အာသာဖြေခြင်းရဲ့ အဓိကသဘောသဘာဝဟာ စိတ်ထဲမှာ ဖိနှိပ်ထားတဲ့ ခံစားချက်တွေကိုထုတ်လွှတ်ပြီး စိတ်သက်သာရာရဖို့၊ ခံစားချက်ကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။ ဥပမာ ငိုပြီး စိတ်ပေါ့သွားတာ၊ စကားပြောပြီး စိတ်ပေါ့သွားတာ၊ သီချင်းဆို၊ ပန်းချီဆွဲစတဲ့ အနုပညာအလုပ်ကိုလုပ်ရင်း စိတ်သက်သာရာကို ရှာဖွေတာကို ဆိုလိုတာပါ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ငါးနှစ်ကျော်ကြာလာတဲ့အခါ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေဟာလည်း ပိုများလာပြီး မြန်မာပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှုတွေကို နည်းမျိုးစုံနဲ့ ဖြေရှင်းနေတာကို တွေ့ရပါတယ်။
တခြားဘက်ဖြစ်တဲ့ တော်လှန်ရေးတပ်ဖွဲ့များရဲ့ စိုးမိုးနယ်မြေတွေမှာလည်း စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းထိုးရင်း ရွာလုံးကျွတ်မီးရှို့တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ လေကြောင်းတိုက်ခိုက်ခံရတာ၊ စားဝတ်နေရေး ခက်ခဲပင်ပန်းတာတွေကြားထဲမှာ အလူးအလိမ့်ခံစားရရင်း မပြေနိုင်တဲ့ စိတ်ဒဏ်ရာကို ကြိုးစားဖြေနေရပါတယ်။ ဒါ့အပြင် တော်လှန်ရေးအမည်ခံထားတဲ့ လူတချို့တွေက စိတ်အာသာဖြေတာကိုလည်း ခံနေရပါတယ်။
တော်လှန်ရေးကာလရောက်မှ အုပ်ချုပ်ရေး၊ စစ်ရေး၊ ဘဏ္ဍာရေးစတဲ့ နယ်ပယ်တွေမှာ အခွင့်အာဏာရလာတဲ့ လူတချို့ဟာ အရပ်သားအစိုးရ (NLDအစိုးရ) လက်ထက်မှာ ငွေကြေး အခက်အခဲရှိသူ၊ လူ့အသိုင်းဝိုင်းမှာ နေရာမရသူ၊ အဘက်ဘက်မှာ သိမ်ငယ်အားနည်းတဲ့သူတွေ ပါကောင်း ပါနိုင်ပါတယ်။ တချို့လည်း သတင်းတွေအရ အဲဒီလို လူတွေ တကယ်ရှိပါတယ်။ အဲဒီလို ဖိနှိပ်ခံရ၊ နှိမ်ခံရ၊ အရှုံးပေးခံရဖူးတဲ့လူတွေဟာ အတိတ်စိတ်ဒဏ်ရာနဲ့ သိမ်ငယ်မှုတွေ ရှိနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ လူတိုင်းကို ရည်ညွှန်းတာ မဟုတ်ဘဲ စိတ်ဒဏ်ရာတွေကို လွဲလွဲမှားမှား အာသာဖြေနေသူတွေအကြောင်းကို ဖော်ပြသွားမှာပါ။
အခုလိုတော်လှန်ရေးကာလမှာ အခွင့်အာဏာ ရလာတဲ့အခါ အတိတ်က ခံစားချက်တွေ (ဒေါသ၊ မကျေနပ်မှု၊ နာကျင်မှု၊ အရှက်ရမှု) အတွက် လက်ရှိအာဏာကို လက်နက်သဖွယ်သုံးပြီး အာသာဖြေကြတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဩဇာအာဏာမရှိခဲ့ဖူးသူတဦးဟာ အာဏာရလာတဲ့အခါ၊ အတိတ်က မစွမ်းဆောင်နိုင် ဖြစ်ခဲ့ရတာ၊ နာကျင်ခံစားခဲ့ရတာ၊ ဒေါသဖြစ်ခဲ့ရတာတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေအတွက် အာဏာကို လက်နက်လုပ်ပြီး ချက်ချင်းထုတ်လွှတ်တတ်ပါတယ်။
အတိတ်က မစွမ်းနိုင်ဖြစ်ရတာ၊ ဂုဏ်သိက္ခာချို့ယွင်းတာ၊ ငွေကြေးချို့တဲ့တာ စတဲ့ဒဏ်တွေကို ခံစားရင်း ရလာခဲ့တဲ့ စိတ်ဒဏ်ရာ (trauma) တွေကို အာဏာရှိလာတဲ့အခါ ငွေကြေးအရ အမြတ်ထုတ်တာ၊ ဆင်းရဲဒဏ်ကြောင့်ဖြစ်တဲ့ လုံခြုံမှုကင်းမဲ့စိတ် (Insecurity) ကို ငွေကြေးနဲ့ဖြစ်စေ၊ အာဏာနဲ့ဖြစ်စေ ဖာထေးတာတွေ လုပ်လာကြပါတယ်။ စာရေးသူကိုယ်တိုင်လည်း တော်လှန်ရေးနယ်ပယ်ထဲမှာ ပါဝင်နေသူတဦးဖြစ်တဲ့အလျောက် ဒီလိုကိစ္စတွေကို မကြာခဏ တွေ့မြင်ခဲ့ရပါတယ်။ အုပ်ချုပ်ရေးမှူးတယောက်ဟာ လမ်းဘေးဈေးသည်တယောက်ကို ပြင်းထန်တဲ့ ငွေကြေးဒဏ်ရိုက်တာမျိုးကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးဟာ စီးပွားရေးလုပ်ငန်းရယ်လို့ မရှိတဲ့အတွက် ရာထူးမရခင်က အိမ်ခေါင်မိုးတောင် မလုံပါဘူး။ အုပ်ချုပ်ရေးမှူးဖြစ်မှ နှစ်ထပ်အိမ် ဆောက်နိုင်ကြောင်း၊ သူအုပ်ချုပ်တဲ့နယ်မြေမှာ လာဘ်စားမှုနှင့် ငွေကြေးဒဏ်ရိုက်မှုအတော်များကြောင်း ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။ ဒါ့အပြင် တချို့ဂိတ်တွေမှာ အော်ဟစ်ဆူငေါက်ပြီး အမိန့်ပေးတာ၊ ငွေကြေးအဓမ္မတောင်းခံ အမြတ်ထုတ်တာတွေ ရှိနေပါတယ်။ အဲဒီလို ဂိတ်ကြေးအတင်းအဓမ္မတောင်းခံသူ၊ အာဏာပါဝါပြသူတချို့ဟာ များသောအားဖြင့် ငွေကြေးခက်ခဲကြသူတွေ၊ ရပ်ထဲရွာထဲ လူမှုအသိုင်းအဝိုင်းမှာ နေရာမရခဲ့သူတွေ ပါလာတတ်ပါတယ်။ အဲဒီလိုလူတွေဟာ အာဏာနဲ့ လုပ်ပိုင်ခွင့်ရလာတဲ့အခါ အရူး အမဲသားစားမိသလို အာဏာကို ငမ်းငမ်းတက်တတ်ပါတယ်။
နောက်ပြီး တော်လှန်ရေးအတွက် ရန်ပုံငွေရှာကြတဲ့အခါ ငွေကြေးလိမ်လည်မှု အရှုပ်အရှင်းတွေကို လူမှုကွန်ရက်ပေါ်မှာ ပိုပိုပြီး မြင်လာရပါတယ်။ အဲဒီလို ငွေကြေးလိမ်လည် အမြတ်ထုတ်သူတွေဟာလည်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ ငွေကြေးခက်ခဲခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါဟာလည်း ငွေကြေးကျပ်တည်းမှုကို ထွက်ပေါက်ပေးတဲ့အနေနဲ့ အာသာဖြေပုံတမျိုးပါပဲ။ ဒီလိုပြောလို့ ငွေကြေးခက်ခဲပေမဲ့ တော်လှန်ရေးအတွက် ရန်ပုံငွေရှာနေသူတွေအားလုံးကို မဆိုလိုပါဘူး။ လောဘနောက်လိုက်ပြီး မှားမှားယွင်းယွင်း စိတ်ထွက်ပေါက်ပေးမိတဲ့နည်းနဲ့ အာသာဖြေတတ်ကြသူတွေကို ဆိုလိုတာပါ။
နောက်ဆုံးတခုကတော့ အာဏာရလာတဲ့အခါ မိသားစုအသိုင်းအဝိုင်းကိုပါ အာဏာစက်ဝန်းထဲကို ဆွဲခေါ်ပြီး အာဏာလက်ဝေခံ ဖြန့်ကြက်တာတွေလည်း ရှိပါတယ်။ ဒီကိစ္စတွေဟာ အာဏာအလွဲသုံးစားမှုနှင့် ငွေကြေးအမြတ်ထုတ်မှုတွေအပြင် ဖိနှိပ်ညှဉ်းပန်းမှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေအထိ ဖြစ်လာနိုင်ပါတယ်။ လူအများကို ခြိမ်းခြောက်ဖိနှိပ်လိုက်နိုင်တဲ့အတွက် ရေတိုကာလမှာ စိတ်သက်သာမှု ရပေမဲ့ ရေရှည်မှာတော့ ပတ်ဝန်းကျင်မှာ အထီးကျန်တာ၊ တန်ပြန်ရန်စခံရတာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအမှန်တကယ် မတည်ဆောက်နိုင်တာစတဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပေါ်စေပါတယ်။
အာသာဖြေမှု (catharsis) သီအိုရီအရ စိတ်ထွက်ပေါက်ပေးတာ (venting) က ဒေါသနဲ့ အကြမ်းဖက်ဆန်တဲ့ စိတ်လှုပ်ရှားမှုကို ထိထိရောက်ရောက် လျှော့ချပေးနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့ တိုက်ရိုက်အာသာဖြေမှု (direct catharsis)၊ ကြားခံအာသာဖြေမှု (indirect catharsis) နဲ့ ရည်မှန်းချက်ထားအာသာဖြေမှု (target catharsis) တွေကြောင့် အကြမ်းဖက်မှုအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတဲ့ မေးခွန်းကို လေ့လာထားတဲ့ သုတေသနများစွာကတော့ အာသာဖြေမှုဟာ အကြမ်းဖက်စိတ်ကို လျှော့ချမပေးနိုင်ဘဲ အပြန်အလှန် အကြမ်းဖက်မှုကိုသာ ပိုမိုမြှင့်တင်နိုင်ကြောင်း ဖော်ထုတ်ပြသထားပါတယ်။ အကောင်းဆုံးဥပမာအနေနဲ့ ပြောရရင် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ပြည်သူတွေရဲ့ ယုံကြည်မှု၊ လေးစားမှု၊ ချစ်ခင်မှုမရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကိုသာ ကြည့်ကြပါ။ လူထုရဲ့ ယုံကြည်ချစ်ခင်လေးစားမှုကို မရတဲ့ စစ်ခေါင်းဆောင်တွေဟာ သိမ်ငယ်စိတ်၊ မုန်းတီးစိတ်နဲ့ လူထုကို အငြိုးထားပြီး လူသတ်မှု၊ ဖိနှိပ်ညှဉ်းပန်းမှုပေါင်းများစွာနဲ့ စိတ်အာသာဖြေနေတာကို တွေ့ မြင်ကြရမှာပါ။ စိတ်ပညာရှင်တချို့ ပြောထားတဲ့ သီအိုရီတွေအရ အာဏာ (power) နဲ့ စိတ်ဒဏ်ရာ (trauma) ကို ပေါင်းစပ်လိုက်တဲ့အခါ လွဲမှားတဲ့ စိတ်အာသာဖြေမှု (maladaptive catharsis) ဖြစ်လာတတ်တယ်လို့ ပြောလေ့ရှိပါတယ်။
ဒါကြောင့် တော်လှန်ရေးကာလမှာ တော်လှန်ရေးဦးဆောင်လှုပ်ရှားနေသူတွေဟာ ရာထူး၊ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို ပေးအပ်တဲ့အခါ လူတယောက်ရဲ့ အကျင့်စာရိတ္တ၊ နောက်ခံသမိုင်းကြောင်း၊ လူမှုဆက်ဆံရေး၊ စိတ်နေစိတ်ထားစတဲ့ အခြေခံကျတဲ့ အချက်တွေနဲ့ စဉ်းစားရွေးချယ်သင့်ပါတယ်။ ပြီးတော့ သက်ဆိုင်ရာယန္တရားတွေအလိုက် စောင့်ကြည့်လေ့လာမှုတွေကို လုပ်ဆောင်ပြီး အရေးကြီးတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သင့်ပါတယ်။ ဒါမှသာ အာဏာအလွဲသုံးစားလုပ်မှု၊ ဖိနှိပ်ညှဉ်းပန်းမှု၊ အကျင့်ပျက်ခြစားမှုတွေ ကင်းစင်မှာပါ။
