ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

သေနတ်ပြောင်းဝဥပဒေဖြင့် အာဏာဆက်ချုပ်ကိုင်မည့် စစ်ခေါင်းဆောင်

လွှတ်တော်ကနေတဆင့် သမ္မတရာထူး ခန့်အပ်လက်ခံပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကိုပါ ပူးတွဲရယူထားတာမျိုး ဖြစ်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေက လွှတ်တော်က ဥပဒေတချို့ကို ပြင်ဆင်ပြဋ္ဌာန်းကာ စစ်တပ်ကို ထိန်းချုပ်နိုင်တဲ့ ကော်မရှင်တရပ် ဖွဲ့စည်းပြီး စစ်ဘက်ကော်မရှင်ဥက္ကဋ္ဌနေရာနဲ့ သမ္မတရာထူး ပူးတွဲရယူတာမျိုး ဖန်တီးလုပ်ဆောင်လာနိုင်ပါတယ်။
By  နောင်ရိုး  | December 26, 2025

စစ်ကောင်စီက တဖက်သတ်ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအလွန်ကာလ နိုင်ငံရေးအခင်းအကျင်းမှာ အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အနာဂတ် ဘယ်လိုဆက်ရှိမလဲဆိုတာက ပြည်တွင်းရော၊ ပြည်ပမှာပါ စိတ်ဝင်စားနေကြတဲ့ကိစ္စရပ်ဖြစ်မယ် ထင်ပါတယ်။ မြန်မာ့အရေးလေ့လာသူတွေကလည်း စစ်ခေါင်းဆောင်ရဲ့ အနာဂတ်အခန်းကဏ္ဍအလားအလာကို အမျိုးမျိုးခန့်မှန်းသုံးသပ်နေကြပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်က လုပ်ခဲ့တဲ့ ကျားဖြန့်သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ခေါင်းဆောင်ရဲ့ အနာဂတ်ရာထူးနဲ့ဆက်စပ်ပြီး အရိပ်အမြွက် ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ စစ်ခေါင်းဆောင်နဲ့ပတ်သက်တဲ့ မေးမြန်းချက်အပေါ် “သမ္မတရွေးချယ်ရေးအဖွဲ့ကနေ ရွေးချယ်လိုက်ပြီးတော့မှ သူက ဥပဒေအရ အကျုံးဝင်ရင် လုပ်နိုင်ပါတယ်။ အဆင့်ဆင့် မဲပေးရွေးချယ်ရတာ ဖြစ်တယ်။ မဲပေးပြီး ဖြစ်လာရင်တော့လည်း သမ္မတလုပ်နိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပဲ ဖြစ်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေခဲ့တာပါ။ 

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

ဒီနေရာမှာ အထူးသတိထားစရာက “ဥပဒေအရအကျုံးဝင်ရင် လုပ်နိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပဲ ဖြစ်ပါလိမ့်မယ်”ဆိုတဲ့ စကားရပ်ကို သုံးလာတာပါ။ ဒီလိုပုံစံသဘောမျိုး ၂ဝ၂၁ စစ်အာဏာသိမ်းမှု မလုပ်ခင် ရက်ပိုင်းအလိုမှာ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောသွားခဲ့တဲ့ “တပ်မတော်က အာဏာမသိမ်းဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံအတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်”ဆိုတဲ့ စကားရပ်ကို ပြန်အမှတ်ရစေပါတယ်။ အာဏာသိမ်းပြီးနောက် ဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်သယောင် “၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ-၄၁၇ အရ နိုင်ငံတော်အရေးပေါ်အခြေအနေကြောင့် အာဏာထိန်းခြင်းသာ ဖြစ်တယ်”လို့ အကြောင်းပြခဲ့ပါတယ်။ အခုလည်း ရွေးကောက်ပွဲအလွန် အခင်းအကျင်းမှာ စစ်ခေါင်းဆောင်ရဲ့ တနည်းနည်းနဲ့ အာဏာရယူမှုပုံစံဟာ ဥပဒေနဲ့အညီပဲဖြစ်သယောင် ကြိုတင်လေသံပစ်လာခြင်း ဖြစ်ပါတယ်။

