ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ဒီဂျစ်တယ် သတိ၊ ဒီဂျစ်တယ် တာဝန်ယူမှု

စစ်တပ်ရဲ့ သတင်းကွန်ရက်တည်ဆောက်ထားမှုနဲ့ အမိန့်စီးဆင်းမှုပုံစံတွေ သိရှိထားဖို့လိုအပ်သလို တော်လှန်ရေးတပ်တွေရဲ့ စည်းကမ်းလိုက်နာဖို့နဲ့ ဒီဂျစ်တယ်လုံခြုံရေးအားနည်းတာ၊ တော်လှန်ရေးတပ်တွေအပေါ်မှာ ဘယ်သူက တာဝန်ရှိလို့ ဘယ်လိုတာဝန်ယူမလဲဆိုတာတွေက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ 
By  ကိုဉာဏသစ်  | January 6, 2026

အမြန်လမ်းမှာ ပီဒီအက်ဖ်တွေကို အားပေးစကားပြောခဲ့တဲ့သူတယောက် ရန်ကုန်မှာ အဖမ်းခံလိုက်ရတဲ့အကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေမှာ တွေ့ရပါတယ်။ အမြန်လမ်း မိုင်တိုင်-၃၃၂ အနီးမှာ ခရီးသွားလာသူတွေကို စစ်ဆေးတဲ့ ပီဒီအက်ဖ်တွေကို အားပေးစကားပြောခဲ့တာကြောင့် နောက်တရက်ညပိုင်းမှာပဲ ရန်ကုန် လှိုင်မြို့နယ်မှာ စစ်တပ်ရဲ့ဖမ်းဆီးတာကို ခံလိုက်ရတာပါ။ ဒါက စစ်ကောင်စီရဲ့ တရားဝင်မှုအတွက် လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲပထမပိုင်း ပြုလုပ်တဲ့နေ့ဖြစ်တာကြောင့်လည်း စစ်တပ်ဆန့်ကျင်သူတွေကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ပြတယ်လို့လည်း ယူဆစရာရှိပါတယ်။

ဒီဖြစ်ရပ်မှာ စစ်တပ်ရဲ့မတရားဖမ်းဆီးခြင်းကို ထောက်ပြဝေဖန်တာတွေ ရှိကြပေမဲ့ နောက်ကွယ်က ယန္တရားတွေကို ဘယ်သူကမှ အ‌ရေးတယူပြောဆိုကြတာ မတွေ့မိပါဘူး။ 

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

စစ်တပ်ရဲ့ သတင်းကွန်ရက်တည်ဆောက်ထားမှုနဲ့ အမိန့်စီးဆင်းမှုပုံစံတွေ သိရှိထားဖို့လိုအပ်သလို တော်လှန်ရေးတပ်တွေရဲ့ စည်းကမ်းလိုက်နာဖို့နဲ့ ဒီဂျစ်တယ်လုံခြုံရေးအားနည်းတာ၊ ဘယ်သူက တာဝန်ရှိလို့ ဘယ်လိုတာဝန်ယူမလဲဆိုတာတွေက တော်လှန်ရေးတပ်တွေအပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ 

အခုလိုဖြစ်ရပ်မှာ သတင်းထောက်လှမ်းဖို့အတွက် အဆင့်ဆင့်သော ထောက်လှမ်းရေးကွန်ရက်တွေက အလုပ်လုပ်ပါတယ်။ သတင်းပေးကွန်ရက်အဆင့်ဆင့်ကလည်း စိစစ်ပြီး သတင်းတက်တာတွေ ရှိပါတယ်။ ရရှိတဲ့ သတင်းတွေအပေါ်မှာအခြေခံပြီး ဘာလုပ်ရမယ်ဆိုတာက အမိန့်ပေးစနစ်တခုတည်းကနေ လာပါတယ်။ စစ်တပ်ရဲ့  mission အတွက် (အခုဖြစ်စဉ်မှာ အားပေးစကားပြောတဲ့သူကို ဖမ်းဆီးဖို့)အတွက် သတင်းစိစစ်တာ၊ အချက်အလက်အတည်ပြုတာ၊ သက်ဆိုင်ရာတပ်ဖွဲ့တွေကို ညွှန်ကြားတာတွေအားလုံးက အမိန့်ပေးစနစ် တခုတည်းကနေ တိုက်ရိုက်သွားပါတယ်။ စစ်တပ်ထောက်ခံသူတွေရဲ့ချန်နယ်တွေမှာ ဝိုင်းဝန်းလှုံ့ဆော်မှ စစ်တပ်က သိရပြီး ဖမ်းဆီးတယ်ဆိုတာမျိုးက ဖြစ်နိုင်ခြေနည်းပါတယ်။ အဲဒီစစ်တပ်အားပေးထောက်ခံသူတွေကို သတင်းထောက်လှမ်းတဲ့နည်းလမ်းတွေထဲက တခုအဖြစ် အသုံးချနိုင်ပေမဲ့ သူတို့ဖိအားပေးလို့ စစ်တပ်က လိုက်လုပ်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ 

၂၀၂၁ ခုနှစ်နောက်ပိုင်း တော်လှန်ရေးကာလအတွင်း စစ်တပ်ကိုအကြီးကျယ်ဆုံး ယှဉ်ပြိုင်အားစမ်းမှုတွေ ရှိခဲ့ပေမဲ့ လက်ရှိအချိန်ထိ စစ်တပ်အတွင်းမှာ chain of command (အမိန့်စီးဆင်းမှုစနစ်)ဆိုတာက အသက်ဝင်နေဆဲပါ။ အခုဖြစ်ပွားတဲ့ဖြစ်စဉ်ကိုကြည့်ရင် စကားပြောလိုက်တဲ့အချိန်ကနေ စတွက်မယ်ဆိုရင်တောင် ၃၇ နာရီ၊ တရက်ခွဲသာသာ အချိန်မှာ မိုင်ပေါင်း ၃၅၀ ကျော်လောက်က တခြားမြို့တခုမှာ ဖမ်းဆီးနိုင်တာပါ။ ဒါဟာ စစ်တပ်အနေနဲ့ သူ့ထိန်းချုပ်နယ်မြေမှာ သူဖမ်းချင်တဲ့သူကို ရအောင်ဖမ်းဆီးပြနိုင်ခြင်းက တော်လှန်ရေး အင်အားစုတွေအတွက်၊ တော်လှန်ရေးကိုထောက်ခံတဲ့အင်အားစုတွေအတွက် ကြီးမားပြီး လက်တွေ့ကျတဲ့ ခြိမ်းခြောက်မှုတခု ဖြစ်ပါတယ်။ 

တဖက်က တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကိုလည်း ကြည့်ကြရအောင်။ စစ်ရေးအရ အမြန်လမ်းတွေပေါ် တက်ရောက်စစ်ဆေးတာတွေဟာ မြေပြင်စစ်ဆင်ရေးအရဖြစ်စေ၊ စိတ်ဓာတ်စစ်ဆင်ရေးအရဖြစ်စေ လိုအပ်လို့ ဆောင်ရွက်ကြတယ်ဆိုပေမဲ့ မိမိတို့ရိုက်ကူးလိုက်တဲ့ရုပ်သံမှာပါဝင်တဲ့ အများပြည်သူရဲ့ ဘေးကင်းလုံခြုံမှု၊ အန္တရာယ်ကင်းရှင်းမှုကို မဖြစ်မနေဆောင်ရွက်ရမှာပါ။ လက်နက်ကိုင်တပ်ဖွဲ့ တခုရဲ့ စည်းကမ်းထဲမှာ မဖြစ်မနေထည့်သွင်းထားရမှာပါ။ 

စစ်တပ်က ဖမ်းဆီးလိုက်လို့ သတင်းမီဒီယာတွေပေါ် တက်လာတော့မှ ပြည်သူတွေရဲ့ဘေးကင်းလုံခြုံမှုကို မဆောင်ရွက်နိုင်ခဲ့တာဟာ တပ်ဖွဲ့ရဲ့ သတင်းလုံခြုံမှု အားနည်းတာလိုလို ခဝါချလို့မရပါဘူး။ တော်လှန်ရေးအစ ၂၀၂၁ ခုနှစ်လောက်မှာ သတင်းလုံခြုံမှုအားနည်းပြီး အွန်လိုင်းမီဒီယာတွေကနေ သတင်းပေါက်ကြားတာတွေက အတွေ့အကြုံအားနည်းတာကြောင့်လို့ ဆိုနိုင်ပေမဲ့ တော်လှန်ရေးကို ငါးနှစ်နီးပါး ဖြတ်သန်းပြီးချိန်အထိ တပ်ဖွဲ့ရဲ့စစ်စည်းကမ်းအနေနဲ့ တိတိပပမရှိသေးတာက အားနည်းချက်ဖြစ်နေပါတယ်။ 

လက်နက်ကိုင်ထားတဲ့တပ်ဖွဲ့တွေက စစ်ဆေးနေချိန်၊ မှတ်တမ်းရုပ်သံရိုက်ကူးနေချိန်မှာ ပြည်သူအနေနဲ့ အစ်ကိုကြီး/ညီလေး ဒါမှမဟုတ် ဆရာရယ် မီဒီယာပေါ်တင်ရင် ကျနော့်ပုံလေး ဝါးထားပေးပါနော်၊ ကားနံပါတ်လေး ဖျက်ထားပေးပါလို့ ဘယ်သူက ပြောရဲမလဲ။ တခါတရံမှာ ရုပ်သံရိုက်ကူးနေမှန်းတောင်မှ သိချင်မှသိနိုင်ပါလိမ့်မယ်။ ရုပ်သံရိုက်ကူးမှုတွေမှာလည်း အရိုက်ခံရသူတွေရဲ့ သဘောတူညီမှုကိုလည်း မရယူဘဲ မှတ်တမ်းတင်နေကြတာပါ။ တပ်ဖွဲ့ရဲ့ ဒီဂျစ်တယ်လုံခြုံရေးအသိအားနည်းတာ၊ သတိမမူမိလိုက်တာဟာ မရည်ရွယ်သော်လည်း ပြည်သူကို အန္တရာယ်တွင်းတွန်းပို့လိုက်ရာ ရောက်ပါတယ်။ အလားတူ စစ်ဆေးရေးလုပ်တဲ့နေရာတွေမှာလည်း ဓာတ်ပုံ ဒါမှမဟုတ် ရုပ်သံတွေရိုက်ကူးထားတာတွေ အများအပြားရှိဦးမှာပါ။ ဒါ့အရင်ကလည်း အမြန်လမ်းမပေါ်က စစ်ဆေးမှုတွေမှာဆိုရင်လည်း ရုပ်သံမှတ်တမ်းတွေ ထွက်ရှိခဲ့တာ တွေ့မြင်ရပါတယ်။ အဲဒီရိုက်ကူးမှုတွေမှာ ပါဝင်တဲ့သူတွေကိုလည်း စစ်တပ်က အခုလိုမထုတ်ပြန်ဘဲ ဖမ်းဆီးထားတာတွေရော ရှိနိုင်မလား တွေးဆစရာ ရှိပါတယ်။

အခုလိုဖြစ်စဉ်တွေမှာ တော်လှန်ရေးကို အားပေးမိလို့ အဖမ်းခံလိုက်ရတဲ့သူတွေအတွက် ဘယ်သူက တာဝန်ယူမလဲ။ အခုအချိန်ထိတော့ ပြည်သူ့အစိုးရ ဒါမှမဟုတ် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တရားဝင်စာထုတ်တာမျိုးမတွေ့ရပါဘူး။ တာဝန်ရှိပါတယ်လို့ ထုတ်ဖော်ပြောဆိုတာ၊ တောင်းပန်တာမျိုး မတွေ့မိသေးပါဘူး။ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည်ဆိုတာက စာရွက်ပေါ်မှာပဲရှိပြီး ပြည်သူကို တောင်းပန်တတ်တဲ့ အလေ့အထခေါင်းပါးလှတဲ့၊ မရှိသလောက်ကိုရှားပါးတဲ့ ကျနော်တို့နိုင်ငံမှာ ပြည်သူတွေကတော့ တန်ဖိုးထားမခံရဘဲ ခံဘက်ကချည်းပဲ ဖြစ်နေပါတယ်။

အဲဒီတော့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်စည်းကမ်းမှာ အွန်လိုင်းမီဒီယာတွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာတွေ၊ ပြည်သူတွေရဲ့ဘေးကင်းလုံခြုံမှုစည်းမျဉ်းတွေကိုပါ ထည့်သွင်းပြဋ္ဌာန်းရမှာပါ။ သဘောတရားရေးရာဆန်တဲ့ ယေဘုယျညွှန်ကြားချက်မျိုးမဟုတ်ဘဲ တိကျရှင်းလင်းပြီး လိုက်နာရလွယ်ကူတဲ့ စည်းကမ်းချက်အနေနဲ့ ပါရမှာပါ။ တပ်ဖွဲ့တချို့မှာပဲ ရှိရမှာ၊ ရှိနေတာမဟုတ်ဘဲ တော်လှန်ရေးတပ်ဖွဲ့တိုင်းမှာ စစ်စည်းကမ်းအနေနဲ့ ရှိရမှာပါ။ စစ်စည်းကမ်းသည် ဝိဝါဒကွဲပြားစရာ ဖြစ်လို့မရပါဘူး။ ဒါ့အပြင် ဒီလိုမီဒီယာမှာ မျှဝေမှုတွေအတွက် ဘယ်သူက တာဝန်ယူရမလဲ၊ တာဝန်ခံရမလဲဆိုတာကို တပ်ဖွဲ့ရဲ့ဖွဲ့စည်းပုံမှာပါ ထည့်သွင်းထားရမှာပါ။ တိုက်ပွဲအတွင်း ဒါမှမဟုတ် မြို့ပြအနီး စစ်ဆေးမှုတွေမှာ ရုပ်သံရိုက်ကူးမှုတွေကို ဘယ်သူက လုပ်ခွင့်ရှိလဲ၊ ဘယ်သူက မီဒီယာပေါ် တင်ခွင့်ရှိသလဲဆိုတာကိုပါ သတ်မှတ်တာဝန်ပေးထားရမှာပါ။ ဒီအတွက် တပ်ဖွဲ့ခေါင်းဆောင်တွေမှာ တာဝန်ရှိသလို ဒါတွေကို ကြီးကြပ်ဖို့၊ ညွှန်ကြားဖို့အတွက် တော်လှန်ရေးကိုဦးဆောင်နေတဲ့ ပြည်သူ့အစိုးရမှာလည်း တာဝန်ရှိပါတယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles