ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

စစ်အုပ်စု၏ရွေးကောက်ပွဲ လာရာနှင့် လားရာ – လမ်းဆုံလမ်းခွပေါ်က နွေဦးတော်လှန်ရေး

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွေမှာ အတိုက်အခံအားလုံးကို ပါဝင်အောင်ကြိုးစား၊ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ထိုက်သင့်တဲ့ လွတ်လပ်ခွင့်တွေကို ဖြေလျှော့ပြီးမှ လုပ်ကြတာပါ။  စစ်အုပ်စုကတော့ အတိုက်အခံအကုန်လုံးကို ထောင်ထဲထည့်၊ ပါတီဖျက်သိမ်း၊ ဖိနှိပ်ထားပြီး အားလုံးကို စိတ်တိုင်းကျ ချည်နှောင်ထားပါတယ်။ အကြမ်းဖက်မှုတွေလည်း ပိုလုပ်နေပါတယ်။
By  ကိုပိုင်ဆက်  | December 12, 2025

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ မကြာခင်ကျင်းပတော့မှာပါ။ ကဏ္ဍစုံဖျော်ဖြေရေးသမားတွေနဲ့ ဝါဒဖြန့်လုပ်ငန်းကို တွန်းတွန်းတိုက်တိုက်လုပ်ဆောင်တာ၊ နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်မှုတွေလုပ်တာ၊ လတ်တလောလေးမှာတင် ၅၀၅ အမှုတွေပိတ်သိမ်းတာနဲ့ လွတ်ငြိမ်းချမ်းသာခွင့်တချို့ပေးတာတွေအပါအဝင် တကယ်ကို ‘အသွင်ကူးပြောင်းရေး’တရပ်လုပ်နေတဲ့ပုံပေါက်လာအောင် တဆင့်ချင်းလုပ်ဆောင်နေတာကို တွေ့ရပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တယ်၊ တရားဝင်မှုရရှိအောင် အလိမ်အညာနည်းနဲ့ ကြိုးပမ်းချက်တရပ်ဖြစ်တယ်ဆိုတာ အများသိဖြစ်ပေမဲ့ ဒီဆောင်းပါးဟာ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန်မှာ ဖြစ်လာနိုင်ခြေတချို့အတွက် မှန်းဆချက် အကောက်အယူမှန်ကူကွက်တချို့ကို တင်ပြဖို့ ကြိုးစားထားတာဖြစ်ပါတယ်။ 

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

အတုအယောင်ရွေးကောက်ပွဲ၏ လာရာ၊ စစ်ခေါင်းဆောင်၏ ပုဂ္ဂလိကရည်မှန်းချက်နှင့် တရုတ်၏ တရားဝင်ဩဇာခံ

ပထမဆုံးကောက်ချက်ချချင်တာကတော့ စစ်အုပ်စုဟာ အာဏာရှင်အဖြစ် အပီအပြင်ရပ်တည်ဖို့ ‘ဇ’မရှိဘူးဆိုတာပါ။ စစ်အုပ်စုရဲ့ လက်ရှိမျိုးဆက်ဟာ စစ်တပ်သမိုင်းမှာ မကြုံဖူးလောက်အောင်ကို ပြည်သူလူထုရဲ့ နည်းမျိုးစုံခုခံတော်လှန်စစ်နဲ့ ကြုံရပြီး နိုင်ငံထက်ဝက်ကျော်ခန့် ထိန်းချုပ်နိုင်စွမ်း လက်လွတ်ဆုံးရှုံးရ၊ စစ်တပ်အင်အားအချည့်နဲ့ဆုံး အခြေအနေထိ ကြုံကြရသူတွေလို့ ပြောလို့ရပါတယ်။  ဒါဟာ အကြောက်တရားနဲ့၊ လက်နက်နဲ့ တိုင်းပြည်ကိုအုပ်စီးထားချင်တဲ့ စစ်အုပ်စုရဲ့ အစဉ်အလာအတွက်တော့ သတိပေးခေါင်းလောင်းသံပါပဲ။ တိုင်းပြည်ကို တံခါးပိတ်ထားပြီး လက်နက်အားကိုးနဲ့ အာဏာရှင်ဆက်လုပ်မယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးချိန်ခွင်လျှာ ပိုသာသွားတဲ့ကာလမှာ လည်ပင်းကြိုးကွင်းစွပ်ခံရတော့မယ့် အရေးကို စိုးရိမ်လာပုံပါ။ ဒါကြောင့်လည်း ရွေးကောက်ပွဲနဲ့ ထွက်လမ်းရှာတာပါပဲ။ 

ဒုတိယတခုကတော့ စစ်ခေါင်းဆောင်ရဲ့ ပုဂ္ဂလိကရည်မှန်းချက်ပါ။ စစ်ခေါင်းဆောင်ဟာ ပင်ကို ကိုယ်ရည်ကိုယ်သွေးအရ ထက်ထက်မြတ်မြတ်ရှိတဲ့သူမဟုတ်တဲ့အပြင် ဗိုလ်သန်းရွှေတို့လို ဗျူဟာသမားမဟုတ်ပေမဲ့ မနည်းလှတဲ့ ပုဂ္ဂလိကရည်မှန်းချက်တွေ ရှိသူဖြစ်ပါတယ်။ ဒီအထဲမှာ ပြုပြင်ပြောင်းလဲရေးသမား တယောက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူလူထုက ယုံကြည်ကိုးစားချစ်ခင်တဲ့ ခေါင်းဆောင်တယောက်ဖြစ်ချင်မှု စတာတွေ ပါဝင်ပါတယ်။ ရွေးကောက်ပွဲဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးအသက်ရှူပေါက်ဖြစ်ဖို့အပြင် စစ်ခေါင်းဆောင်ရဲ့ ပုဂ္ဂလိကအိပ်မက်တွေကို ဖြည့်ဆည်းဖို့ဆိုလည်း ဟုတ်ပါတယ်။ စစ်အုပ်စုဟာ အာဏာသိမ်းပြီးကတည်းက ပါတီစုံရွေးကောက်ပွဲလုပ်ဖို့ တကြော်ကြော်ဟစ်လာပေမဲ့ လုပ်နိုင်စွမ်းမရှိခဲ့ဘဲ အခုကာလမှသာ တရုတ်အစိုးရရဲ့ ထောက်ပံ့မှုတွေကြောင့် ရုပ်လုံးပေါ်လာတာ အများအသိပါ။ နိုင်ငံကို စစ်ဖိနပ်အောက် ထပ်ပြီးဆွဲသွင်းထားဖို့အပြင် တရုတ်နိုင်ငံရဲ့ ဒေသတွင်း ဩဇာစက်ဝန်းဖြန့်ကြက်မှုအောက်ကို ထိုးကျွေးလိုက်တယ်လို့ ဆိုရမှာပါ။ 

ဘယ်ကြောင့်ငြင်း၊ ဘယ်ကြောင့်ဆန့်ကျင်

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွေမှာ အတိုက်အခံအားလုံးကို ပါဝင်အောင်ကြိုးစား၊ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ထိုက်သင့်တဲ့ လွတ်လပ်ခွင့်တွေကို ဖြေလျှော့ပြီးမှ လုပ်ကြတာပါ။  စစ်အုပ်စုကတော့ အတိုက်အခံအကုန်လုံးကို ထောင်ထဲထည့်၊ ပါတီဖျက်သိမ်း၊ ဖိနှိပ်ထားပြီး အားလုံးကို စိတ်တိုင်းကျ ချည်နှောင်ထားပါတယ်။ အကြမ်းဖက်မှုတွေလည်း ပိုလုပ်နေပါတယ်။ ပြောရရင် နိုင်ငံရေးစိတ်စေတနာချင်း ကွာပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲစံနှုန်းတွေကလည်း ဘယ်စံနှုန်းနဲ့မှ ကိုက်ညီမှုရှိမနေပါဘူး။ ဒါကြောင့်လည်း အာဆီယံကအစ ဒီရွေးကောက်ပွဲဟာ မယုံကြည်ရကြောင်းပြောနေကြပြီး စောင့်ကြည့်လေ့လာသူတွေ မစေလွှတ်ကြတာဖြစ်ပါတယ်။ 

တော်လှန်ရေး၏ ကိုယ်ခံအားကို စမ်းသပ်မည့် ရွေးကောက်ပွဲအလွန်

စစ်အုပ်စုက ကြိုးကိုင်ထားတဲ့ ဟန်ပြအရပ်သားအစိုးရတရပ်နဲ့ အသွင်ပြောင်း စစ်အာဏာရှင်စနစ်တခု ပေါ်ပေါက်အခြေတည်သွားမယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေဘက်က မချင့်မရဲဖြစ်စရာပါ။ ရွေးကောက်ပွဲအလွန်မှာ ဖြစ်လာနိုင်ခြေ တချို့ကို ဆွေးနွေးချင်ပါတယ်။ ဒါတွေဟာ တထစ်ချဖြစ်မယ်လို့တော့ မဆိုလိုပါဘူး။​ 

ပထမတခုကတော့ အရပ်ဘက်ဘောင်ကို နေရာချဲ့ တိုးဝင်ချင်သူတွေနဲ့ လက်ရှိအတိုင်း တော်လှန်ရေးကိုဆက်သွားမယ့်သူတွေဆိုပြီး ကွဲပြားနိုင်ခြေပါ။ ၂၀၁၁ တုန်းကလို လမ်းကြောင်းသစ်နဲ့ ဝင်ကစားဖို့ ဆုံးဖြတ်သွားတဲ့သူတွေ ပေါ်လာနိုင်ပါတယ်။ စစ်အုပ်စုရဲ့ ၅၀၅ ကင်းလွတ်ခွင့်ကြေညာမှုဟာ ဒီလိုဖြစ်စဉ်တွေအတွက် ရည်ရွယ်တာပါပဲ။ သက်ဆိုင်ရာ အစုအဖွဲ့တွေအနေနဲ့ ကြိုတင်သတိထားပြင်ဆင်သင့်ပါတယ်။ 

နောက်တခါ လက်နက်ကိုင်တော်လှန်ရေးနဲ့ပတ်သက်ရင်လည်း စစ်အုပ်စုဟာ ရွေးကောက်ပွဲအလွန်မှာ လုပ်နိုင်ခြေသုံးခု ရှိမယ်လို့ စဉ်းစားမိပါတယ်။  (၁) စစ်ဘောင်ကို အလွန်အမင်းထပ်ချဲ့ပြီး တချို့အဖွဲ့တွေကို ချေမှုန်းဖို့ ကြိုးစားလာနိုင်ပါတယ်။ အညာနဲ့ တခြားဗမာဒေသတွေဟာ ဒီဒဏ်ကိုခံရနိုင်ပါတယ်။ (၂) တရုတ်ဩဇာသက်ရောက်တဲ့ အဖွဲ့တွေကို တရုတ်ဩဇာသုံးပြီး NCA ဒါမှမဟုတ် တခြားအပစ်ရပ်သဘောတူညီမှုမျိုးနဲ့ နယ်မြေအုပ်ချုပ်ခွင့် အာမခံချက်ပေးလာနိုင်ပါတယ်။ (၃) အင်အားနည်းပါး ဒါမှမဟုတ် NUG နဲ့ EAO တွေရဲ့ ကွပ်ကဲမှုစနစ်(CoC) နဲ့ အဆက်အစပ်မရှိတဲ့ အဖွဲ့တချို့ကို လုပ်ပိုင်ခွင့်လို၊ နယ်မြေလို မက်လုံးပေးပြီး သူ့ဩဇာအောက် ဆွဲသွင်းနိုင်ပါတယ်။ 

ဒီလိုမျိုး တော်လှန်ရေးဘက်မှာ ဘက်ကွဲ၊ အင်အားယုတ်လျော့လာတဲ့အခါ နိုင်ငံတကာရဲ့ အမြင်ဟာလည်း ပြောင်းပြန်လန်သွားနိုင်ပါတယ်။  အဲဒီအခါ စစ်အုပ်စုအနေနဲ့ ပိုမိုခိုင်မာသွားပြီး ကျူးလွန်ခဲ့သမျှတွေအတွက် အပြစ်ပေးနိုင်ဖို့လည်း  ခဲယဉ်းကြန့်ကြာသွားပါလိမ့်မယ်။ 

တော်လှန်ရေးအင်အားစုများ မည်သည်ကို ဦးစားပေးမည်နည်း

ရွေးကောက်ပွဲဟာ ဘယ်လိုရလဒ်ထွက်ပဲထွက်ထွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ တော်လှန်ရေးအရှိန်၊ ဒီမိုကရေစီလှုပ်ရှားမှုအရှိန်ကိုတော့ ဆက်ပြီးမြှင့်တင်နေဖို့ လိုပါမယ်။ ဉာဏ်မီသလောက် တချို့အရာလေးတွေ အကြံပြုချင်ပါတယ်။ 

