ကျားဖြန့်ဆိုတဲ့စကားရပ်ကို ကြားလိုက်မိတာနဲ့ ကျနော်တို့ ပြေးမြင်ကြမိတာက လောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုတွေကိုပဲ မြင်မိကြပါတယ်။ ဒါပေမဲ့ လျစ်လျူရှုထားမိကြတာကတော့ ပညာရေးကဏ္ဍထဲက ကျားဖြန့်ကိစ္စပါ။
၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ပညာရေးအရည်အသွေးဟာ အောက်ဆုံးအထိကို ထိုးကျသွားခဲ့သလို အစိုးရကျောင်းတွေအပေါ်ထားတဲ့ မိဘတွေရဲ့ ယုံကြည်မှုနဲ့ ကျောင်းတွေရဲ့အရည်အသွေးဟာ တစတစကျဆင်းလာခဲ့ပါတယ်။ ကျောင်းနေပညာသင်ယူနိုင်တဲ့ လူတန်းစားတရပ်ရယ်၊ အခြေခံပညာရေးကိုတောင် လက်လှမ်းမီနိုင်ဖို့အခွင့်မရှိတော့တဲ့ လူတန်းစားတရပ်ရယ်ဆိုပြီး လူတန်းစားနှစ်ရပ်လည်း သိသိသာသာပေါ်ထွက်လာပါတယ်။ အခွင့်မရှိတဲ့လူတန်းစားတရပ်ကတော့ အသက်ရှင်သန်ရေးကို ဦးစားပေးရင်း ပညာသင်ကြားနိုင်ခွင့်ကို အိပ်မက်မက်ဖို့ ခဲခဲယဉ်းယဉ်းရုန်းကန် ရှင်သန်နေရပါတယ်။ ပညာရေးကိုလက်လှမ်းမီတဲ့ လူတန်းစားကလည်း အဆင့်မြင့်ပညာရပ်နဲ့ အရည်အသွေးပြည့်မီတဲ့ ပညာရပ်တွေကို သင်ယူရင်း ကျားဖြန့်ပညာရေးကို ကြုံတွေ့လာပါတယ်။
ဒီအခြေအနေမှာ ဦးမော့လာတာကတော့ ပုဂ္ဂလိကပညာရေးစနစ်နဲ့ ကျောင်းတွေပဲ ဖြစ်ပါတယ်။ အရည်အသွေးရှိတဲ့ပညာရေး အယောင်ဆောင်ပြီး အထဲမှာတော့ ဗလာကျင်းနေတဲ့ အခြေအနေကို ဖုံးကွယ်ထားကြပါတယ်။ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာပေးသယောင်ယောင်နဲ့ တကယ်တမ်း နိုင်ငံခြားကျောင်းပြောင်းတော့မယ်ဆိုမှ မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကကျောင်းက ဘယ်နိုင်ငံခြားတက္ကသိုလ်တွေကမှ အသိအမှတ်ပြုမထားလို့ မိအေးနှစ်ခါနာ ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်တွေ ပုံလို့ပါပဲ။ အသိညီမလေးတဦးပြောပြတဲ့ “အစ်မရယ် အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရကျောင်း ပြန်မသွားချင်တာရယ်၊ ကျောင်းကို ပထမနှစ်တဝက်နဲ့ နားထားတာဆိုတော့ GED တို့၊ SAT တို့ ပြန်မလုပ်ချင်တာနဲ့ ပုဂ္ဂလိကတက္ကသိုလ်တခုဖြစ်ပြီး ယူကေက တက္ကသိုလ်နဲ့ချိတ်ထားတယ်ဆိုလို့ တက်လိုက်မိတာ၊ စာသင်နှစ်တခုကို ဒေါ်လာသုံးလေးထောင်သာပေးရတယ်၊ တကယ်တမ်း ညီမ ထိုင်းကတက္ကသိုလ်ကို ပြောင်းမယ်ဆိုတော့ ညီမတက်နေတဲ့ကျောင်းက အမှတ်တွေ ဟိုကျောင်းကို ပြောင်းမရတဲ့အပြင် တခြားသောနိုင်ငံက ကျောင်းတွေပါ အသိအမှတ်ပြုထားမှု မရှိဘူးဆိုတာ အဲဒီကျမှ သိရတော့တယ်”ဆိုတဲ့ ပြောပြချက်ကို အမှတ်ရမိပါသေးတယ်။
