အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်မှတ်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ပါတယ်။ အပိုင်းလိုက်ခွဲလုပ်တဲ့ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းပြီးချိန်၊ စစ်တပ်ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီက သောင်ပြိုကမ်းပြိုအနိုင်ရတာ သေချာပြီးချိန်မှာ ချိန်သားကိုက်ပြဋ္ဌာန်းလိုက်တာပါ။ အခုလို ချိန်သားကိုက်လှုပ်ရှားလာမှုအပြင် ဒီဥပဒေရဲ့ ရည်ရွယ်ချက်နဲ့ တာဝန်ကို သုံးသပ်မယ်ဆိုရင် ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းမှာ စစ်ခေါင်းဆောင်က အာဏာကို ဘယ်လိုဆက်ချုပ်ကိုင်သွားဖို့ ပြင်နေလဲဆိုတဲ့ ကစားကွက်ကို သုံးသပ်ကြည့်သင့်ပါတယ်။
အတိုင်ပင်ခံကောင်စီဥပဒေအရ ကောင်စီရဲ့ လုပ်ပိုင်ခွင့်က ကျယ်ပြန့်လွန်းပါတယ်။ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စတွေကို အကြံပေးတာ၊ ညှိနှိုင်းဆောင်ရွက်တာတွေလုပ်ဖို့ ဖွဲ့တာလို့ ဖော်ပြထားပါတယ်။ နိုင်ငံရဲ့ အရေးကြီးတဲ့ကိစ္စရပ်တိုင်းမှာ ဒီကောင်စီရဲ့ လုပ်ပိုင်ခွင့်ကို နိုင်ငံတော်သမ္မတက လိုသလို ချဲ့ထွင်နိုင်မှာပါ။ လုပ်ပိုင်ခွင့်နယ်ပယ်မှာ ထူးခြားချက်က အကြံပေးတာအပြင် ညှိနှိုင်းဆောင်ရွက်တာပါ လုပ်နိုင်ပါတယ်။ ဒါကြောင့် လုံခြုံရေး၊ ဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးကိုလုပ်မယ့် စစ်တပ်၊ တရားရေးနဲ့ နိုင်ငံတကာဆက်ဆံရေးကို ကိုင်တဲ့ ပြည်ထောင်စုအစိုးရနဲ့ ဥပဒေပြဋ္ဌာန်းတဲ့ လွှတ်တော်တို့ကို ဦးစီးညှိနှိုင်းဆောင်ရွက်ခွင့်ပါ ရှိပါတယ်။ ဆိုရရင် နိုင်ငံရဲ့ ပင်မမဏ္ဍိုင်သုံးခုဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတို့ရဲ့ ဗဟိုချက်မှာ ရှိနေပါတယ်။ သေချာတာက နိုင်ငံ့အနာဂတ်ကို ခြယ်လှယ်ဩဇာလွှမ်းနေမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်တဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေနဲ့တူတဲ့ အကွက်ရွှေ့မှုလို့ သုံးသပ်နေကြတာလည်း ရှိပါတယ်။ အဲဒီတုန်းက ဥပဒေကို The Counsellor of the State Law လို့ ခေါ်ပေမဲ့ အခုဥပဒေကိုတော့ Union Consultative Council Law လို့ ခေါ်ထားပါတယ်။ ကွာခြားချက်က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရပါတယ်။ အခုအတိုင်ပင်ခံကောင်စီဥပဒေမှာတော့ မဏ္ဍိုင်အချင်းချင်းအကြားက အပြန်အလှန် ထိန်းကျောင်းတာဝန်ခံရမှု (check and balance) ကို မတွေ့ရပါဘူး။ အခုဖွဲ့မယ့် အတိုင်ပင်ခံကောင်စီက ဘယ်သူ့ကိုမှ တာဝန်ခံစရာမလိုအပ်တာ တွေ့ရပါတယ်။
တကယ်လို့ စစ်ခေါင်းဆောင်က သမ္မတလုပ်ခဲ့မယ်ဆိုရင် သမ္မတအာဏာကိုင်စွဲပြီး ဒီကောင်စီရဲ့လုပ်ပိုင်ခွင့်တွေကို ခပ်ကျဉ်းကျဉ်းသတ်မှတ်တာ၊ သူဖယ်ရှားချင်တဲ့ လူတွေကို ချွေးသိပ်ဖို့ ဒီကောင်စီကို ပို့လိုက်တာ စတဲ့ အင်စတီကျူးရှင်းတခု ဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ် စစ်ခေါင်းဆောင်က သမ္မတမလုပ်ဘူးဆိုရင်တော့ ရုပ်သေးသမ္မတ တယောက်တင်၊ ကောင်စီရဲ့အာဏာကို ကျယ်နိုင်သမျှ ချဲ့ထွင်ပြီး မဏ္ဍိုင်သုံးခုရဲ့ အထက်ကနေ တပ်ကိုရော၊ အစိုးရကိုပါ ခြယ်လှယ်နိုင်မှာပါ။ သမ္မတကိုလည်း သိပ်မထက်မြက်၊ သိပ်ရုပ်မပေါက်တဲ့ သစ္စာခံတဦးဦးကို တင်ထားမှာပါ။
သမ္မတသိပ်ဖြစ်ချင်တဲ့ စစ်ခေါင်းဆောင်အနေနဲ့ သူ့ရဲ့သမ္မတအိပ်မက်က စွန့်စားရာကျတယ်လို့ အတွေးဝင်လာတာကြောင့် သမ္မတအထက်မှာ နေလို့ရမယ့် ရွေးချယ်စရာနောက်တခု ဖန်တီးထားပုံလည်း ရပါတယ်။ သမ္မတရာထူးကို ယူလိုက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို လက်လွှတ်ရမှာပါ။ နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သမ္မတရာထူး ယူလို့မရပါဘူး။ နိုင်ငံ့ဝန်ထမ်းဥပဒေပါ ပြဋ္ဌာန်းချက်တွေအတွက်ပဲ သီးသန့်အခွင့်အရေးရပေမဲ့ တပ်မတော်သားတွေက အဲဒီဥပဒေအရ နိုင်ငံ့ဝန်ထမ်းလို့ပဲ မှတ်ယူရမှာပါ။ ဒါကြောင့် သမ္မတရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူး အလဲအထပ်လုပ်ရမယ့် အခြေအနေမှာ တခြားရွေးချယ်စရာတခု ထပ်ဖော်ထုတ်လိုက်တာလို့ သုံးသပ်ရမှာပါ။ အများစုအနိုင်ရလာတဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့လည်း အပေးအယူစကားပြောရတာတွေ ရှိကောင်းရှိလာနိုင်ပါတယ်။
တကယ်လို့ စစ်ခေါင်းဆောင်က ကောင်စီရဲ့ ဥက္ကဋ္ဌလုပ်မယ်ဆိုရင် အခုကောင်စီဟာ တရုတ်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ ဗဟိုစစ်ကော်မရှင်နဲ့ ပုံသဏ္ဌာန် တူနိုင်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီဗဟိုစစ်ကော်မရှင်ကတဆင့် စစ်တပ်၊ ပေါလစ်ဗျူရို၊ ပါတီနဲ့ အစိုးရတခုလုံးကို ထိန်းချုပ်သလို စစ်ခေါင်းဆောင်ကလည်း အခုအခင်းအကျင်းအသစ်မှာ အာဏာကို သူ့လက်ထဲ ကျစ်ကျစ်ပါအောင် ဆက်ဆုပ်ကိုင်ထားဖွယ်ရှိပါတယ်။ အဖွဲ့ဝင် ငါးဦးထက်မနည်းပါမယ့် အခုကော်မရှင်မှာလည်း သူယုံကြည်ရတဲ့ လက်ရင်းတပည့်တွေကိုပဲ ထားဖို့ ရည်ရွယ်ထားပုံရပါတယ်။ အရည်အချင်းကန့်သတ်ချက် ဖော်ပြမထားတဲ့အတွက် သူယုံကြည်ရတဲ့ စစ်သားတဝက်၊ အရပ်သားတဝက် ဖွဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကလာတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ရဲ့ လုပ်ပိုင်ခွင့်နဲ့ ထပ်တူကျနေလို့ အင်စတီကျူးရှင်း ဖောင်းပွလာမှာပါ။ အင်္ဂါစဉ်အရကြည့်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေကလာတဲ့ ကာလုံက ရှေ့တန်းရောက်ရမှာပါ။ ဒါပေမဲ့ စစ်ခေါင်းဆောင်သာ ကောင်စီဥက္ကဋ္ဌဖြစ်လာရင် ကိန်းကြီးခန်းကြီးနိုင်တဲ့ စစ်ခေါင်းဆောင်အတွက် အင်္ဂါစဉ် ရှုပ်ထွေးမှု ဖြစ်လာမှာပါ။
အရင်ကာလတွေတုန်းက အခန်းကဏ္ဍတခု ပြောင်းခဲ့ကြတဲ့ ဦးနေဝင်းတို့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က အပြီးအပိုင်အနားယူလို့ အစိုးရသစ်ကို လုပ်ပိုင်ခွင့် ပေးခဲ့ကြပါတယ်။ ဒါကြောင့်ပဲ နောက်ပိုင်းမှာ သူတို့ ကံဆိုးမိုးမှောင်ကျတာတွေ ကြုံခဲ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒါကို သင်ခန်းစာ ယူပုံရပါတယ်။ အခြေမခိုင်ဆုံး အခြေအနေမှာ အသွင်ကူးပြောင်းရေးလုပ်ရတဲ့ စစ်ခေါင်းဆောင်အတွက် ကာချုပ်ရာထူးကို လက်လွှတ်လိုက်ဖို့က စွန့်စားလွန်းရာကျနေတာကြောင့် အတော်စဉ်းစားနေပုံ ရပါတယ်။ ဒါကြောင့် အာဏာဆက်လက်ချုပ်ကိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားချက်အပြင် ဖြစ်နိုင်သမျှ ရွေးချယ်စရာ ခပ်များများရအောင် ဖန်တီးချင်ပုံ ရပါတယ်။ စစ်ခေါင်းဆောင်အနေနဲ့ ရှေ့ကာကွယ်ရေးဦးစီးချုပ်တွေ ကြုံခဲ့ရတဲ့ လောကဓံကိုလည်း စဉ်းစားပုံရပါတယ်။
အနှစ်ချုပ်ရရင်တော့ စစ်ခေါင်းဆောင်ပြောတဲ့ ရွေးကောက်ပွဲအလွန် ဒုတိယစာမျက်နှာမှာလည်း ပထမ စာမျက်နှာက မျက်နှာတွေပဲ ဆက်လက်ကြီးစိုးနေဦးမှာပါ။ နည်းနည်းလေးမှ အံ့ဩမှင်တက် surprise ဖြစ်ဖွယ် မရှိပါဘူး။ အာဏာကို လိုသလောက်ချဲ့နိုင်မယ့် ဒီကောင်စီကြောင့် အာဏာကလည်း စစ်ခေါင်းဆောင်လက်ထဲမှာသာ ဆက်ထိန်းထားဖွယ် ရှိပါတယ်၊ ဘယ်သူ့ကိုမှ တာဝန်ခံစရာမလိုတဲ့ အကြွင်းမဲ့နီးနီးအာဏာကို ဆက်ကိုင်နိုင်ဖို့ ဖန်တီးလာနိုင်ပါတယ်။ အခုရွေးကောက်ပွဲကမ်ပိန်းတွေမှာ ပြုပြင်ပြောင်းလဲရေးအာဂျင်ဒါတွေ လုပ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီက စစ်ဗိုလ်ချုပ်ဟောင်းတွေကများ အုပ်ချုပ်ခွင့်ရမလားဆိုပြီး မဲပေးခဲ့ကြတဲ့ ပါတီထောက်ခံသူတွေအတွက်လည်း စိတ်ပျက်လက်ပျက် ဖြစ်ကြရတော့မှာပါ။