တကယ်တော့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရည်ရွယ်ဦးတည်ချက်က နိုင်ငံရဲ့ အမြင့်ဆုံးရာထူးနဲ့ အာဏာကို ဆက်လက်ရယူချင်နေတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ဖြစ်နိုင်ခြေရှိတဲ့ အခင်းအကျင်းက လွှတ်တော်ကနေတဆင့် သမ္မတရာထူး ခန့်အပ်လက်ခံပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကိုပါ ပူးတွဲရယူထားတာမျိုး ဖြစ်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေက လွှတ်တော်က ဥပဒေတချို့ကို ပြင်ဆင်ပြဋ္ဌာန်းကာ စစ်တပ်ကို ထိန်းချုပ်နိုင်တဲ့ ကော်မရှင်တရပ် ဖွဲ့စည်းပြီး စစ်ဘက်ကော်မရှင်ဥက္ကဋ္ဌနေရာနဲ့ သမ္မတရာထူး ပူးတွဲရယူတာမျိုး ဖန်တီးလုပ်ဆောင်လာနိုင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအရည်အချင်း သတ်မှတ်ချက်မှာ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အငြိမ်းစားယူရမယ်လို့ သတ်မှတ်ထားတာကြောင့် စစ်ခေါင်းဆောင်အနေနဲ့ သမ္မတရာထူး လက်ခံရယူပါက ဝန်ထမ်းရာထူးဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကို စွန့်လွှတ်ရမယ့်သဘောလို့ သုံးသပ်နားလည်ထားကြပါတယ်။ ဒါကြောင့် စစ်တပ်ကို ချုပ်ကိုင်ပြီး အာဏာရယူ တည်ဆောက်ထားတဲ့ စစ်ခေါင်းဆောင်အနေနဲ့ တပ်ချုပ်ရာထူးကို စွန့်လွှတ်မလားဆိုတာကို မေးခွန်းထုတ်လာကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအကြောင်းကိစ္စနဲ့ပတ်သက်ပြီး ၂၀၂၀ နိုဝင်ဘာလထဲမှာ ရွေးကောက်ပွဲအကြိုကာလ အငြင်းပွားမှုတွေရှိခဲ့စဉ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “၂ဝဝ၈ ဖွဲ့စည်းပုံ ပုဒ်မ-၂၆(က) အရ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမည်ဟု ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ-၁(င) အရ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း တရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဥပဒေအရ အကျုံးဝင်ခြင်းမရှိစေရဟု ပြဋ္ဌာန်းထားပါတယ်”ဆိုပြီး ကိုးကားပြောဆိုခဲ့တာ ရှိပါတယ်။ တပ်မတော်သားတွေဟာ လက်နက်ကိုင်တွေ ဖြစ်တာကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေ သတ်မှတ်ချက်တွေနဲ့ မသက်ဆိုင်ဘူး၊ ထူးခြားတဲ့ ဝိသေသတာဝန် ထမ်းဆောင်နေသူတွေအဖြစ် ဖော်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလို အကြောင်းအချက်တွေကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုသလိုအနက်ဖွင့်ဆိုကာ “တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံ့ဝန်ထမ်းမဟုတ်သဖြင့် သမ္မတရာထူးနှင့် ပူးတွဲရယူနိုင်သည်”ဆိုတဲ့ ပုံဖော်ဝါဒဖြန့်မှုတွေနဲ့ အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းလာနိုင်ပါတယ်။ ဒါကြောင့် စစ်ခေါင်းဆောင်ဟာ အခုကတည်းက စစ်ခေါင်းဆောင်ဟာ အရပ်ဘက်ဆိုင်ရာကိစ္စရပ်တွေမှာ ‘ယာယီသမ္မတ’၊ စစ်ဘက်ဆိုင်ရာ တာဝန်တွေမှာ ‘တပ်မတော်ကာကွယ်ရေးဦးစီးချုပ်’ဆိုပြီး ပုံဖော်အသုံးပြုနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ အာဏာလောဘအတွက် အခြေခံဥပဒေကို ကစားစရာသဖွယ် လိုသလိုအသုံးချဖို့ရာ ဝန်လေးမယ့်သူ မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို
စစ်တပ်က ကာကွယ်ထိန်းသိမ်းရမယ်လို့ အကြိမ်ကြိမ်ပြောကြားခဲ့သလို လိုအပ်ရင် ဖျက်ပစ်ရမှာပဲလို့
ပြန်ပြောင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးချိန်ကစလို့ စစ်ခေါင်းဆောင်ဟာ
ဥပဒေအနက်အဓိပ္ပာယ်တွေကို လိုသလိုဖွင့်ဆို အသုံးချလာခဲ့တာပဲ ဖြစ်ပါတယ်။

လာမယ့် ဟန်ပြရွေးကောက်ပွဲကလည်း သူ့ရဲ့ ဥပဒေဘောင်အတွင်းက အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ဖို့ရာ ကြားခံဖန်တီးထားတဲ့ လုပ်ဇာတ်တခုမျှသာ ဖြစ်ပါတယ်။ အာဏာကို လက်နက်အားကိုး ရယူခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံကို အကာအကွယ်ယူ လိုသလိုဖွင့်ဆိုပြီး ဒီမိုကရေစီ အမည်ခံသက်သက်နဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ပြင်ဆင်နေခြင်းသာဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါတယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles