာကိုပဲ တတွတ်တွတ် ကျက်မှတ်လာရတယ်။ “စစ်တပ်ဂိတ်ဆို ထောက်ခံစာ ပြ၊ ပီဂိတ်တွေဆို ထောက်ခံစာ လုံးဝမထုတ်မိစေနဲ့၊ ဖုန်းကတော့ ဘယ်ဂိတ်ရောက်ရောက် မသုံးနဲ့”။ ဒါ့ပြင် ဝတ်စုံမြင်ရုံနဲ့ မခွဲခြားတတ်တော့ မငိုက်မိအောင်ပါ ကြိုးစားနေရသေးတယ်။ စပယ်ယာ ကြိုသတိပေးထားပေမဲ့ ရှေ့က ဘယ်ဂိတ်ဆိုတာကို လွတ်သွားလို့ မဖြစ်၊  လွတ်သွားရင် ဘာဖြစ်သွားနိုင်သလဲ ဆိုတာလည်း သေချာမသိ။ ဒါပေမဲ့ သမီးလေး ခွေးရူးပြန်ကာကွယ်ဆေးတွေ အချိန်မီထိုးနိုင်ဖို့တော့ ဘာအကြောင်းကြောင့်မှ အချိန်မကြန့်ကြာဘဲ မန္တလေးကို ရောက်မှ ဖြစ်မယ်။

တကယ်တော့ ကျမတို့နေတဲ့ရွာကနေ မြို့ကြီးတမြို့ကို နာရီဝက်လောက်သွားရုံနဲ့ ရောက်နိုင်တယ်။ ကာကွယ်ဆေးလောက်အတွက်နဲ့တော့ မန္တလေးအထိ သွားဖို့မလို။ ဒါပေမဲ့ အခုကာလမှာတော့ မြို့ပေါ်က ပြည်သူ့ဆေးရုံကြီးမှာ ခွေးရူးပြန်ကာကွယ်ဆေးတွေ ရနိုင်မယ်လို့ တပ်အပ်မပြောနိုင်။ ဒါ့အပြင် မြို့ထဲဝင်ဖို့ ဖြတ်ရမယ့် မြို့အဝင်စစ်ဆေးရေးဂိတ်တွေရဲ့ ရန်ကိုလည်း ကြောက်ရသေး။ အနီးအနားရွာတွေကလာတယ်ဆိုတာနဲ့ အကြောင်းပြချက် ရေရေရာရာမရှိဘဲ ပြန်လွှတ်တာလည်း ကြုံဖူးတယ်။ ငွေတွေ မတန်တဆတောင်းတဲ့အဖြစ်လည်း ရှိသေးတယ်။ ကလေးတွေ ကာကွယ်ဆေးထိုးဖို့သွားတဲ့ ရွာကားတွေကို ရိက္ခာပို့ဖို့ ချောဆွဲသွားလို့ လသားကလေးတွေပိုက်ပြီး အညာနွေမှာ နေပူလှန်းခံရ၊ အပူရှပ်ခဲ့ရတဲ့ အဖြစ်တွေကိုလည်း ကြားနေမြင်နေရတယ်။ ဒီတော့ မြို့အဝင်ဂိတ်လည်း ဖြတ်စရာမလို၊ ဆေးလည်း ရှိတာသေချာတဲ့ မန္တလေးရွှေမြို့တော်ကြီးကို အရဲစွန့်သွားဖို့ ဆုံးဖြတ်ခဲ့မိတော့တာပဲ။

 အတွေးလွန်ရင်း ကားစပယ်ယာရဲ့အော်သံကို လွတ်သွားတော့ ရှေ့ကဂိတ်က ဘာဂိတ်လဲဆိုတာ ဘေးကလူကို လက်တို့မေးရတယ်။ ပီဂိတ်ဆိုတော့ နည်းနည်းတော့ စိတ်သက်သာရာ ရမိတယ်။ ဒါကိုယ့်ဘက်ကပဲလို့ တွက်မိထားတာကြောင့် ဖြစ်နိုင်တယ်။ ငါတို့ ပြည်သူတွေထဲက လာတာဆိုတော့ ညှာတာစိတ်လည်း ရှိမှာလို့ ယုံကြည်ထားမိတာကြောင့်လည်း ဖြစ်နိုင်တယ်။ အလှူခံလာတော့လည်း ဒီသူငယ်လေးတွေကို လှူလိုက်လို့ ဒီစစ်ကြီး မြန်မြန်ပြီးသွားရင် ငါ့သမီးလေး အရွယ်မလွန်ခင် ကျောင်းတက်နိုင်ကောင်းရဲ့ဆိုတဲ့ အတွေးကလေးနဲ့ သဒ္ဓါကြည်ဖြူ လှူလိုက်မိတယ်။ ဒါပေမဲ့ အဖြေရှာမရတဲ့ မေးခွန်းတွေကလည်း ရှိနေပြန်တယ်။ ပီဂိတ်တွေနဲ့ စစ်တပ်ဂိတ်တွေက ဒီနားတဝိုက်မှာ နာရီဝက်လောက် ခြားတာနဲ့ တဂိတ်စီ အလှည့်ကျဖြတ်နေရတယ်။ ဒီလောက် နီးနေတာ ဘာကြောင့်များ အရဲစွန့်ပြီး လမ်းပေါ်ထိ တက်လာကြပါလိမ့်။ တဖွဲ့နဲ့ တဖွဲ့ ဘယ်မှာ ရှိနေမှန်း မသိကြတာလား။ ဒါမှမဟုတ် ရှိမှန်းသိလျက်နဲ့ မတိုက်ကြတာလား။ ဒါဆို ဘာကို စောင့်နေကြတာလဲ။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

တွေးနေရင်းနဲ့ပဲ နောက်တဂိတ် ရောက်လာပြန်တယ်။ ဒီတဂိတ်ကတော့ စစ်တပ်ဂိတ်မို့ နည်းနည်း ကြောက်မိပါရဲ့။ မှတ်ပုံတင်နဲ့ ထောက်ခံစာတွေ ထုတ်ပြရပြီး ကားနောက်ဖုံး ဖွင့်ပြခိုင်းတယ်။ သေနတ် ပြောင်းကြီးနဲ့ ဟိုထိုးဒီထိုး လုပ်တော့ ထိုးသိပ်ထည့်ခံထားရတဲ့ ပန်းတွေ နာသွားမှာ စိုးရိမ်ရပြန်တယ်။ ဒီလောက် အရေးကြီးနေတာ ပန်းတွေ ဘာလို့သယ်လာလဲဆိုပြီး မေးကြရော့မယ်။ တကယ်တော့ ကျမမှာ ပေးစရာကလည်း ပန်းပဲရှိတယ်။ ကျမတို့အိမ်က သပြေပန်း၊ ရွှေပန်းငွေပန်းတွေကို ရောင်းချဖို့ စိုက်တယ်။ ကျမတို့ ဘိုးဘေးများက ဗုဒ္ဓဘာသာနဲ့  ရိုးရာနတ်ကိုးကွယ်တဲ့ အညာဒေသမှာ ဘုရားပန်းစိုက်လို့ကတော့ ဘယ်တော့မှ ထမင်းမငတ်ဘူးဆိုတဲ့အတွေးနဲ့ ဘိုးစဉ်ဘောင်ဆက် ပန်းစိုက်ခဲ့ကြတာပဲ။ အာဏာမသိမ်းခင်အထိလည်း တကယ် မငတ်ခဲ့။ အခုတော့ နည်းနည်း စိုးရိမ်လာရတယ်။ ချဉ်ပေါင်တောင် နပ်မမှန်ကြတော့တဲ့ချိန်မှာ ဘုရားပန်းဆိုတာ ဇိမ်ခံပစ္စည်းလိုတောင် ဖြစ်လာနေပြီ။ ရွာမှာကတော့ တောပန်းတွေပေါလှလို့ ဘုရားပန်းကို ထူးထွေစိတ်မဝင်စားကြ၊ မြို့ပေါ်တက်ပြီး ရောင်းပြန်တော့လည်း လမ်းက ဖွင့်တလှည့်၊ ပိတ်တချီနဲ့မို့ နွမ်းသွားတဲ့ ရက်တွေက မနည်းလှ။

မန္တလေးမှာ အသိမရှိတော့ ဘုန်းကြီးကျောင်းတခုမှာတည်းဖို့ စိတ်ကူးထားတယ်။​ ဘုန်းကြီးကျောင်းမှာတော့ ဘုရားပန်းလိုမှာ သေချာပေါက်မို့ ပန်းတွေကို ဖက်နဲ့ထုပ်ပြီး တကူးတက သယ်လာခဲ့မိတော့တာပါပဲ။ ဆေးရုံက ဆရာမလေးတွေ ပေးဖို့လည်း ခူးလာခဲ့ပါရဲ့။ လက်ခံပါ့မလားတော့ မသေချာ။ မနှစ်က သမီးလေး ပိုလီယိုကာကွယ်ဆေးထိုးဖို့ မြို့ကဆေးရုံကြီးကို သွားတုန်းကတော့ လာဘ်လာဘတွေ လက်ခံလို့ မရလို့ အလှူငွေပဲထည့်ခဲ့ပါဆိုပြီး ပန်းတွေကို လက်မခံခဲ့ကြဘူး။ လက်ဆောင်ပဏ္ဏာကို လာဘ်လာဘလို့ အပြောခံရတော့ စိတ်မကောင်း ဖြစ်ခဲ့ရသေးတယ်။ ဒါပေမဲ့လည်း စေတနာရော၊ တန်ဖိုးရော တတ်နိုင်တာ ဒါပဲရှိတော့ ပန်းတွေပဲ ထည့်ယူလာခဲ့နိုင်တယ်။

အနာရှိန်နဲ့ မှေးနေတဲ့ သမီးလေးတောင် နိုးလာပြီ။ ဒီခရီးက ဘယ်လောက်ကြာဦးမလဲ။ ခရီးသွားတဲ့အခါ ရောက်မယ့်အချိန်ကို မမေးကောင်းဘူးဆိုတော့လည်း အောင့်အီးသည်းခံနေရတယ်။ ပီဂိတ်တွေကျဲလာပြီး စစ်တပ်ဂိတ်တွေ များလာပြီမို့ မြို့ကြီးပြကြီးနဲ့ နီးလာပြီလို့တော့ မှန်းမိတယ်။ ရောက်တော့မယ်ဆိုမှ မြို့ပေါ်မှာ ဆက်လုံးပမ်းရဦးမယ့် အဖြစ်တွေကို တွေးပြီး ရင်လေးရပြန်တယ်။ အိမ်မှာ ကျန်နေခဲ့တဲ့ အိမ်သားတွေလည်း စိတ်ပူနေလောက်ရဲ့။ အမေတယောက်၊ ဇနီးတယောက်၊ သမီးတယောက် ဖြစ်နေပြန်တော့ အားလုံးကို တွေးပြီးပူပန်နေရတယ်။ စိတ်ချလက်ချ တည်းလို့ရမယ့်နေရာ မရောက်တောင် စိတ်အေးလက်အေး အိမ်ကို ဖုန်းဆက်အကျိုးအကြောင်းပြောလို့ရမယ့်နေရာကိုတော့ ရောက်ချင်ပြီ။ ဤခရီး ဝေးလှသည်။        

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles