ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

ဝိပတ္တိနေ့စွဲများ

မီးလောင်ပြာကျသွားတဲ့ ဝမ်းစာစပါးပုံတွေ၊ ကြွင်းကျန်ရစ်တဲ့ မီးလောင်အိမ်တိုင်ငုတ်တိုတွေကို ကြေကွဲစွာ ငေးကြည့်နေသူတွေအတွက် နွေဦးဟာ တာဝန်ကျေဖို့လိုတယ် မဟုတ်လား။ နောက်ပြီးတော့ နွေဦးအလှကို ပိုနွေးစေတဲ့ ငုနဲ့ ပိတောက်တွေ ပွင့်ဖို့လိုတယ် မဟုတ်လားလို့ ကျနော် စဉ်းစားနေမိတယ်။
By  မောရဇော်  | February 13, 2026

အခန်းပြတင်းပေါက်ကနေ ဆေးလိပ်မီးခိုးတွေကို မှုတ်ထုတ်နေမိတယ်။ နေရာသုံးခုလောက်ဆီကနေ ဥဩတွန်သံတွေ ကြားနေရတယ်။ ညနေပိုင်းအချိန်တွေ အပြင်ကိုထွက်မိတော့ သစ်ရွက်ခြောက်တွေက လေအသုတ်ကြောင့် လမ်းတွေပေါ် “တရှဲရှဲ”အသံနဲ့  ရွေ့သွားနေကြတာကို တွေ့ရတယ်။ ဒီနိမိတ်ပုံတွေကြောင့် ဒါဟာ နွေဦးရောက်ပြီဆိုတာကို ကျနော် သိလိုက်ရတယ်။ 

ပြတင်းပေါက်ဝနားမှာပဲ ဆေးလိပ်မီးခိုးတွေကို မှုတ်ထုတ်နေမိပြန်တယ်။ ခပ်ဝေးဝေးက လွင့်ပျံလာတဲ့ အသံတခုဟာ အလင်္ကာကျော်စွာ မြို့မငြိမ်းရဲ့ မန်းတောင်ရိပ်ခိုဆိုတဲ့ သီချင်းသံဖြစ်တယ်။ သီချင်းသံကြောင့် ကျနော် ပါးစပ်က လှုပ်ခတ်လာတယ်။ ပြီးတော့ ကျနော်ဟာ ဆက်မဆိုတော့ဘဲ ဆေးလိပ်ကိုသာ ဖွာနေမိတယ်။  တကယ်တော့ ဒီလိုနွေဦးအချိန်တွေဆိုရင် တူးပို့သံညံတဲ့ သင်္ကြန်သီချင်းသံတွေဟာ မြန်မာတိုင်းရဲ့ ရင်ထဲမှာ ချိုမြိန်စွာမြူးထူးစေတဲ့ သံစဉ်တွေပါ။ ပျော်ရွှင်မှု၊ တက်ကြွမှု၊ ငြိမ်းချမ်းမှုတွေကို ယူဆောင်ပေးနိုင်ခဲ့တယ်။ ပေါက်နဲ့ လက်ပံတို့ ပင်ချင်းပြိုင်ပြီး အလှပြကြတဲ့ နွေဦးမှာ ဥဩသံနဲ့ ဂီတသံ ပေါင်းစပ်ကြားမိလိုက်တော့ မြန်မာလူမျိုးတို့ဟာ စိတ်လန်းကိုယ်လန်း၊ စိတ်လွမ်းကိုယ်လွမ်း ဖြစ်ခဲ့ရတယ်။ 

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

အဝေးက မှုန်ပြပြကွင်းပြင်ကြီးတွေဟာ တံလျှပ်ကြောင့် လှုပ်ရမ်းကခုန်နေသလို ထင်ရတယ်။ ဒီမြင်ကွင်းတွေ၊ ဒီအသံတွေကို အခုလိုမျိုးနွေဦးမှာ မြင်လိုက်ကြားလိုက်ရရင် ဘယ်ကိုလွမ်းလို့ လွမ်းရမှန်းမသိတဲ့ အလွမ်းတွေ ဖြစ်ခဲ့ရတယ်။ နှစ်တနှစ်ရဲ့ နွေဦးနဲ့အတူ နှစ်သစ်ကိုကူးပြောင်းဖို့ အားယူငြိမ်းချမ်းခဲ့ကြတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ရေတွက်ကြည့်ရင် အခုဆို ငါးနှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဒီငါးနှစ်တာအချိန်တွေဟာ ကျနော်တို့အတွက် တစက်ကလေးမှ မအေးချမ်းတဲ့ ဝိပတ္တိနေ့စွဲတွေ ဖြစ်ခဲ့ရတယ်။ ဝိပတ္တိဆိုတာ ဖောက်ပြန်ခြင်း၊ ချို့ယွင်းခြင်း၊ ပျက်စီးခြင်း အဓိပ္ပာယ်ကို ဆောင်တယ်လို့ ဆိုပါတယ်။ ဒီလိုပျက်စီးခြင်း ဝိပတ္တိတရား လေးပါးရှိတယ်။ ဒီအထဲမှာ ကျနော်တို့တတွေ ကြုံတွေ့ခံစားနေရတာဟာ ‘ကာလဝိပတ္တိ’တရားပဲဖြစ်တယ်။ 

ကာလဝိပတ္တိကို အဓိပ္ပာယ်ဖွင့်ရင်တော့ မင်းဆိုးမင်းယုတ် အုပ်ချုပ်တဲ့အချိန်ကာလမှာ ဖြစ်ရခြင်း၊ ခေတ်ပျက်တဲ့ အချိန်ကာလဖြစ်ခြင်းလို့ ဆိုတယ်။ ဒီတော့ ကာလဝိပတ္တိဆိုတာ ကျနော်တို့အတွက် ငြင်းမရတဲ့ ပကတိတရား ဖြစ်လာခဲ့တယ်။ ဒီငါးနှစ်တာအတွင်း ဝိပတ္တိနေ့ရက်တွေမှာ ကျနော်တို့အတွက် ရွေးချယ်စရာ အများကြီး မရှိခဲ့ဘူး။ ဒုက္ခမျိုးစုံနဲ့ ပိတ်လှောင်ပြီး အံကြိတ်ခံနေကြမလား၊ မထူးဇာတ်ခင်းပြီး ရေမြေသစ်တွေဆီ ရွှေ့ပြောင်းသွားကြမလား၊ ဒီနှစ်ခုကပဲ ရွေးချယ်စရာ ဖြစ်လာတယ်။ United Nations OCHA Myanmar ကတော့ မြန်မာမှာ မိမိတို့ရဲ့ နေရပ်ကို စွန့်ခွာတိမ်းရှောင်သူပေါင်း ၃ ဒသမ ၆ သန်း ရှိတယ်လို့ ဆိုတယ်။ ၃ ဒသမ ၆ သန်းဆိုတာဟာ လူပေါင်း ၃၆ သိန်းပေါ့။ ဒါ့အပြင် ဒီငါးနှစ်လောက်အတွင်း စစ်ကောင်စီနဲ့ အပေါင်းအပါတွေရဲ့ လုပ်ရပ်ကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ရှစ်ထောင်ဝန်းကျင် သေဆုံးခဲ့တယ်လို့ AAPP ရဲ့ စစ်တမ်းက ဆိုတယ်။ ဒါက မင်းဆိုးမင်းယုတ် အုပ်ချုပ်တဲ့အချိန်ကာလမှာ စစ်ဘေးကြောင့်နဲ့ စစ်ရဲ့ ဘေးထွက်ဒဏ်တွေကြောင့် တိမ်းရှောင်ခဲ့ရသူတွေနဲ့ သေဆုံးခဲ့ရသူတွေသာ ဖြစ်တယ်။ နောက်ထပ် သဘာဝဘေးတွေကြောင့် ပျက်စီးသေဆုံးခဲ့ကြရတာဟာလည်း အများကြီးပဲ မဟုတ်လား။ ဒီလို စစ်ဘေး၊ သဘာဝဘေးတွေအကြားမှာတောင် မင်းဆိုးမင်းယုတ်နဲ့ အပေါင်းအပါတွေက တဖန်ဖိနှိပ်ကာထားတော့ ကျနော်တို့ လူတဦးချင်းစီးမှာ စိတ်ဒဏ်ရာတွေ ကိုယ်စီနဲ့ ဖြစ်လာခဲ့ကြရတယ်။

ဒီထက်ဆိုးသေးတာက ဘယ်နေ့မှာ ကိုယ့်ခေါင်းတည့်တည့်ကို ပေါက်ကွဲအားပြင်းတဲ့ ဗုံးသီးတွေ၊ အမြောက်ဆန်တွေ ပြုတ်ကျလာမလဲဆိုတာက ညညတွေမှာ မျက်လုံးကို မှိတ်မရတဲ့ စိုးရိမ်စိတ်တွေ ဖြစ်လာစေတယ်။ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ လူနေအိမ်လို့ ရွေးချယ်မှုမရှိတော့ဘဲ လူရှိနေမယ်ထင်ရင် ထင်သလို သတ်ဖြတ်ကြတဲ့ မင်းဆိုးမင်းယုတ်နဲ့ အပေါင်းအပါ လက်ပါးစေတွေရဲ့ ရန်ဟာလည်း တနေ့ထက် တနေ့ပို ဆိုးလာခဲ့တယ်။ ဒီလို နေ့စဉ်ဘဝတွေ ရှင်သန်ဖို့ခက်ခဲတဲ့ကာလမှာ နွေဦးရဲ့ သရုပ်သဏ္ဌာန် ဖြစ်တဲ့ ဥဩသံ၊ ရွက်ကြွေသံ၊ ပေါက်နဲ့ လက်ပံတို့ ပင်ချင်းပြိုင်ပွင့်ဟန်၊ မြို့မငြိမ်းရဲ့ ဂန္ထဝင် သင်္ကြန်သီချင်းသံတွေဟာလည်း ပြည်သူတွေကို အရင်ကလို ဆွဲဆောင်နိုင်မှု မရှိတော့ဘူးလို့ ထင်မိတယ်။ ဒါ့ကြောင့်လည်း ကျနော်ဟာ မန်းတောင်ရိပ်ခို သီချင်းကို ကြားပါလျက်၊ ပါးစပ်ကနေ ဖွင့်ဆိုခဲ့ပါလျက်၊ ဆက်မဆိုဖြစ်တော့ဘဲ ရပ်တန့်သွားခဲ့တယ်။ အခါတိုင်းနွေဦးတွေမှာဆိုရင်တော့ စိတ်မြူး၊ လူမြူးနဲ့ ဟန်ကျကျကို လိုက်ဆိုနေမိမှာ အမှန်ပါ။ 

မြန်မာတို့ရဲ့ ချစ်စရာဓလေ့တွေနဲ့ နွေဦးဟာ အခုတော့ အစိုးမရတဲ့ နွေဦးဖြစ်နေခဲ့ပြီ။ ဒီလိုနဲ့ နွေဦးကဗျာတွေ၊ နွေဦးစာတွေ၊ နွေဦးဖွဲ့သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကျက်သရေပြည့်စုံတဲ့ နွေဦးကို ပြန်စဉ်းစားရှာဖွေမိတယ်။ နွေဦးဆိုတဲ့စကားလုံးဟာ ကျနော့်ရင်ထဲ အမြဲတမ်းရှိနေတဲ့ ဝေါဟာရပါပဲ။ ဒီလိုပါပဲ နောက်ထပ် တော်လှန်ရေးဆိုတဲ့ စကားလုံးဟာလည်း ကျနော်တို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား စကားလုံးဖြစ်တယ်။ ဝေါဟာရနှစ်ခု ပေါင်းစပ်ထားတဲ့ နွေဦးတော်လှန်ရေးဆိုတဲ့ အရာကို ကျနော်ရှာဖွေကြည့်မိတာဖြစ်တယ်။ 

ကမ္ဘာပေါ်မှာ နွေဦးတော်လှန်ရေးတွေကလည်း များလိုက်တာ။ ဥရောပနွေဦး၊ အာရပ်နွေဦး၊ ခရိုအေးရှားနွေဦး၊ ပါရှန်းနွေဦး၊ တူရကီနွေဦး၊ ယူကရိန်းနွေဦး၊ ဘော့စနီးယားနွေဦး၊ ဗင်နီဇွဲလားနွေဦး၊ တောင်ကိုရီးယား ဆိုလ်းနွေဦး စတဲ့ နွေဦးတော်လှန်ရေးတွေများစွာ ကမ္ဘာပေါ်မှာ ဖြစ်ခဲ့ကြပြီးပြီ။ ကျနော်တို့ မြန်မာ့နွေဦးကတော့ ဖြစ်နေဆဲ။ အာဏာရှင်ကို တော်လှန်နေဆဲ နွေဦးဖြစ်တယ်။ ဒီလိုနွေဦးတော်လှန်ရေးတွေထဲမှာ တချို့နွေဦးတွေက အားရဖွယ်ကောင်းသလို တချို့နွေဦးတွေကလည်း အားရဖွယ် ကောင်းမနေခဲ့ပါဘူး။ ဘယ်နွေဦးက ဘာပဲဖြစ်သွားဖြစ်သွား ကျနော်တို့နွေဦးကတော့ အောင်မြင်မှသာ ဖြစ်မယ်လို့ ယုံကြည်မိတယ်။  နွေဦးမှာ ပေါက်ပွင့်၊ လက်ပံပွင့်တို့လို ရနံ့မရှိပေမဲ့ လောကကြီးကို ရောက်ရှိခိုက်ခဏမှာ ညစ်ပတ်နံစော်တဲ့ မင်းဆိုး၊ မင်းယုတ်တွေအုပ်ချုပ်တဲ့ လေထုကို သန့်စင်လန်းစေဖို့ ကမ္ဘာကြီးရဲ့အလှကို ခဏတာငြိမ်းအေးစေရုံဖြစ်ဖြစ် ရဲရဲနီနီပြိုင်တူပွင့်လန်းပြခဲ့ကြတဲ့ သူရဲကောင်းတွေ၊ နွေသရုပ်၊ နွေဟန်ကို သန္ဓေမှန်စွာနဲ့ ရဲရဲဝေ၊ ရဲရဲကြွေခဲ့ကြတဲ့ သတ္တိတွေ၊ ဒီသူရဲကောင်းတွေအတွက် နွေဦးဟာ အောင်မြင်မှရမှာ မဟုတ်လား။ 

မီးလောင်ပြာကျသွားတဲ့ ဝမ်းစာစပါးပုံတွေ၊ ကြွင်းကျန်ရစ်တဲ့ မီးလောင်အိမ်တိုင်ငုတ်တိုတွေကို ကြေကွဲစွာ ငေးကြည့်နေသူတွေအတွက် နွေဦးဟာ တာဝန်ကျေဖို့လိုတယ် မဟုတ်လား။ နောက်ပြီးတော့ နွေဦးအလှကို ပိုနွေးစေတဲ့ ငုနဲ့ ပိတောက်တွေ ပွင့်ဖို့လိုတယ် မဟုတ်လားလို့ ကျနော် စဉ်းစားနေမိတယ်။ 

ပြတင်းပေါက်အပြင်ဘက်မှာတော့ သရက်ပွင့်နဲ့ အသီးအကင်းလေးတချို့ကို လှမ်းမြင်ရတယ်။ နွေဦးမို့ သရက်၊ မရမ်းတို့ဟာလည်း သူတို့တာဝန်ကို နိုင်တဲ့ဘက်က ထမ်းကြပြီ။ ပေါက်နဲ့ လက်ပံတို့ဟာလည်း လောကကို အလှဆင်ဖို့ ခဏရောက်လာပြီး ရဲရဲပွင့်၊ ရဲရဲကြွေခဲ့ကြပြီ။ မကြာခင် ပိတောက်နဲ့ ငုတို့ဟာလည်း လောကကြီးအတွက် ခဏတာမှာ ရဲရဲပွင့်ပြီး ရဲရဲကြွေကာ နွေဦးကို ကြိုဆိုနှုတ်ဆက်ကြတော့မယ်။ နွေဦးရဲ့ တာဝန်ကရော ကျေပွန်ဖို့လိုအပ်ပြီ မဟုတ်ပါလား။ နွေဦးသာ ရှည်ကြာခဲ့ရင်တော့ မိုးခေါင်ကပ်ဆိုက်ရချည်ရဲ့။ ပိတောက်တွေပွင့်ဖို့ နွေဦးမိုးရယ် မြန်မြန်သာ ရွာချလိုက်ပါတော့။ ကပ်ဆိုးကြီးတွေကို ဆေးကြောဖို့၊ ဝိပတ္တိရက်စွဲတွေ လွန်မြောက်ဖို့ နွေဦးမိုးစက်ကလေးတွေရယ် မြန်မြန်သာ ရွာချလိုက်ပါတော့လား။ ကာလဝိပတ္တိ၊ မင်းဆိုးမင်းယုတ်အုပ်စိုးတဲ့ အချိန်ကာလတွေက ကမ္ဘာမြေကြီးအတွက် ပူလောင်လွန်းလို့ပါ။ ဒါကြောင့် ကျနော်တို့တတွေဟာ နွေဦးကို လက်ဆောင်ပေးမယ့် ‘ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး’နဲ့ သောကဝိပတ္တိတွေကင်းဖို့ နွေဦးမိုးကို မျှော်နေကြပါတယ်။ 

တကယ်တော့လေ ဒီလိုနွေဦးအချိန်အခါမျိုးမှာ မကြာခင်ရောက်လာမယ့် နှစ်သစ်အတွက် ဝိပတ္တိနေ့ရက်တွေကို ကုန်လွန်ကျော်လွှားပစ်လိုက်ချင်ပါတယ်။ ဒါ့ကြောင့် အလင်္ကာကျော်စွာ မြို့မငြိမ်းရဲ့ မန်းတောင်ရိပ်ခို သီချင်းထက် အေဝမ်းဆရာညှာရဲ့ ပြည်တော်ဝင် သီချင်းကိုသာ ကျနော့်အာရုံထဲမှာ ပိုပြီးအာသီသ ဖြစ်နေမိပါတယ်။ 

အခန်းပြတင်းကနေ အဝေးကို ကျနော် ငေးကြည့်နေမိပါတယ်။ ဆေးလိပ်ငွေ့တချို့ကို မှုတ်ထုတ်လိုက်တယ်။ ပြီးတော့ ပါးစပ်ကနေ တီးတိုးတဲ့ အသံတခု ထွက်လာခဲ့ပါတယ်။ 

“အခါတော်ရောက်ချိန် နီးလို့လာပေ…။ ဒေါ်ဒေါ်မမ၊ နှမတို့ရေ..။ အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ..။ မြို့မနဲ့အတူတကွ လိုက်ပါနိုင်စေ..။ အောင်စည်ရွမ်းသံ ကြားရင်ဖြင့် ….ပြည်တော်ဝင်မယ်လေ..”

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles