ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

အိန္ဒိယကိုပါ နစ်မွန်းစေသော မြန်မာ့မူးယစ်နွံ

မူးယစ်ဆေးဝါးတွေ အမြောက်အမြား ပျံ့နှံ့လာတာကြောင့် HIV ကူးစက်မှုနှုန်း မြင့်မားလာနိုင်ခြေ အပါအဝင် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေကိုပါ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးကိစ္စဟာ တရားဥပဒေစိုးမိုးရေး ပြဿနာသက်သက် မဟုတ်တော့ဘဲ လူမှုရေး အကျပ်အတည်းကြီးတခု ဖြစ်လာနေပါပြီ။
By  သီမာသင်ဂုပ္တ(Seema Sengupta)  | February 26, 2026

[သီမာသင်ဂုပ္တ (Seema Sengupta) သည် ကာလကတ္တားအခြေစိုက် သတင်းစာဆရာနှင့် ကော်လံဆောင်းပါးရှင်ဖြစ်ပြီး ISP Column တွင်လည်း ပုံမှန်ရေးသားလျက်ရှိသည်။ ယခုဆောင်းပါးမှာ Seema Sengupta ပေးပို့လာသော“Myanmar’s Uncurbed Drugs Menace Consuming India Too” ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်စွာ ပြန်ဆိုထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်]


ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့က ကချင်ပြည်နယ် မချမ်းဘောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတခုကနေ မက်သာဖက်တမင်းဆေးပြားနဲ့ ဘိန်းဖြူတွေအပါအဝင် မူးယစ်ဆေးဝါး အများအပြားကို ဖမ်းဆီးရမိခဲ့ပါတယ်။1 အဲဒီသီတင်းပတ်အစောပိုင်းမှာတင် ဗီယင်နာအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးမင်းသိန်းက မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းစဉ်တွေအကြောင်း အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (INCB) ကို ရှင်းလင်းတင်ပြခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် ပပျောက်ရေးဟာ နိုင်ငံတော်အဆင့် ဦးစားပေးလုပ်ငန်းစဉ် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။2 တကယ်တမ်းမှာတော့ မြန်မာနိုင်ငံအတွင်း ဘိန်းခင်းဧရိယာဟာ ဟက်တာ ၅၃,၁၀၀ (၁၃၁,၂၁၃ ဧက) လောက်အထိ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့အတွက် မူးယစ်မှောင်ခိုသမားတွေအဖို့ ပရဒိသုဘုံသဖွယ်၊ နိဗ္ဗာန်ဘုံသဖွယ် ဖြစ်နေတာပါ။ အာဏာသိမ်းမှုနောက်ပိုင်း ဘိန်းစိုက်ပျိုးမှု ၁၇ ရာခိုင်နှုန်း မြင့်တက်လာတယ်ဆိုတဲ့ အထောက်အထားသစ်တွေကိုကြည့်ရင် ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ စစ်မက်ပဋိပက္ခနဲ့ စီးပွားရေးပြိုလဲမှုတွေကနေတဆင့် ဘိန်းစီးပွားရေးဟာ ပိုပြီး အမြစ်တွယ် ခိုင်မာလာတယ်ဆိုတဲ့အချက်ကို တွေ့နိုင်ပါတယ်။ ဘိန်းထုတ်လုပ်ငန်းရဲ့ လက်ရှိတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၆၄၁ သန်းကနေ ၁ ဒသမ ၀၅ ဘီလီယံကြားမှာရှိနေပြီး ဒါဟာ ၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံ GDP ရဲ့ ၀ ဒသမ ၉ ရာခိုင်နှုန်းကနေ ၁ ဒသမ ၄ ရာခိုင်နှုန်းလောက်အထိနဲ့ ညီမျှနေပါတယ်။3 ဘိန်းစိမ်းတကီလိုကို အမေရိကန်ဒေါ်လာ ၃၂၉ ဒေါ်လာအထိ ဈေးရနေတဲ့အတွက် ဆင်းရဲမွဲတေမှုသံသရာကို ရင်ဆိုင်နိုင်ဖို့အတွက် ဘိန်းစိုက်ပျိုးတာကိုပဲ မလွှဲသာ မရှောင်သာ လက်ခံထားရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ 

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ Delphine Schantz ကတော့ မြန်မာနိုင်ငံဟာ ချောက်ကမ်းပါးစွန်းကို ရောက်နေပြီး မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အခင်းအကျင်းဟာ ဒေသတွင်းနဲ့ ဒီထက်ပိုကျယ်ပြန့်တဲ့ မူးယစ်ဈေးကွက်တွေကို ပုံဖော်သွားလိမ့်မယ်လို့ သတိပေးထားပါတယ်။ စိုးရိမ်စရာကောင်းတာက မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မက်သာဖက်တမင်း (Ice) အများဆုံးထုတ်လုပ်တဲ့ နိုင်ငံဖြစ်နေပြီး ဒီကနေ့ခေတ် မူးယစ်ဆေးဝါးထုတ်လုပ်မှုရဲ့ ကမ္ဘာ့ဗဟိုချက်မကြီး ဖြစ်နေတာပါပဲ။ မက်သာဖက်တမင်းဆိုတာ လူကို စွဲလမ်းစေတတ်တဲ့ စိတ်ပြောင်းဆေးဝါးတမျိုးဖြစ်ပြီး လူအင်အားအများကြီးသုံးရတဲ့ ဘိန်းစိုက်ပျိုးတာထက်စာရင် စက်မှုလုပ်ငန်းပုံစံမျိုးနဲ့ အလွယ်တကူ အမြောက်အမြား ထုတ်လုပ်နိုင်သလို ဆေးပြား၊ ပုံဆောင်ခဲ (crystal) ပုံစံမျိုးတွေနဲ့ ဖြန့်ဖြူးကြတာ ဖြစ်ပါတယ်။ ဒီတရားမဝင်မူးယစ်ဆေးဝါးကို ဝယ်လိုအား အလွန်အမင်း မြင့်တက်နေရတဲ့ အဓိကအကြောင်းရင်းကတော့ ဈေးပေါပေါနဲ့ အလွယ်တကူ ဝယ်လို့ရတဲ့အပြင် သုံးစွဲလိုက်ရင် ၂၄ နာရီလောက်အထိ တက်ကြွတဲ့ခံစားမှုကို ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။4

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးသုံးစွဲမှုဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ပိုပြီးဆိုးရွားနေပါတယ်။ ဒီဒေသတွေမှာဆိုရင် အရွယ်ရောက်ပြီးသား အမျိုးသားအယောက် ၂၀ မှာ တယောက်က မူးယစ်ဆေးကို အကြောထဲထိုးသွင်း သုံးစွဲနေကြတာပါ။5 ဘိန်းစိုက်ပျိုးတာ၊ ဘိန်းဖြူထုတ်လုပ်တာနဲ့ အမ်ဖက်တမင်းအုပ်စုဝင် စိတ်ကြွဆေးပြား (ATS) ထုတ်လုပ်တာတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပြီး မူးယစ်ဆေးထုတ်လုပ်မှု ဗဟိုချက်မလို့ ဆိုနိုင်တဲ့ ရွှေတြိဂံဒေသဟာလည်း ရှမ်းပြည်နယ်အတွင်းမှာ တည်ရှိတာ ဖြစ်ပါတယ်။ ဒီဒေသတွေမှာ ဘိန်းဖြူအစစ် တဂရမ်ကို အမေရိကန် တဒေါ်လာလောက်နဲ့ပဲ ဝယ်လို့ရပါတယ်။ စိတ်ဝင်စားစရာကောင်းတာက မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှတခွင်က မူးယစ်ဆေးဝါးသမိုင်းကြောင်းဟာ ၁၉ ရာစုကာလက ဥရောပသားတွေရဲ့ ကိုလိုနီနယ်ချဲ့မှုနဲ့ အုပ်ချုပ်ရေးစနစ်ကနေ အမြစ်တွယ် စတင်ခဲ့တာပါပဲ။ အရှေ့တောင်အာရှအတွင်းက စင်ကာပူ၊ ဖိလစ်ပိုင်၊ ဆူမားတြား၊ မာလာယု၊ ဆိုင်ဂုံနဲ့ ရှေးခေတ် မြန်မာနိုင်ငံအတွင်းက ဒေသအများစုမှာ ဒေသခံတိုင်းရင်းသားတွေနဲ့ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေအကြား ဘိန်းသုံးစွဲမှု ရေပန်းစားလာရာကနေ ဥရောပအင်ပါယာကြီးတွေဟာ အမြတ်အစွန်း အမြောက်အမြား ရရှိခဲ့ကြပါတယ်။ စီးပွားဖြစ် ဘိန်းကူးသန်းရောင်းဝယ်တာဟာ ကိုလိုနီခေတ်က အဓိကစက်မှုလုပ်ငန်းကြီးတွေကို ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ လည်ပတ်နိုင်စေဖို့ အများကြီး အထောက်အကူပြုခဲ့ပါတယ်။ 

၂၀ ရာစုအစောပိုင်းကစလို့ အပြောင်းအလဲတွေ သိသိသာသာ ဖြစ်လာခဲ့ပြီး ဘိန်းဟာ ကိုလိုနီအင်ပါယာတွေရဲ့ ဘဏ္ဍာရေး ကျောရိုးမဏ္ဍိုင်မှာ ရှိနေရာကနေ ရပ်တန့်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တာဝန်ကျခဲ့တဲ့ ဗြိတိသျှအုပ်ချုပ်ရေးမှူး Donald Mackenzie Smeaton ဟာ အရှေ့တောင်အာရှအတွင်းက ဥရောပကိုလိုနီနယ်မြေတွေထဲမှာ ပထမဆုံးသော ဘိန်းဆန့်ကျင်ရေး ပြုပြင်ပြောင်းလဲမှုကို ၁၈၇၉ ခုနှစ်ကတည်းက ရှေ့ဆောင်လမ်းပြ ပြုလုပ်ခဲ့ပါတယ်။6 သူရဲ့ ကိန်းဂဏန်းအခြေပြုလေ့လာချက်တွေအရ အောက်မြန်မာပြည် လူဦးရေရဲ့ ၁၁ ရာခိုင်နှုန်းလောက်ဟာ ဘိန်းသုံးစွဲမှုကြောင့် အတိဒုက္ခရောက်ခဲ့ရတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကိုလိုနီနယ်မြေတွေက ပြည်သူ ၁၀ ယောက်မှာ ၁ ယောက်ဟာ ဘိန်းသုံးစွဲမှုကြောင့် ထိခိုက်နစ်နာနေရတယ်ဆိုတဲ့အချက်ကို အိန္ဒိယဒေသတွင်းက ဗြိတိသျှအုပ်ချုပ်သူတွေအနေနဲ့ လက်ခံလာရပြီး အပြင်းအထန် စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးဝါးတွေကို မသုံးစွဲဖို့ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီကနေ့ ၂၁ ရာစု မြန်မာနိုင်ငံမှာတော့ တရားမဝင် မူးယစ်ဆေးဝါးလုပ်ငန်းတွေဟာ လူတွေရဲ့ကိုယ်ကျင့်တရားကို ဆက်လက်ဖျက်ဆီးနေဆဲပါပဲ။

The New York Times သတင်းစာကတော့ မြန်မာနိုင်ငံကို ‘ကမ္ဘာ့ရာဇဝတ်မှုဗဟိုချက်’ အဖြစ် သမုတ်ခဲ့ပြီး တရုတ်နိုင်ငံက ရာဇဝတ်ဂိုဏ်းတွေကို သံလိုက်အိမ်လို ဆွဲဆောင်နေတဲ့ နေရာတခုအဖြစ် ဖော်ပြခဲ့ပါတယ်။7 မြန်မာနိုင်ငံဟာ အရှိန်အဟုန်နဲ့ ကြီးထွားလာနေတဲ့ စိတ်ကြွမူးယစ်ဆေး ထုတ်လုပ်မှုတွေ၊ နေရာအနှံ့မှာရှိနေတဲ့ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေနဲ့ ငွေကြေးခဝါချမှုတွေအတွက် အခွင့်အလမ်း ပေးထားတဲ့ ကမ္ဘာ့အကြီးဆုံး စနစ်တကျ ရာဇဝတ်မှုကျူးလွန်ရာဗဟိုချက်တခု ဖြစ်လာပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံက ထွက်လာတဲ့ မူးယစ်ဆေးဝါးတွေဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း နယ်စပ်ဒေသတွေကိုပါ လွှမ်းမိုးလာပါတယ်။8 စံချိန်တင်ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေက ဒီအချက်ကို သက်သေပြနေပါတယ်။ တကယ်တော့ ဖမ်းမိတာတွေဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက မူးယစ်မှောင်ခိုကူးမှုဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရုန်းကန်နေရတဲ့ ဒီဒေသထဲ မှောင်ခိုဝင်ရောက် လာတဲ့ ပမာဏရဲ့ အစိတ်အပိုင်း သေးသေးလေးသာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခြားတဖက်မှာလည်း မူးယစ်ဆေးထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ဓာတုကုန်ကြမ်းပစ္စည်းတွေကို အိန္ဒိယနိုင်ငံအနောက်ပိုင်းကနေ မြန်မာနိုင်ငံထဲကို မှောင်ခိုတင်သွင်းနေကြတာလည်း ရှိပါတယ်။9 အဲဒီလိုထုတ်လုပ်လိုက်တဲ့ မူးယစ်ဆေးဝါးတွေကို ထိုင်းဘာသာစကားအရ ရူးသွပ်ဆေးပြားလို့ အဓိပ္ပာယ်ရတဲ့ ယာဘ (WY) နဲ့ Crystal Meth (အိုက်စ်) ဆိုပြီး အဓိက ပုံစံနှစ်မျိုးနဲ့ အိန္ဒိယနိုင်ငံအတွင်းကို လျှို့ဝှက်ပြန်တင်ပို့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တခုတည်းမှာတင် ဧပြီလမှာ မက်သာဖက်တမင်းဆေးပြား ငါးသိန်းနှစ်သောင်းကျော် (၅၂၇,၉၀၀)၊ မေလမှာ နှစ်သန်းခြောက်သိန်းကျော် (၂,၆၂၅,၈၉၀) နဲ့ ဇူလိုင်လမှာ နောက်ထပ် သုံးသိန်းသုံးသောင်းကျော် (၃၃၃,၃၀၀) ကို ဘိန်းဖြူတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။10 အခြား နယ်စပ်ပြည်နယ်တခုဖြစ်တဲ့ အာသံပြည်နယ်မှာဆိုရင်လည်း ၂၀၂၁ ခုနှစ်ကစလို့ ရူပီးငွေ ၂၆ ဘီလီယံ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။11 ဒါ့အပြင် မဏိပူရပြည်နယ်အတွင်း ပူးပေါင်းစစ်ဆင်ရေးတခုကနေ ယာဘ (WY) ဆေးပြား ၁၆၀,၀၀၀ ကို ဘိန်းဖြူ ၇ ဒသမ ၇ ကီလိုဂရမ်ကျော်၊ ဘိန်း ၆ ဒသမ ၇ ကီလိုဂရမ်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။12 ဘင်္ဂလားဒေ့ရှ်နိုင်ငံက သုံးဖက်သုံးတန် ဝန်းရံထားတဲ့ တြိပူရလို ပြည်နယ်လေးမှာတောင် ရူပီးငွေ သန်း ၁၆၀ တန်ဖိုးရှိတဲ့ ဆေးပြားတွေကို မကြာသေးခင်က ဖမ်းဆီးရမိခဲ့ပါတယ်။13 နာဂလန်းပြည်နယ်မှာဆိုရင်လည်း မူးယစ်ဆေးဝါး သုံးစွဲမှုပမာဏဟာ တနှစ်ကို ကီလိုဂရမ် ၁၀,၀၀၀ လောက်အထိ ရှိနေတာက ခေါင်းနပန်းကြီးစရာပါပဲ။14 ဒါ့အပြင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ကပ္ပလီကျွန်းနဲ့ နီကိုဘားကျွန်းစုအနီးမှာ မြန်မာငါးဖမ်းစက်လှေတစီးဆီကနေ ရူပီးငွေ ၃၆၀ ဘီလီယံတန်ဖိုးရှိတဲ့ မက်သာဖက်တမင်း ၆,၀၀၀ ကီလိုဂရမ်ကို အိန္ဒိယကမ်းခြေစောင့်တပ်က  ဖမ်းဆီးရမိခဲ့ပါသေးတယ်။15 ဒီလို မူးယစ်ဆေးဝါးတွေ အမြောက်အမြား ပျံ့နှံ့လာတာကြောင့် HIV ကူးစက်မှုနှုန်း မြင့်မားလာနိုင်ခြေ အပါအဝင် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေကိုပါ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးကိစ္စဟာ တရားဥပဒေစိုးမိုးရေး ပြဿနာသက်သက် မဟုတ်တော့ဘဲ လူမှုရေးအကျပ်အတည်းကြီးတခု ဖြစ်လာနေပါပြီ။ ၂၀၂၁ ခုနှစ်ကစလို့ အိန္ဒိယနိုင်ငံဟာ စစ်ကောင်စီနဲ့ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေနဲ့ပါ ဆက်ဆံရေးကို မျှခြေညီအောင် ထိန်းကျောင်းလာခဲ့ပါတယ်။ ဒီအခြေအနေကို ပါးပါးနပ်နပ် အသုံးချနိုင်မယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲမှာ အဲဒီအင်အားစုတွေ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။


ကိုးကားချက်များ


  1. https://eng.mizzima.com/2026/02/11/31182 ↩︎
  2. https://www.mofa.gov.mm/en/vienna-based-myanmar-permanent-representative-to-un-apprises-myanmars-drug-enforcement-activities/ ↩︎
  3. https://www.unodc.org/roseap/uploads/documents/Publications/2025/Myanmar_Opium_survey_2025_web.pdf ↩︎
  4. https://globalinitiative.net/analysis/the-mekong-methamphetamine-economy/ ↩︎
  5. https://www.sciencedirect.com/science/article/pii/S0955395925002646 ↩︎
  6. https://sotherans.co.uk/products/smeaton-donald-m-the-indian-governments-attitude-to-the-opium-trade-some-startling-revelations-by-an-ex-minister ↩︎
  7. https://www.nytimes.com/2024/12/31/world/asia/myanmar-drugs-crime.html ↩︎
  8. https://timesofindia.indiatimes.com/city/guwahati/ne-witnessing-surge-in-drug-smuggling-from-myanmar-official/articleshow/122097010.cms ↩︎
  9. https://www.thehindu.com/news/national/ed-probes-cross-border-drug-smuggling-money-laundering-network-linked-to-myanmar/article70335499.ece ↩︎
  10. https://www.thehindu.com/news/national/mizoram/assam-rifles-seize-illegal-meth-tablets-worth-1124-crore-in-mizorams-champhai-district/article69803846.ece ↩︎
  11. https://www.aninews.in/news/national/politics/drugs-worth-over-rs2600-crore-seized-more-than-20000-arrested-in-assam-since-2021-cm-sarma20250520103055#:~:text=Drugs%20worth%20over%20Rs2%2C600,Assam%20since%202021%3A%20CM%20Sarma ↩︎
  12. https://www.thehindu.com/news/national/manipur/banned-yaba-tablets-worth-40-crore-seized-in-manipur-one-held/article70438866.ece ↩︎
  13. https://www.morungexpress.com/ ↩︎
  14. https://nagalandtribune.in/dgp-rupin-sharma-flags-narcotics-crisis-as-public-health-emergency-calls-for-coordinated-war-on-drugs-in-ne/ ↩︎
  15. https://www.thehindu.com/news/national/coast-guard-seizes-vessel-carrying-6000-kg-methamphetamine/article68908877.ece ↩︎

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles