ဆောင်းရာသီရဲ့ မနက်ခင်းမှာ ကစ္ဆပနဒီလို့ တင်စားကြတဲ့ ကုလားတန်မြစ်ထဲ မြူခိုးတွေ တဝေဝေနဲ့ ညို့မှိုင်းအုံ့ဆိုင်းနေတယ်။ စက်လှေလေးတစင်းက မြစ်ရေပြင်မှာ တရိပ်ရိပ်သွားနေတယ်။ ဒီစက်လှေလေးက ပလက်ဝဒေသ အစွန်အဖျားဖြစ်တဲ့ အိန္ဒိယနယ်စပ်ကို ဦးတည်ပြီး သွားနေတာဖြစ်တယ်။
လှေပေါ်မှာ ပလက်ဝဒေသခံတချို့နဲ့အတူ ခိုင်ရဲလင်းလည်း လိုက်ပါလာတယ်။ ပလက်ဝဒေသခံတွေက အိန္ဒိယဘက်မှာ ဈေးဝယ်ပြီး ရခိုင်ဘက်ကို ပြန်ရောင်းချကြမယ့် ကုန်သည်တွေ။ နှစ်နိုင်ငံနယ်စပ်နားမှာ နေကြတဲ့သူတွေက အရင်ကတည်းက ဟိုဘက်ဒီဘက် ဝင်ထွက်သွားလာနေကျ ဆိုပေမဲ့ ခိုင်ရဲလင်းအတွက်ကတော့ တခြားရည်ရွယ်ချက်တခု ရှိနေတယ်။
ခိုင်ရဲလင်းကို စစ်တွေမြို့နယ်က ရွာတရွာမှာ မွေးခဲ့တယ်။ စစ်တွေတက္ကသိုလ်က ဘွဲ့ရပြီးတဲ့နောက် မူလတန်းပြဆရာအလုပ်ကို ဝင်လုပ်ခဲ့တယ်။ သူ့ဘဝက ဘာမှ မထူးဆန်းဘူး။ သာမန်ရိုးရှင်းတဲ့ တောကျောင်းဆရာတယောက်ရဲ့ ဇာတ်လမ်း။ ဒါပေမဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင်ခဲ့တဲ့ တိုက်ပွဲတွေက သူ့ဘဝအတွက် အလှည့်အပြောင်းတခုကို ယူဆောင်လာခဲ့တယ်။
အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေ စစ်တွေမြို့နား ကပ်လာတဲ့အခါ မြန်မာစစ်ကော်မရှင်တပ်က စစ်တွေမြို့နယ်ထဲက ရခိုင်ရွာတွေအကုန်လုံးကို အတင်းအကျပ် ပြောင်းရွေ့စေခဲ့တယ်။ ခိုင်ရဲလင်းတို့ရွာကိုလည်း ပြောင်းရွှေ့ခိုင်းတဲ့အတွက် တရွာလုံး ရွာကို စွန့်ခွာခဲ့ရတယ်။ ဒါ့အပြင် စစ်ကော်မရှင်တပ်က ရွာထဲက လူငယ် ၆၀ လောက်ကို ဖမ်းခေါ်သွားခဲ့တယ်။ ကံကောင်းထောက်မပြီး အာရက္ခတပ်တော်ရှိရာ လွတ်မြောက်နယ်မြေကို ခိုင်ရဲလင်းမိသားစုနဲ့အတူ ရှောင်ထွက်နိုင်ခဲ့တယ်။
ခိုင်ရဲလင်း လူမှန်းသိတတ်စ အချိန်ကတည်းက သူတို့ဒေသမှာ ဗိုလ်ကျစိုးမိုးနေတဲ့ မြန်မာစစ်တပ်နဲ့ အာဏာရှင်တွေကို အသွေးထဲ အသားထဲကနေ မုန်းတီးခဲ့တယ်။ စာတွေပိုဖတ်လာတဲ့အချိန်မှာ မြန်မာအာဏာရှင်တွေရဲ့ ယုတ်မာကောက်ကျစ်မှုတွေ၊ ပြည်သူတွေအပေါ် ဖိနှိပ်အုပ်ချုပ်မှုတွေကို ပိုသိလာခဲ့တယ်။
တကယ်တော့ ရခိုင်ဒေသဆိုတာ ရေခံမြေခံကောင်းပြီး သယံဇာတ ပေါကြွယ်ဝတဲ့ဒေသ။ နှစ်ပေါင်းထောင်ချီ ရခိုင်ဘုရင်တွေရဲ့ တန်ခိုးအာဏာစက်နဲ့ ဘင်္ဂလားပင်လယ်အော်အခြေပြု ရေကြောင်းကုန်သွယ်မှု ဗဟိုချက်ဖြစ်ခဲ့တဲ့ဒေသ။ ဒီလိုဒေသက ဆင်းရဲတွင်းနက်နေတာ၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အစစအရာရာ သုညအောက် ရောက်နေတာဟာ မြန်မာအာဏာရှင်တွေရဲ့ လက်ချက်ဆိုတာ သိလာရတော့ အဲဒီစနစ်ကြီးကို သူ ရွံမုန်းခဲ့တယ်။ ဒါကြောင့် ဒီစနစ်ကို တွန်းလှန်ပြီး အာရက္ခပြည်သစ် တည်ထောင်မယ် ဆိုတဲ့ ရက္ခိုင့်တပ်မတော် (အခု အာရက္ခတပ်တော်) ရဲ့ လမ်းစဉ်တွေကို ခိုင်ရဲလင်း အပြည့်အဝ ထောက်ခံခဲ့တယ်။ အာရက္ခတပ်တော်ကို စိတ်အား၊ လူအားနဲ့ အထောက်အပံ့ အကူအညီတွေ တတ်နိုင်သလောက် ပေးခဲ့တယ်။
အခုဆို ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အာရက္ခတပ်တော်ဟာ မြို့ ၁၄ မြို့ကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီ။ ဒီအတောအတွင်း စစ်ကော်မရှင်တပ်က စစ်တွေမြို့နယ်ထဲက ရခိုင်ရွာတွေ၊ အိမ်တွေကို ဖြိုဖျက်ပြီး မွတ်ဆလင်တွေကို ရောင်းလိုက်တယ်။ ဒီသတင်းကြောင့် ရှားရှားပါးပါးရတဲ့ အင်တာနက်နဲ့ google map မှာ ရှာကြည့်တော့ အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ သူ့ရွာဟာ ပြောင်သလင်းခါနေပြီး အိမ်တွေ မရှိတော့။ ရွာပတ်ပတ်လည်မှာ စစ်ကော်မရှင်ရဲ့ ပစ်ကျင်းတွေနဲ့ ခံတပ်တွေပဲ ရှိတော့တယ်။
စစ်ကော်မရှင်ရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှု၊ အင်တာနက်နဲ့ ဆက်သွယ်ရေး ဖြတ်တောက်မှုတွေကြောင့် ရခိုင်ပြည်သူတွေ စားဝတ်နေရေး ပိုခက်ခဲလာတယ်။ ဒါ့အပြင် နေ့စဉ်ရက်ဆက် စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုတွေက လူမှုဘဝကို ထိခိုက်လာခဲ့တဲ့အပြင် အရပ်သားသေဆုံးမှုတွေလည်း တစစတိုးလာနေတယ်။ ခိုင်ရဲလင်းတို့ မိသားစုအတွက်လည်း အိမ်ပြန်ရမယ့် ရက်တွေ နီးလာပြီလို့ ထင်ခဲ့ပေမဲ့ လက်တွေ့မှာတော့ စစ်ရှောင်ရတာ နှစ်နှစ်ကျော်လာတယ်။ သူ့အနေနဲ့လည်း လစာဝင်ငွေက နည်းသလို မိဘတွေမှာလည်း တသက်လုံး လယ်ယာလုပ်ကိုင်လာတဲ့ လယ်မြေတွေကို စွန့်လွှတ်ခဲ့ရတော့ စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ စားဝတ်နေရေး ကျပ်တည်းလာခဲ့တယ်။ သူတို့ရဲ့သက်ပြင်းချသံတွေ တဖြည်းဖြည်း ကျယ်လောင်လာခဲ့တယ်။
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ နိုင်ငံတဝန်းက မြို့တွေမှာ စစ်မှုထမ်း အတင်းအကျပ် ခေါ်ဆောင်မှုတွေကြောင့် လူငယ်တွေ ပြည်ပကို ရတဲ့နည်းနဲ့ ထွက်ခွာကြတဲ့သတင်းတွေကို ရေဒီယိုကနေ သူကြားရတယ်။ ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူငယ်တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တယ်။ အဲဒီအစီရင်ခံစာအရ မြန်မာလူငယ်ထုရဲ့ ၄၀ ရာခိုင်နှုန်းဟာ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေကြတယ်လို့ ဆိုတယ်။
အာရက္ခတပ်တော်ကလည်း အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ကို ပြဋ္ဌာန်းလိုက်ပြီး အသက် ၁၈ နှစ် ကနေ ၄၅ နှစ်အကြား ရခိုင်လူငယ်တွေကို ရခိုင်ပြည်ကနေ ထွက်ခွာခွင့် ပိတ်ပင်လိုက်တယ်။ တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းတွေအကြား သူ့ရဲ့ ကျူရှင်လစာလေး လိုက်မမီတော့။ ညတိုင်းလိုလို ခြောက်လှန့်နေတဲ့ စစ်ကော်မရှင်ရဲ့ ဗုံးကြဲသံတွေကြား သူ့အသက်ရှုသံတွေ မဝတော့။ ခိုင်ရဲလင်း ပြတ်သားတဲ့ ဆုံးဖြတ်ချက်တခု ချရတော့မယ်ဆိုတာ သိလိုက်တယ်။
လှေကလေးက ကစ္ဆပမြစ်ရေပြင်မှာ လူးလွန့်နေဆဲ တစိမ့်စိမ့်တိုးဝှေ့ တိုက်ခတ်လာတဲ့လေက ခိုင်ရဲလင်းမျက်နှာကို တမြမြ။ သူမျှော်မှန်းထားခဲ့တဲ့ တော်လှန်ရေး၊ သူယုံကြည်ထောက်ခံခဲ့တဲ့ လူ့အဖွဲ့အစည်း၊ သူချစ်တဲ့ အာရက္ခဒေသဟာ အနောက်မှာ တရွေ့ရွေ့ ကျန်ခဲ့ပြီ။ စားဝတ်နေရေးအောက်မှာ ထက်သန်လွန်းတဲ့ မျိုးချစ်စိတ်နဲ့ ဇာတိမာန်တွေ တိုက်စားခံလိုက်ရပြီလား။ ကိုယ်လွတ်ရုန်းခဲ့တဲ့သူ့ကို နောက်မျိုးဆက်တွေ ခွင့်လွှတ်နိုင်ပါ့မလား ဆိုတဲ့ အတွေးနဲ့ပဲ အတားအဆီးတွေ၊ အဖမ်းအဆီးတွေကြားကနေ အာရက္ခကို သူ စွန့်ခွာခဲ့ရပြီ….။
