၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် CDM ကျောင်းသားတွေအပါအဝင် မြန်မာလူငယ်အများစုဟာ အနာဂတ်အတွက် ပြည်ပကို ထွက်ခွာခဲ့ကြပါတယ်။ အဲဒီလို ထွက်ခွာရာမှာ ထိုင်းနိုင်ငံပြီးရင် နောက်ထပ်အများဆုံးရွေးချယ်ကြတဲ့ နိုင်ငံကတော့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ပဲ ဖြစ်ပါတယ်။
မြန်မာလူငယ်အများစု UAE ကို ရွေးရတဲ့ အဓိကအကြောင်းရင်းကတော့ ဗီဇာလျှောက်ရတာ လွယ်ကူတာ၊ အင်္ဂလိပ်စာ အသင့်အတင့်ပြောတတ်ရုံနဲ့ အလုပ်ရနိုင်တာ၊ ဘွဲ့လက်မှတ်မရှိလည်း အလုပ်ဝင်လို့ရတာတွေကြောင့်ပါ။ ဒါ့အပြင် ဒူဘိုင်းလို မြို့ကြီးတွေရဲ့ စွဲမက်ဖွယ်ရာ မိုးမျှော်တိုက်ကြီးတွေနဲ့ ဇိမ်ခံလူနေမှုဘဝကလည်း လူငယ်တွေကို ဆွဲဆောင်နေတဲ့ အချက်တခုပါပဲ။ CEIC global economic database ကနေ ရရှိထားတဲ့ နောက်ဆုံးစစ်တမ်းအရ အာဏာမသိမ်းခင် ၂၀၁၇ ခုနှစ်ကာလတုန်းက UAE မှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားအလုပ်သမားအရေအတွက်ဟာ ၁၆,၀၀၀ ရှိပါတယ်။ အာဏာသိမ်းပြီးချိန်ကနေစပြီး အခုချိန်အထိဆိုရင် UAE မှာ လက်ရှိ မြန်မာလုပ်သားပေါင်း သိန်းဂဏန်းခန့်ရှိပြီလို့ ခန့်မှန်းရပါတယ်။
UAE မှာ အလုပ်လုပ်ကြတဲ့ မြန်မာလုပ်သားတွေ အများဆုံးကြုံရတာတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာပါပဲ။ အလုပ်အကိုင်ပေါတယ်လို့ယုံကြည်ပြီး ပိုက်ဆံသိန်းရာချီအကုန်ခံသွားပြီးမှ UAE မှာ အလုပ်မရလို့ အကြွေးတွေတင်ပြီး အိမ်ပြန်သွားကြရတဲ့ သူတွေလည်း ဒုနဲ့ဒေးပါ။ ဒါ့ကြောင့် အလုပ်မရမှာစိုးလို့ ရရာအလုပ်ဝင်လုပ်ပြီး အလုပ်သမားအခွင့်အရေး ခေါင်းပုံဖြတ်ခံနေရ၊ အနိုင်ကျင့်ခံနေရတာတွေကိုလည်း ကြုံနေကြရပါတယ်။ ဒီလိုအခြေအနေတွေကို အလုပ်သမားတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပြီး တာဝန်ယူဖြေရှင်းပေးမယ့်အဖွဲ့အစည်းတွေဟာ UAE မှာ မရှိသလောက်နည်းပါးပါတယ်။
UAE မှာက မြန်မာငွေကြေးနဲ့ပြန်တွက်ရင် လစာငွေအများကြီးရတယ်ဆိုပေမဲ့လည်း ကုန်ဈေးနှုန်းနဲ့ ပြန်ချိန်လိုက်ရင် ဘာမှမကျန်လှပါဘူး။ ဥပမာ တလကို မြန်မာငွေ သိန်း ၃၀ ရတယ်ဆိုပါစို့။ အဲဒီထဲက ကိုးသိန်းလောက်က ပြတင်းပေါက်တောင်မရှိတဲ့ လေးပေ၊ ခြောက်ပေ အခန်းကျဉ်းလေးမှာ နှစ်ယောက်အိပ်ဖို့ သုံးရပါတယ်။ စားစရိတ်နဲ့ သွားလာစရိတ်တွေပါ နုတ်လိုက်ရင် တလကို ၁၀ သိန်းဝန်းကျင်ပဲ လက်ထဲကျန်ပါတယ်။ အဲဒီကျန်တဲ့ငွေလေးကလည်း ပြည်ပထွက်တုန်းကတင်ခဲ့တဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့နဲ့တင် တနှစ်ခွဲ၊ နှစ်နှစ်လောက် အချိန်ကုန်သွားရပါတယ်။ ဒါ့အပြင် အေးဂျင့်အမည်ခံပြီး လိမ်စားတဲ့သူတွေရဲ့ဒဏ်ကို ခံကြရတဲ့ လူငယ်တွေလည်း မနည်းမနောပါပဲ။ ဒူဘိုင်းမှာ အလုပ်ရှာရခက်ခဲတဲ့အတွက် ဈေးကွက်ထဲမှာ ဒူဘိုင်းအရောက် အလုပ်ရပြီး အပြီးအစီးကို သိန်း ၁၀၀ ဝန်းကျင်အထိ ဈေးပေါက်ပါတယ်။ အလုပ်ကအဆင်သင့်ရပြီးသားဆိုပေမဲ့ လစာအရမ်းနည်းတဲ့အတွက်ကြောင့် စားပြီးသောက်ပြီးဖယ်ရင် တလ ငါးသိန်းလောက်ပဲ လက်ထဲကျန်ပါတယ်။ ဒီအတွက်ကြောင့်ပဲ အေဂျင်စီကိုပေးခဲ့ရတဲ့ ပိုက်ဆံကို ပြန်ဆပ်ဖို့ဆိုရင် လပေါင်း၂၀ လောက်အထိ အလုပ်လုပ်မှသာ အရင်းပြန်ကျေပါတယ်။ မတော်လို့ အလုပ်က အဆင်မပြေဘူး၊ ထွက်ချင်တယ်ဆိုလည်း ပိုက်ဆံတွေ မတန်တဆလျော်ပြီးမှ ထွက်လို့ရတဲ့အတွက် ကိုယ့်အတွက်အကြွေးတွေ ပိုတက်လာဖို့ပဲ ရှိပါတော့တယ်။
တဖက်မှာလည်း မြန်မာပြည်မှာ မရနိုင်တဲ့ လွတ်လပ်မှုနဲ့အတူ ယှဉ်တွဲပါလာတဲ့ အထိန်းအကွပ်မဲ့ ပျော်ပါးမှုတွေကြောင့်ပဲ ပညာရေးဘက်ကို ပြန်လည်မလျှောက်လှမ်းနိုင်ကြတော့ဘဲ အိမ်ထောင်ရက်သားတွေကျ၊ ဒီလိုနဲ့ပဲ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေကို မတွန်းလှန်နိုင်ကြဘဲ ခါးစည်းခံနေကြရပါတယ်။ UNDP က စာရင်းပြုစုထားတဲ့ စာတမ်းရဲ့အဆိုအရ မြန်မာနိုင်ငံသား အသက် ၁၈ ကနေ ၂၄ နှစ်အကြား လူငယ်လေးဦးမှာ သုံးဦး (ငါးသန်းကျော်) ဟာ ပညာရေး ဒါမှမဟုတ် သင်တန်းတခုခုမှာ တက်ရောက်နေခြင်း မရှိတော့ပါဘူး။ အဲဒီလိုပဲ အာဏာသိမ်းမှုအလွန် ကျောင်းနားလိုက်ရပြီး UAE ကိုရောက်နေကြတဲ့ မြန်မာလူငယ်တွေအနေနဲ့ မိသားစုတာဝန်တွေနဲ့ “ငါ ကျောင်းပြန်တက်ဖို့ အရွယ်လွန်ပြီ”ဆိုတဲ့ အတွေးတွေကြောင့် ပညာရေးလမ်းကို ပြန်မလှည့်နိုင်ကြတော့ပါဘူး။
ပိုမိုကောင်းမွန်တဲ့ ဘဝကို တည်ဆောက်ဖို့ ပညာရေးက အရေးအကြီးဆုံးပါ။ မြန်မာလူငယ်တွေနဲ့ နိုင်ငံတကာပညာရေးအကြားမှာ ငွေကြေးအခက်အခဲက အကြီးမားဆုံး အဟန့်အတား ဖြစ်နေပေမဲ့ လက်ရှိအခြေအနေမှာ အလုပ်လုပ်ရင်း အချိန်ပေးနိုင်တဲ့ အခမဲ့ online platform တွေ (ဥပမာ – Coursera, EdX) ဒါမှမဟုတ် skills-based သင်တန်းတွေကို အသုံးချသင့်ပါတယ်။ အထူးသဖြင့် နည်းပညာ၊ ဘာသာစကားနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အရည်အချင်းတွေကို မြှင့်တင်ထားမှသာ အောက်ခြေအလုပ်တွေကနေ ပိုကောင်းတဲ့ ရာထူးတွေဆီ တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အချိန်တခုအထိ ပညာရေးနဲ့ အဆက်ပြတ်နေကြတဲ့ ပြည်ပရောက်မြန်မာလုပ်သားတွေအတွက် ပညာရေးအခွင့်အလမ်းတံခါးတွေကိုလည်း အစိုးရအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ထိုက်သင့်သလောက် ဖွင့်ပေးမထားတာကို တွေ့ရပါတယ်။
ဒီအချက်တွေကြောင့်ပဲ NGO တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အဲဒီ ပြည်ပရောက်လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းသစ်တွေကို ပြန်လည်ဖန်တီးပေးစေချင်ပါတယ်။ ပညာသင်ဆု (scholarship) တွေအပြင် အလုပ်လုပ်ရင်း သင်ယူနိုင်မယ့် vocational training တွေကို ပိုမိုပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ ပညာရေးဆုံးခန်းမတိုင်နိုင်ခဲ့သူတွေအတွက် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ရင်း ရှေ့ဆက်နိုင်မယ့် ‘တံတား’တခုကို ဖန်တီးပေးကြဖို့ မျှော်လင့်တောင့်တရင်း ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။
