[သီမာသင်ဂုပ္တ (Seema Sengupta) သည် ကာလကတ္တားအခြေစိုက် သတင်းစာဆရာနှင့် ပင်တိုင်ဆောင်းပါးရှင်ဖြစ်ပြီး ISP Column တွင်လည်း ပုံမှန်ရေးသားလျက်ရှိသည်။ ယခုဆောင်းပါးမှာ Seema Sengupta ပေးပို့လာသော“CAN MYANMAR’S PRIVATE SECURITY CONTRACTORS SECURE INDIA’S STRATEGIC INTERESTS?” ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်စွာ ပြန်ဆိုထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်]
အရှေ့တောင်အာရှနဲ့နီးပြီး ဒစ်စပိုစီယမ်(dysprosium)နဲ့ တာဘီယမ်(terbium)လို အဖိုးတန်မြေရှားသတ္တုတွေ(rare earth minerals) ထွက်တဲ့ မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံအတွက်တော့ မဟာဗျူဟာအရ အရမ်းကိုအရေးပါပါတယ်။
မြန်မာနိုင်ငံအတွင်း အိန္ဒိယအစိုးရ အကောင်အထည်ဖော်နေတဲ့ အဓိကဆက်သွယ်ရေးစီမံကိန်းတွေက ကုလားတန် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း(KMTTP)1နဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံလမ်းမကြီး(IMT Highway)2 တို့ ဖြစ်ပါတယ်။ ကုလားတန်စီမံကိန်းကတော့ ကုလားတန်မြစ်ကြောင်းကနေတဆင့် အိန္ဒိယရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကဆိပ်ကမ်းတွေနဲ့ အရှေ့မြောက်ပြည်နယ်တွေကို ချိတ်ဆက်ပေးထားသလို ချင်းပြည်နယ် ပလက်ဝမြို့ကနေ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့(Aizawl) အထိ ကားလမ်းနဲ့လည်း ချိတ်ဆက်ထားပါတယ်။ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံလမ်းမကြီးကတော့ အိန္ဒိယနဲ့ အရှေ့တောင်အာရှအကြား ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေး ပိုကောင်းလာဖို့ ရည်ရွယ်ထားတာပါ။ ဒီလမ်းမကြီးက အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေး(Moreh) မြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ကို မန္တလေး၊ နေပြည်တော်တို့ကနေတဆင့် ဆက်သွယ်ထားတာဖြစ်ပြီး နောင်ကျရင် ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေအထိ တိုးချဲ့ဖို့ အစီအစဉ်လည်း ရှိပါတယ်။ ကုလားတန်စီမံကိန်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကို အသုံးပြုလို့ရနေပြီး အိန္ဒိယက ထိန်းချုပ်စီမံနေပြီ3 ဖြစ်ပေမဲ့ ဒီစီမံကိန်းရဲ့ အစိတ်အပိုင်းအတော်များများကတော့ မပြီးသေးပါဘူး။
မြေရှားသတ္တုကဏ္ဍမှာတော့ အိန္ဒိယဟာ ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးထားတဲ့ တရုတ်နိုင်ငံအပေါ် မှီခိုအားထားနေရတာကို လျှော့ချဖို့အတွက်4 ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားတဲ့နယ်မြေတွေကနေ မြေရှားသတ္တုတွေရဖို့ အသည်းအသန် ကြိုးစားနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံထဲက အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဟာ ရပ်တန့်သွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ လောလောဆယ်မှာ တော်လှန်ရေးအဖွဲ့တွေက အိန္ဒိယစီမံကိန်းတွေကို သိမ်းပိုက်တာမျိုး မရှိသေးပေမဲ့ ‘၁၀၂၇ စစ်ဆင်ရေး’နောက်ပိုင်း နယ်မြေပိုင်းခြားမှုတွေနဲ့ အုပ်ချုပ်ရေး မတည်ငြိမ်မှုတွေကို ကျော်လွှားနိုင်ဖို့ မဟာဗျူဟာအသစ်တွေ ချမှတ်ဖို့ လိုအပ်လာပါတယ်5။
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်ပတပ်တွေကို နိုင်ငံထဲမှာ တပ်စွဲခွင့်မပြုဘူးလို့ အတိအလင်း တားမြစ်ထားတာကြောင့် စီမံကိန်းတွေကို စောင့်ရှောက်ဖို့ အိန္ဒိယရဲ့ လုပ်ငန်းလုံခြုံရေးတပ်ဖွဲ့(industrial security force)တွေကို စေလွှတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး6။ ဒါကြောင့် စစ်ရေးအရ အားလျော့နေသေးတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ အိန္ဒိယရင်းနှီးမြှုပ်နှံမှုစီမံကိန်းနေရာတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံချက်မပေးနိုင်တာကြောင့် အိန္ဒိယအစိုးရအနေနဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကို ငှားရမ်းဖို့ တိတ်တဆိတ်စဉ်းစားနေတယ်ဆိုတဲ့ သတင်းက အဆန်းတော့ မဟုတ်ပါဘူး။
ပဋိပက္ခဖြစ်ပွားရာ ရပ်ဝန်းတွေမှာ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေဟာ ထောက်ပို့နဲ့ လေ့ကျင့်ရေးကနေ တိုက်ခိုက်ရေးအထိမှာ အကူအညီပေးတာ၊ ကုမ္ပဏီတွေအတွက် လုံခြုံရေးယူပေးတာအထိ ဝန်ဆောင်မှုအမျိုးမျိုး ပေးလာကြပြီး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာကြပါတယ်။ သူတို့ဟာ စစ်တပ်အင်အား နည်းပါးတဲ့နေရာတွေမှာ လိုအပ်နေတဲ့ လုံခြုံရေးကွက်လပ်တွေကို ဝင်ရောက်ဖြည့်ဆည်းကြပါတယ်။ ဒီလိုကုမ္ပဏီတွေဟာ စစ်ဆင်ရေးတွေကို ထောက်ပံ့ဖို့နဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့အတွက် အရေးပါတယ်လို့ ယူဆရပေမဲ့ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေကို လိုက်နာမှု ရှိ၊ မရှိဆိုတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေ ရှိပါတယ်7။ ဥပမာ မြန်မာနိုင်ငံမှာဆိုရင် စည်းမျဉ်းဥပဒေတွေ တိတိကျကျမရှိတာ၊ တာဝန်ခံမှုရှိအောင် လုပ်ဖို့ခက်တာ၊ အင်အားအလွန်အကျွံသုံးတာနဲ့ လူကုန်ကူးမှုလိုမျိုး ဥပဒေချိုးဖောက်တာတွေ ဖြစ်လာနိုင်တာ စတဲ့ တွက်ဆစရာ အကြောင်းအရာတွေကို လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံက လက်ရှိဥပဒေတွေဟာ မရေမရာ ဝေဝေဝါးဝါးဖြစ်နေတဲ့အတွက်လည်း ဒီစိုးရိမ်မှုတွေဟာ အပိုသက်သက် မဟုတ်ပါဘူး။
၂၀၂၅ ခုနှစ်မှာ စစ်ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေအရ စင်ပြိုင်လုံခြုံရေးစနစ်တရပ်ကို ပုံစံတကျ ဖြစ်ပေါ်စေပေမဲ့ ပြည်တွင်းလက်ခွဲကုမ္ပဏီတွေအဖြစ် ငှားရမ်းခံရလေ့ရှိတဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေရဲ့ လုပ်ရပ်တွေအတွက် မိခင်ကုမ္ပဏီကြီးတွေကို တာဝန်ယူခိုင်းဖို့အထိတော့ လုံလောက်မှု မရှိပါဘူး။ ဒါ့အပြင် လိုင်စင်ရထားတဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေအကြောင်း အချက်အလက်တွေကိုလည်း အများပြည်သူသိအောင် ထုတ်ပြန်ထားတာမျိုးလည်း သိပ်မရှိပါဘူး။ ဒါကြောင့် နှိပ်စက်တာ၊ သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာနဲ့ လူကုန်ကူးတာတွေနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေ ရှိလာရင်တောင် အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ မှတ်တမ်းတွေကို လိုက်လံစုံစမ်းဖို့ ကြိုးစားရာမှာ အဟန့်အတားတွေ ဖြစ်နေပါတယ်။ ပိုဆိုးတာက တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့ဖူးသလို စစ်ကော်မရှင်တပ်နဲ့ မဖြစ်မနေ ပူးပေါင်းရတာကြောင့် ရှိရင်းစွဲချိုးဖောက်မှုတွေ ပိုဆိုးလာနိုင်ပြီး လူထုရဲ့ မကျေနပ်မှုတွေကိုလည်း ပိုကြီးထွားလာစေနိုင်ပါတယ်8။
စစ်ကော်မရှင်ရဲ့ အာဏာစက် မသက်ရောက်တဲ့ နေရာတွေ၊ တနည်းအားဖြင့် တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့အတွက် ကြေးစားလုံခြုံရေးတပ်ဖွဲ့တွေကို ရွေးချယ်တဲ့အခါ အိန္ဒိယအစိုးရအနေနဲ့ သတိထား ဆုံးဖြတ်ရပါလိမ့်မယ်။ တရားဝင်အရတော့ ကြေးစားစစ်တပ် ဖွဲ့စည်းတာဟာ ဥပဒေနဲ့ မညီတဲ့အတွက် အိန္ဒိယနိုင်ငံမှာ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေ မရှိပါဘူး9။ အိန္ဒိယရာဇသတ်ကြီးဥပဒေအရဆိုရင် ဒါမျိုးလုပ်တာဟာ နိုင်ငံတော်ကို စစ်ကြေညာတာလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အိန္ဒိယဟာ ကြေးစားစစ်သားများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်မှာ မပါဝင်သလို မွန်ထရူးစာတမ်း (Montreux document) မှာလည်း လက်မှတ် မထိုးထားပါဘူး။ အိန္ဒိယနိုင်ငံအပြင်မှာ တရားဝင် အသိအမှတ်ပြုထားတဲ့ လုံခြုံရေးကန်ထရိုက်တာတွေ ပေါ်ပေါက်လာဖို့အတွက် ဒီဥပဒေဟာကွက်ကို အသုံးချမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
ဒီမတိုင်ခင်စပ်ကြားမှာတော့ မြန်မာပြည်အတွင်းက ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေထဲမှာ အိန္ဒိယနဲ့ လက်တွဲဖို့ ရွေးချယ်စရာက တရုတ်နိုင်ငံသားတွေ စီမံခန့်ခွဲတဲ့ ကုမ္ပဏီတွေ ဒါမှမဟုတ် အနောက်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေပဲ ရှိပါတော့တယ်10။ အမေရိကန်အစိုးရလုံခြုံရေး ကန်ထရိုက်တာတွေ မြန်မာနိုင်ငံမှာ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေတာမျိုး မတွေ့ရပေမဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူဟောင်းတွေ ပါဝင်တဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အန္တရာယ်ဆန်းစစ်ချက်တွေ လုပ်ပေးတာနဲ့ အကြံဉာဏ်ပေးတာမျိုးတွေ လုပ်ဆောင်နေကြပါတယ်11။ တရုတ်ကတော့ မြန်မာ-တရုတ်ဖက်စပ် လုံခြုံရေးကုမ္ပဏီ တည်ထောင်ဖို့အတွက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်12။ အိန္ဒိယအနေနဲ့ ဘယ်ဘက်ကိုပဲရွေးရွေး ပြည်တွင်းလူထုရဲ့ ဆန့်ကျင်မှုကို ခံရနိုင်ခြေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ အိန္ဒိယစီမံကိန်းတွေတည်ရှိရာ ဒေသတွေက တိုင်းရင်းသားတွေဟာ ဒီလို ပြည်ပကျောထောက်နောက်ခံပြုထားတဲ့ ပုဂ္ဂလိကလုံခြုံရေးအဖွဲ့တွေကို စစ်ကောင်စီရဲ့ အကူတပ်တွေအဖြစ် ရှုမြင်ကြပြီး သူတို့ တန်ဖိုးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိပါးလာမှာ စိုးရိမ်ကြလို့ပါပဲ။
ကိုးကားချက်များ
- https://www.ijfmr.com/papers/2024/4/26857.pdf ↩︎
- https://infra.economictimes.indiatimes.com/news/roads-highways/india-myanmar-thailand-highway-indian-envoy-reviews-progress-on-key-project-in-myanmar/123039245 ↩︎
- https://www.pib.gov.in/PressReleasePage.aspx?PRID=1922176®=3&lang=2 ↩︎
- https://www.business-standard.com/economy/news/india-myanmar-rare-earth-kia-rebel-supply-deal-china-mining-control-125091000378_1.html ↩︎
- https://www.brookings.edu/articles/operation-1027-changing-the-tides-of-the-myanmar-civil-war/
↩︎ - https://cnimyanmar.com/index.php/english-edition/9120-no-foreign-troops-shall-be-deployed-in-myanmar-snr-gen
↩︎ - https://press.un.org/en/2018/gashc4246.doc.htm#:~:text=The%20Third%20Committee%20(Social%2C%20Humanitarian%20and%20Cultural),Abductions%20*%20Arbitrary%20detention%20*%20Sexual%20violence ↩︎
- https://humanrightsmyanmar.org/chinese-security-companies-exacerbate-human-rights-violations-in-myanmar/ ↩︎
- https://www.theweek.in/news/defence/2024/09/04/will-india-ever-have-private-army-like-wagner-group-heres-what-former-iaf-chief-rks-bhadauria-thinks.html#:~:text=In%20an%20interview%20to%20Bharat,of%20control%20over%20military%20operations.%22 ↩︎
- https://www.intelligenceonline.com/europe-russia/2024/05/07/retired-us-marine-opens-doors-for-security-firms-in-myanmar,110223644-art ↩︎
- https://www.france24.com/en/20190321-former-blackwater-contractor-myanmar-security-venture ↩︎
- https://www.voanews.com/a/china-s-joint-security-proposal-sparks-controversy-in-myanmar/7870325.html ↩︎