အဲဒီလို သတင်းမီဒီယာပေါ်မရောက်ဘဲ လက်စဖျောက်ခံခဲ့ရတာတွေလည်း ဒုနဲ့ဒေးပါ။ ခေတ်ပျက်မှာ ဂုဏ်သရေရှိစွာ၊ အမြတ်အစွန်းမြောက်မြားစွာနဲ့ သိုးရေခြုံထားတဲ့ ဝံပုလွေလို သူတော်ကောင်းယောင်ဆောင်ကာ အရည်းကြီးတွေလို ပြည်သူအပေါ် မြိန့်မြိန့်ကြီး ပူဇော်အထူးကို ခံထိုက်သူများက ပုဂ္ဂလိကပညာရေးကို စီးပွားရေးသဖွယ် လုပ်လာပါတယ်။ ဒါက အတွင်းလှိုက်စားလာတဲ့ ကျားဖြန့်ပညာရေးပါပဲ။
အဲဒီ ကျားဖြန့်ပညာရေးကိစ္စတွေက ပြည်တွင်းမှာတင်မက ပြည်ပမှာပါ ကြုံတွေ့နေရတာပါ။ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပြည်သူလူထုတွေရဲ့ အကျပ်ရိုက်မှုဟာ အာဆီယံနိုင်ငံတွေအတွင်းမှာတော့ စီးပွား အလွန်ရှာလို့ကောင်းတဲ့ အခြေအနေကြီး ဖြစ်နေပါတယ်။ ပြည်တွင်းမှာရှိတဲ့ မိဘတွေအနေနဲ့ကလည်း ကိုယ့်သားသမီး စစ်ကောင်စီလက်က လွတ်ရင်ပြီးရော၊ မြန်မာနိုင်ငံထက်စာရင် နိုင်ငံရပ်ခြားက တော်ပါသေးတယ်ဆိုတာက တကြောင်း၊ မြန်မာနိုင်ငံက လွတ်မြောက်ဖို့အတွက် ပညာရေးဗီဇာက ပိုပြီးစိတ်ချရတာက တကြောင်း၊ နိုင်ငံခြားအစိုးရကျောင်းတွေကို ဝင်ခွင့်ခက်ခဲတာ တကြောင်းနဲ့ ပုဂ္ဂလိကကျောင်းတွေက ရွေးချယ်စရာဖြစ်လာပြီး အရည်အသွေးကို လျစ်လျူရှုလာကြပါတယ်။
ဒီအခြေအနေမှာ တွက်ခြေကိုက်သွားတဲ့ တအုပ်စုကတော့ ကယ်တင်ရှင်အယောင်ဆောင် ပူဇော်ခံနေကြတဲ့ ပညာရေးအေဂျင်စီတွေပါပဲ။ တဖက်ကျောင်းရဲ့ အကောင်းဆုံးကျောင်းဆောင်ပုံရိပ်တွေကို လူမှုကွန်ရက်တွေပေါ်တင်၊ အင်တာနေရှင်နယ် ပရိုဂရမ်ဖြစ်တဲ့အတွက် သင်ကြားသူတွေက အင်္ဂလိပ်လို သင်တာပါဆိုပြီး ကြော်ငြာတယ်။ ရောက်သွားမှ အတန်းထဲမှာ သင်ကြားသူတွေက အင်္ဂလိပ်လို မသင်ကြားနိုင်ဘဲ မိခင်ဘာသာစကားနဲ့သင်လို့ စာတွေမလိုက်နိုင်ကာ မေဂျာတွေပြောင်းရတဲ့သူတွေ၊ ကျောင်းပြောင်းချင်တဲ့အထိဖြစ်တာတွေ ကြုံရပါတယ်။ ပညာသင်ဆုပေးပါတယ်ဆိုပြီး ပညာရေးကို ကုန်ရောင်းကုန်ဝယ်လို လျှော့ဈေးနဲ့ အယောင်ဆောင်ကြော်ငြာတယ်၊ မေဂျာ တခုနဲ့ တခု လူကြိုက်များတဲ့ မေဂျာအပေါ်မူတည်ပြီး လျှော့ဈေး ရာခိုင်နှုန်းမတူညီမှုတွေကို ထိန်ချန်ထားမှုတွေဟာ ပညာရေးကို အသုံးချပြီး ကျားဖြန့်လုပ်တာပါပဲ။ လက်ရှိကျောင်းမှာဆိုရင်လည်း မေဂျာအလိုက် ၈၅ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းအထိ လျှော့ဈေးပေးပြီး မြန်မာက ကျောင်းသားလူငယ်တွေကို ပစ်မှတ်ထား သွေးဆောင်ကြော်ငြာနေတာက ကိုယ့်နားကိုယ်တောင် မယုံနိုင်အောင်ဖြစ်ရပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ မိမိကိုလာဆက်သွယ်တဲ့ ကျားဖြန့်ကိုပဲ သတိထားဆင်ခြင်ရမှာ မဟုတ်တော့ပါဘူး။ ပညာရေးအတွက် ကိုယ်တိုင်သွားပြီး ဆည်းကပ်မိမယ့် ကျားဖြန့်ကိုလည်း အသိနဲ့၊ သတိနဲ့ ဆင်ခြင်ကြဖို့ လိုအပ်လာပါပြီ။ ကျနော်တို့လူငယ်တွေအနေနဲ့ ကိုယ်တက်မယ့် ကျောင်းအကြောင်း စနစ်တကျ ကြိုတင်လေ့လာဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။