(က) မဲမပေးနဲ့ ဆန့်ကျင်ကြဆိုတဲ့ လှုံ့ဆော်မှုလောက်ဟာ နိုင်ငံရေးအယားဖြေမှုထက် မပိုပါဘူး။ ပြည်သူဟာ မဲမပေးဖို့ တကူးတက တိုက်တွန်းစရာမလိုပါ။ ရွေးကောက်ပွဲကို ဆန့်ကျင်ပေမဲ့ ရွေးကောက်ပွဲနေရာတွေမှာ စစ်ရေးဖော်ဆောင်တာမျိုး မလုပ်မိဖို့ အထူးသတိထားရမှာပါ။ မဟုတ်ရင်တော့ တော်လှန်ရေးရဲ့ အရှိန်အဝါဟာ ဇောက်ထိုးဆင်းရပါလိမ့်မယ်။ 

(ခ) NUG အစိုးရဟာ စစ်ရေးနဲ့ သံတမန်ရေးမှာ အောင်မြင်မှုတချို့ ရှိသလောက်ရှိပေမဲ့လည်း သိသာတဲ့ ပြောင်းလဲမှုတွေ လိုအပ်နေပါသေးတယ်။ အစိုးရတရပ်ရဲ့ ထုတ်ပြန်ချက်တွေဟာလည်း ပြည်သူရဲ့ အမြင်မှာ လှောင်ပြောင်စရာကောင်းနေတယ်ဆိုတာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါ။ 

(ဂ) သိသာတဲ့အရွေ့အတွက် ထိရောက်တဲ့ စုဖွဲ့မှု ဒါမှမဟုတ် တပ်ပေါင်းစုဖွဲ့နိုင်ဖို့အတွက် ကြိုးပမ်းရပါမယ်။ NUCC လို စုဖွဲ့မှုမျိုးဟာ လုံလောက်မှုမရှိတော့ပါဘူး။ NUG အနေနဲ့လည်း တခြား EAO တွေနဲ့ မဟာမိတ်ဖွဲ့ဖို့ လုပ်ဆောင်တဲ့အခါ ဗဟိုအာဏာကိုပဲ အလွန်အမင်းခုံမင်နေမှုကို ပြန်လည်သုံးသပ်သင့်ပါပြီ။ 

(ဃ) အင်အားစုတွေကြားထဲမှာ တိကျရှင်းလင်းတဲ့ ဗျူဟာလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးအခင်းအကျင်းတခုကို ပြသထားနိုင်တဲ့ လမ်းပြမြေပုံ ပဋိညာဉ်လိုပါတယ်။  ဒီပဋိညာဉ်ကို အစုအဖွဲ့အသီးသီးရဲ့ မြေပြင်အင်အား၊ ဒီဖက်တိုအာဏာနဲ့ ဖြစ်ဖြစ်၊ မြေပြင်စိုးမိုးမှု၊ လူထုထောက်ခံမှု စတာတွေနဲ့ ချည်နှောင်ထားနိုင်ဖို့တော့လိုပါတယ်။ အင်အားနဲ့ ချည်နှောင်မှုမရှိတဲ့ ပဋိညာဉ်ဟာ ပင်လုံစာချုပ်ဖြစ်ဖြစ် လေထဲကစကားထက် မပိုပါ။ ဒီနေရာမှာ အင်အားဆိုတာ အားလုံးအကျုံးဝင်ပါတယ်။ 

နိဂုံးချုပ်အနေနဲ့ပြောရရင် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံရေးအသက်ရှူပေါက်ရဖို့နဲ့ တိုင်းပြည်ကို စစ်ဖိနပ်အောက်မှာ ဆက်နင်းထားဖို့အတွက် ကြိုးပမ်းမှုဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း နိုင်ငံရေးဦးဆောင်မှုကို ပြသဖို့လိုအပ်နေတဲ့ အချိုးအကွေ့ကာလကို ရောက်ရှိလို့နေပါတယ်။ နိုင်ငံရေးဆုံးဖြတ်ချက်ဆိုတာ ပြည်သူအားလုံး ဝင်ချမှတ်စရာ အခါခပ်သိမ်းမလိုပါ။ နိုင်ငံရေးခေါင်းဆောင်မှုနေရာရောက်နေတဲ့ အစုအဖွဲ့အသီးသီးက နိုင်ငံရေးအီလစ်လူနည်းစုကသာ နိုင်ငံနဲ့ ပြည်သူကို မျက်နှာမူပြီး ဆုံးဖြတ်နိုင်ဖို့ပဲ လိုပါတယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles