ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

အငြင်းပွားဖွယ် မြန်မာ့ရွေးကောက်ပွဲနှင့် ဝေဝါးနေဆဲ အိန္ဒိယ

မြန်မာ့ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်စဉ်တခုကတော့ စစ်ကော်မရှင်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ကရင်နီနဲ့ ရခိုင်ပြည်နယ်က တော်လှန်ရေးအင်အားစုတွေ အိန္ဒိယမြို့တော်ကို ရောက်ရှိနေခြင်းပါပဲ။
By  သီမာသင်ဂုပ္တ(Seema Sengupta)  | January 13, 2026

[သီမာသင်ဂုပ္တ (Seema Sengupta) သည် ကာလကတ္တားအခြေစိုက် သတင်းစာဆရာနှင့် ကော်လံဆောင်းပါးရှင်ဖြစ်ပြီး ISP Column တွင်လည်း ပုံမှန်ရေးသားလျက်ရှိသည်။​ ယခုဆောင်းပါးမှာ Seema Sengupta ပေးပို့လာသော“MYANMAR’S CONTROVERSIAL GENERAL ELECTION – AN INDIAN PERSPECTIVE” ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်စွာ ပြန်ဆိုထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်]

မြန်မာနိုင်ငံအတွင်းက စစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာ အထွေထွေရွေးကောက်ပွဲရဲ့ အပိုင်း-၁ နဲ့ ၂ ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နဲ့ ဇန်နဝါရီ ၁၁ ရက်တွေမှာ ကျင်းပခဲ့ပါတယ်1။ ဒီရွေးကောက်ပွဲကို သုံးပိုင်းခွဲ ကျင်းပနေပြီး နောက်ထပ်တပိုင်း ရှိဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ဒီရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရှုထောင့်တွေကနေကြည့်ရင် မြေပြင်မှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အပြောင်းအလဲတစုံတရာကို ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့တော့ မမျှော်လင့်နိုင်ပါဘူး။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အများဆုံးမျှော်လင့်နိုင်တာကတော့ မူဝါဒပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို တပ်မတော်က နောက်ကွယ်ကနေ ကြိုးကိုင်ထားမယ့် အရပ်သားအမည်ခံ အစိုးရတရပ် ပေါ်ထွန်းလာရေးပဲ ဖြစ်ပါလိမ့်မယ်။ 

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

ဝေဖန်သုံးသပ်သူတွေကတော့ ဒီမိုကရေစီကျင့်စဉ်လို့ အမည်တပ်ထားတဲ့ ဒီရွေးကောက်ပွဲဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ စစ်အုပ်ချုပ်ရေးကို တရားဝင်မှု (legitimacy) ဆိုတဲ့ ရွှေမှုန်ကြဲပေးဖို့ ရည်ရွယ်ပုံဖော်ထားတာသာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ကုလသမဂ္ဂကလည်း ဒီရွေးကောက်ပွဲဟာ ဖိနှိပ်မှုနဲ့ မတည်ငြိမ်မှုတွေကို ပိုပြီးဆိုးရွားစေမှာကို စိုးရိမ်နေပါတယ်2

ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးဖို့ ကြိုးပမ်းတယ်ဆိုပြီး ဖမ်းဆီးမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်3။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲဥပဒေသစ်အရ ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို နှောင့်ယှက်ဖို့ ဟောပြောတာ၊ စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဆန္ဒပြတာ ဒါမှမဟုတ် စာဖြန့်ဝေတာတွေလုပ်ရင် ထောင်ဒဏ် သုံးနှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး တခြားပြစ်မှုတွေအတွက် သေဒဏ်အထိ ပြစ်ဒဏ်ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်4။ ပိုဆိုးတာကတော့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်ပေါင်းများစွာသော နိုင်ငံရေးသမားတွေနဲ့ တော်လှန်ရေးအင်အားစုတွေဟာ ဒီနေ့အထိ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။ 

ဒီလို နောက်ခံအခင်းအကျင်းမျိုးမှာ အိန္ဒိယနိုင်ငံကတော့ နိုင်ငံရေးရပ်ဝန်းထဲက သက်ဆိုင်သူတွေ၊ အစုအဖွဲ့တွေ (stakeholders) အားလုံး ပါဝင်ရေးကို အလေးအနက်ထား ပြောဆိုထားပြီး မြန်မာနိုင်ငံအတွင်း လွတ်လပ်တရားမျှတပြီး အားလုံးပါဝင်နိုင်မယ့် ရွေးကောက်ပွဲမျိုးကို ထောက်ခံအားပေးခဲ့ပါတယ်။ ပုံမှန်အခြေအနေကို အမြန်ဆုံးပြန်ရောက်နိုင်ရေးအတွက် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အိန္ဒိယအစိုးရအနေနဲ့ တစိုက်မတ်မတ် ထည့်ဝင်သွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဂရုတစိုက်ရှင်းပြခဲ့ရပါတယ်5

ဒီနေ့မြန်မာနိုင်ငံမှာ အစိုးရယန္တရား လက်တံအားလုံးနဲ့ လူဦးရေထူထပ်ရာဒေသတွေဟာ စစ်ဘက်ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိရွေးကောက်ပွဲကနေ ကျိန်းသေပေါက် ထွက်ပေါ်လာမယ့်ရလဒ်ကတော့ လက်ရှိရလဒ်တွေမှာ ဖော်ပြနေသလိုပဲ စစ်တပ်နဲ့ မဟာမိတ်ပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ အနိုင်ရရှိမှုပဲ ဖြစ်ပါလိမ့်မယ်6။ တကယ်တမ်းပြောရရင် USDP ဆိုတာ စစ်တပ်က ယတိပြတ်အာဏာကို ဆုပ်ကိုင်ထားနိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အာမခံချက်တွေနဲ့ တည်ဆောက်ထားတဲ့၊ ပါတီစုံစနစ်အတွင်းမှာ မဟာဗျူဟာမြောက် လက်နက်တခုအဖြစ် ပါဝင်လည်ပတ်နေတဲ့၊ အရပ်ဝတ်လဲထားတဲ့ စစ်အုပ်စုပဲ ဖြစ်ပါတယ်။

ဒီအခြေအနေကို သဘောပေါက်တဲ့ အိန္ဒိယနိုင်ငံဟာ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး Arun Kumar Sahni နဲ့ မဟာဗျူဟာရေးရာ လေ့လာသုံးသပ်သူ Atul Aneja တို့ နှစ်ဦးကို နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေအဖြစ် ပါဝင်ခွင့်ပြုခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အိန္ဒိယအစိုးရရဲ့ တရားဝင်ရာထူးအဆင့်အတန်း ရရှိထားတာမျိုး မရှိပေမဲ့ နေပြည်တော်လေဆိပ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်7

ဒါ့အပြင် မြန်မာနိုင်ငံမှာရှိကြတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့ ၁၁၃ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေက စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ပြင်းပြင်းထန်ထန် မေတ္တာရပ်ခံထားပေမဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမလားဆိုတဲ့ ကိစ္စအပေါ်မှာတော့ အိန္ဒိယအစိုးရအနေနဲ့ ဝေဝါးနေဆဲပါ8

မြန်မာ့ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်စဉ်တခုကတော့ စစ်ကော်မရှင်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ကရင်နီနဲ့ ရခိုင်ပြည်နယ်က တော်လှန်ရေးအင်အားစုတွေ အိန္ဒိယမြို့တော်ကို ရောက်ရှိနေခြင်းပါပဲ။ ဒါဟာ ၁၉၉၈ ခုနှစ်တုန်းက ရခိုင်အမျိုးသားရေးတော်လှန်ရေး ပထမဆုံးအကြိမ် အားကောင်းမောင်းသန် ပေါ်ထွက်လာဖို့ ကြိုးပမ်းမှုကို ပျက်ပြားစေခဲ့ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Operation Leech (မျှော့စစ်ဆင်ရေး)မှာ တိုင်းရင်းသားတော်လှန်ရေးသမားတွေကို သစ္စာဖောက်ခဲ့မိတဲ့အပေါ်  ပြန်လည်ကုစားတဲ့ သဘောများ ဖြစ်နေမလားလို့ တွေးစရာပါ။ မြန်မာနိုင်ငံအတွင်း ရွေးကောက်ပွဲ ပထမအသုတ် ကျင်းပပြီးတရက်အကြာ နယူးဒေလီမြို့မှာ သုတေသနအဖွဲ့ (Think Tank) တခုက စီစဉ်တဲ့ပွဲကို တက်ရောက်လာကြတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေကတော့ ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ရေး အိန္ဒိယရဲ့ ပြောဆိုချက်အပေါ် ကျေနပ်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်9

အိန္ဒိယနဲ့ မြန်မာအကြား ပြည်သူချင်းထိတွေ့ဆက်ဆံမှုဟာ ကာလအတီတေကတည်းက အမြစ်တွယ်နေတာဖြစ်ပြီး ရာစုနှစ်များစွာရှည်ကြာတဲ့ လူမျိုးနွယ်စုဆိုင်ရာဆက်နွှယ်မှုနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို အခြေခံထားပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် အိန္ဒိယဘက်ကို ထွက်ပြေးခိုလှုံခဲ့ရတဲ့ စစ်ဘေးရှောင် ၇၀,၀၀၀ လောက်ဟာ နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဝမ်းနည်းစရာကောင်းတာက အိန္ဒိယဟာ မြန်မာဒုက္ခသည်တွေကို စစ်ကော်မရှင်လက်ထဲ ပြန်ပို့ခဲ့ရုံသာမက စစ်လက်နက်တွေလည်း ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်10

စစ်ကော်မရှင်က မြန်မာပြည်သူတွေကို သတ်ဖြတ်နေတာတွေမှာ အိန္ဒိယက ကူညီပံ့ပိုးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေချိန်မှာပဲ အိန္ဒိယအစိုးရဲ့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးဟာ ရွေးကောက်ပွဲ ပထမအသုတ်မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ စစ်ကောင်စီရဲ့ တတိယသြဇာအကြီးဆုံးအာဏာပိုင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲအလွန် အခွင့်အလမ်းတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်11။ ဒါကြောင့် အိန္ဒိယဟာ မြန်မာ့ဒီမိုကရေစီ ပြန်လည်ရှင်သန်လာအောင် လှုပ်နှိုးမဲ့အစား အင်ဒို-ပစိဖိတ်ဒေသမှာ ဒီမိုကရေစီတန်ဖိုးတွေနဲ့ တရားဥပဒေစိုးမိုးရေးကို ကိုင်စွဲမယ်ဆိုတဲ့ သူ့ရဲ့ ကတိကဝတ်ကို ကိုယ်တိုင်ဖောက်ဖျက်နေတာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ သေချာတာကတော့ အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီယိုယွင်းပျက်စီးနေတာကို ပေါ့ပေါ့တန်တန် ဘေးဖယ်ထားလိုက်တာဟာ မြန်မာ့အတိုက်အခံတွေရဲ့ တိုက်ပွဲကို အကြီးအကျယ်ထိုးနှက်လိုက်တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာ့အရေး အိန္ဒိယရဲ့ကိုင်တွယ်ပုံ သမိုင်းကြောင်းဟာ ရှေ့နောက်မညီဘဲ ရှုပ်ထွေးနေတတ်ပါတယ်။ အိန္ဒိယအစိုးရဟာ ဒီမိုကရေစီလှုပ်ရှားမှုကို အရင်ကထောက်ခံခဲ့ပေမဲ့ ၁၉၉၃ ခုနှစ်ကစတင်ပြီး စစ်အစိုးရနဲ့ ပြန်လည်ဆက်ဆံဖို့ လမ်းကြောင်းပြောင်းခဲ့ဖူးပါတယ်12။ ‘အိန္ဒိယအကျိုးစီးပွားအတွက် ဆောင်ရွက်သည့် မည်သူ့ကိုမဆို ပေါင်းမည်’ဆိုတဲ့ ဒီမူဝါဒဟာ အောင်မြင်မှုတော့ မရခဲ့ပါဘူး။ မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ ဝေးကွာသွားပြီး တရုတ်ဘက်ကို ပါသွားခဲ့တဲ့အတွက် မဟာဗျူဟာလေဟာနယ် (strategic vacuum) တခု ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကြောင့်ပဲ နယူးဒေလီဟာ ဒီမိုကရေစီလိုလားတဲ့ သက်ဆိုင်သူတွေကို တက်တက်ကြွကြွ ပြန်လည်စည်းရုံးဖို့ ဖြစ်လာခဲ့ရပြန်ပါတယ်13

ရွေးကောက်ပွဲအလွန် တင်းမာမှုတွေဟာ အိန္ဒိယနိုင်ငံ (အထူးသဖြင့် မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်ဒေသတွေ)အပေါ် သက်ရောက်မှုရှိလာနိုင်တာကြောင့် နယူးဒေလီအနေနဲ့ မြန်မာနိုင်ငံမှာ သံတမန်ရေးအရ ဆက်ရှိရင်း စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေကို မရပ်တန့်ဘဲနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) တွေကို စစ်လက်နက်မဟုတ်တဲ့ အကူအညီ (non-lethal assistance) တွေ တိုးမြှင့်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီအင်အားစုတွေကို လူသားချင်းစာနာမှု၊ ပညာရေးနဲ့ ဆေးဝါးအကူအညီတွေကတဆင့် စွမ်းရည်မြှင့်တင်ပေးမှုတွေ ဆက်လုပ်သွားရပါမယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတခုအနေနဲ့ အိန္ဒိယဟာ ကိုယ့်စံတန်ဖိုးတွေကို အတင်းအကျပ်မသွတ်သွင်းဘဲ ဖိနှိပ်ခံရသူတွေအတွက် အသံတခုဖြစ်ပေးဖို့ မျှော်လင့်ရပါတယ်။

ကိုးကားချက်များ

  1. https://www.cnn.com/2025/12/27/asia/myanmar-election-civil-war-hnk-intl ↩︎
  2. https://news.un.org/en/story/2025/11/1166472
    ↩︎
  3. https://www.gnlm.com.mm/offenders-arrested-for-attempting-to-disrupt-elections/
    ↩︎
  4. https://www.thehindu.com/news/international/myanmar-junta-mandates-prison-sentences-for-election-critics/article69875100.ece
    ↩︎
  5. https://www.tribuneindia.com/news/world/india-calls-for-free-fair-and-inclusive-elections-in-myanmar-backs-transition-to-democracy/
    ↩︎
  6. https://www.channelnewsasia.com/asia/myanmar-pro-military-party-wins-first-phase-junta-run-election-official-results-5810981
    ↩︎
  7. https://m.economictimes.com/news/international/world-news/myanmar-holds-phase-1-of-three-phase-polls-india-sends-observer/articleshow/126223242.cms
    ↩︎
  8. https://timesofindia.indiatimes.com/city/guwahati/dont-recognise-junta-run-polls-myanmar-groups-appeal-to-india/articleshow/126044360.cms
    ↩︎
  9. https://www.thehindu.com/news/national/not-satisfied-with-indias-response-to-myanmar-polls-say-anti-junta-rebels/article70450555.ece
    ↩︎
  10. https://www.ohchr.org/en/press-releases/2023/05/un-expert-exposes-1-billion-death-trade-myanmar-military
    ↩︎
  11. https://share.google/ugNJRXHh1aa69QgdX
    ↩︎
  12. https://www.researchgate.net/publication/329119511_India-Myanmar_Relations_From_Idealpolitik_To_Realpolitik
    ↩︎
  13. https://www.reuters.com/world/asia-pacific/india-extends-unprecedented-invite-myanmars-anti-junta-forces-sources-say-2024-09-23/
    ↩︎

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles