နိုင်ငံခြားသွား နင် ပျော်ပျော်ကြီးသွား…
လေးနှစ်လောက်ပြီးတော့ ပြန်လာမယ်
မရင့်ကျက်သေးတဲ့ အတွေးတွေ
ငါ့ဦးနှောက်လေးထဲ ပြည့်
– နိုင်ငံခြား (တေးရေး – ပုံရိပ်)
အာဏာသိမ်းပြီး တနှစ်ကျော်လောက်မှာ လူငယ်သုတေသီတယောက်က ‘ရန်ကုန်အိပ်မက် ပြီးဆုံးသွားပြီလား’ ဆိုတဲ့ ဆောင်းပါးကို တေးဆိုဂျီလတ်ရဲ့ ‘ရန်ကုန်မြို့ထဲ လမ်းတွေလျှောက် (ရန်ကုန်မြို့ထဲ လမ်းတွေပျောက်)’ သီချင်းနဲ့ အစပြုပြီး ရေးခဲ့ဖူးတယ်။ ရန်ကုန်မှာရှိနေတဲ့ လူငယ်တွေအဖို့ ကြိုးစားရုန်းကန်ကြရင်း တခါတလေ လမ်းပျောက်ရပေမဲ့ ကိုယ်စီကိုယ်စီ အိပ်မက်တွေနဲ့ ရှင်သန်နေထိုင်နေကြတာကို ရေးဖွဲ့ထားတယ်။ ရန်ကုန်အိပ်မက်ကို ဖွင့်ဆိုရာမှာ ‘တချိန်က တက္ကသိုလ်၊ လေဆိပ်နဲ့ ရွှေရောင်နေ့ရက်များ’ ဆိုပြီး လူနေမှုအဆင့်အတန်း မြင့်မားခဲ့တဲ့ ရန်ကုန်ကို တမ်းတတဲ့သဘောနဲ့ ဖွင့်ဆိုခဲ့သလို ရွှေ့ပြောင်းအခြေချသူတွေအဖို့ ‘ပိုမိုကောင်းမွန်တဲ့ဘဝ’ကို မျှော်မှန်းနိုင်တဲ့ အိပ်မက်တွေ ရှင်သန်ရာမြေလို့ ဆိုထားတယ်။ ဒီရန်ကုန်အိပ်မက်က အာဏာသိမ်းမှုနဲ့အတူ ပျောက်ဆုံးသွားပြီလားဆိုပြီး မေးခွန်းထုတ်ခဲ့တယ်။ နောက်ပြီး ‘အိပ်မက်တွေက ဝေဝါးသွားနိုင်ပေမဲ့ အိပ်မက်မက်သူတွေ ဆုပ်ကိုင်ထားနေသရွေ့ မပြီးဆုံးဘူး’ ဆိုပြီး အဆုံးသတ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်အာဏာသိမ်းမှု ငါးနှစ်ပြည့်တော့ အဲဒီမေးခွန်း ခေါင်းထဲ ရောက်နေခဲ့တယ်။ ကျနော်အပါအဝင် နယ်ကနေ ရန်ကုန်မြို့ကို တက်လာပြီး ‘အိပ်မက်’ မက်ခဲ့တဲ့သူအတွက် ‘ရန်ကုန်အိပ်မက်’ ရှင်သန်နိုင်သေးလားပေါ့။ ဆက်စပ်တွေးမိတဲ့အခါ မေးခွန်းထုတ်စရာကို မလိုတော့သလို လက်ရှိမှာ အိပ်မက်က ပြောင်းပြန်ဖြစ်သွားသလိုပါပဲ။
နိုင်ငံရေးအခြေအနေက အဓိပ္ပာယ်မဲ့ပြဇာတ်တပုဒ်လို၊ ရန်ကုန်မြို့ရဲ့ လက်တွေ့အခြေအနေကလည်း အဘက်ဘက်က ယိုယွင်းပျက်စီးနေတယ်။ ငယ်ငယ်က ကြားနေကျ ‘ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကြီး’ တော့ မဟုတ်၊ ရန်ကုန်ဟာ ‘ဘက်စုံအကျပ်အတည်း (multilateral crisis)’ ကြုံနေရတယ်။ ‘ရန်ကုန် ၂၀၄၀၊ စိမ်းလန်းပြီး ရွှေရောင်လွှမ်းမယ့် မြို့တော်’ ဖြစ်ရမယ်ဆိုပြီး ဂျပန်နိုင်ငံရဲ့အကူအညီနဲ့ ရေးဆွဲခဲ့တဲ့ စီမံကိန်းလည်း ဘာသံမှတော့ မကြားမိ။ ဒါပေမဲ့ အကြွေးယူ မြို့သစ်တည်ဖို့တော့ တာစူနေလေရဲ့။
နိုင်ငံဂျီဒီပီ ၅ ပုံ ၁ ပုံကို ကိုယ်စားပြုတဲ့ ရန်ကုန်ဟာ နိုင်ငံရဲ့ ချွတ်ခြုံကျမှုကို အများဆုံးခံနေရတယ်။ အရင်က အထည်ချုပ်လုပ်ငန်းကဏ္ဍဟာ နယ်ဝေးက လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ‘ရန်ကုန်အိပ်မက်’ ရဲ့ မောင်းနှင်အားတခု ဖြစ်ခဲ့တယ်။ ဒီလုပ်ငန်းက လူတသန်းနီးပါးကို အလုပ်ပေးထားနိုင်ခဲ့ပေမဲ့ လက်ရှိမှာတော့ သူလည်း အသက်ငင်နေရတယ်။ ဒေါ်နယ်ထရန့်က အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံတာ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က မြန်မာမှာ ရှိတဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်သုံးသပ်ပြီး ရပ်ဆိုင်းဖို့ အကြံပြုတာတွေရဲ့ နောက်ဆက်တွဲ ဂယက်တွေနဲ့ ပေါင်းရင်တော့ မတွေးဝံ့စရာပါပဲ။ အထူးသဖြင့် အမျိုးသမီး လုပ်သားအများစု လမ်းဘေးရောက်မယ့် အခြေအနေ ဖြစ်နေတယ်။
တဖက်မှာ အလုပ်ရှိနေသေးသူတွေအတွက်လည်း ငွေကြေးဖောင်းပွမှုနဲ့ တဟုန်ထိုးတက်နေတဲ့ နေထိုင်စားသောက်စရိတ်နဲ့ဆို ရတဲ့လုပ်ခလစာက ‘ဆင့်ပါးစပ် နှမ်းပက်’ သလို ဖြစ်နေတယ်။ နောက်ဆက်တွဲအဖြစ် မြို့လူဦးရေ ထက်ဝက်နီးပါးက ဆင်းရဲမွဲတေမှု စာရင်းထဲ ရောက်ရှိလာကြတယ်။ ဆင်းရဲပြီးသား လူတန်းစားက ဆင်းရဲရုံသက်သက် မဟုတ်တော့ဘဲ ငတ်မွတ်ခေါင်းပါးတဲ့ အခြေအနေကို ရောက်မှန်းမသိ ရောက်ရှိလာကြတယ်။ မြို့စွန်ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်တွေမှာနေတဲ့ မိသားစုတွေအနေနဲ့ ထမင်းတနပ်စာအတွက် နောက်ဆုံးပိုင်ဆိုင်မှုတွေ ရောင်းချဖို့ ဖြစ်လာတယ်။ ထမင်းအိုး၊ စောင်နဲ့ နောက်ဆုံးမှာ ဂုဏ်သိက္ခာကိုပါ ရောင်းချနေကြရတဲ့အဆင့် ဖြစ်လာတယ်။ လိမ်လည်မှု၊ ခိုးမှုတွေက နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်း ဖြစ်လာပြီး ညပိုင်း လမ်းလျှောက်မထွက်ရဲ၊ နေ့လယ်ဘက် ဘတ်စ်ကားပေါ် ဖုန်းထုတ်မသုံးရဲတဲ့ လုံခြုံရေးအခြေအနေနဲ့ ရန်ကုန် ဖြစ်လာပါတော့တယ်။
အဘက်ဘက်က စောင့်ကြည့်ခံနေရပေမဲ့ မလုံခြုံမှုကတော့ ရန်ကုန်ရဲ့ ပြယုဂ် ဖြစ်လာခဲ့တယ်။ နောက်ပြီး လျှပ်စစ်မီးက ဇိမ်ခံပစ္စည်းတခုလို ဖြစ်လာတဲ့မြို့၊ မူးယစ်ဆေးသုံးပြီး ပျော်ရွှင်နေရတဲ့မြို့၊ ကျားဖြန့်လုပ်ငန်းတွေနဲ့ မှိုလိုပေါက်လာတော့မယ့်မြို့ ဖြစ်လာတယ်။
ရန်ကုန်အိပ်မက်အတွက် ပြန်ပြင်လို့မရနိုင်လောက်အောင် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှုကတော့ အိပ်မက်မက်သူတွေကိုယ်တိုင် ပျောက်ဆုံးသွားခြင်းပါပဲ။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လူငယ်တွေရဲ့ အနာဂတ်တံခါးဝကို သံမှိုရိုက်ပြီး အသေပိတ်လိုက်သလို ဖြစ်သွားခဲ့တယ်။ စစ်မှုထမ်း မဝင်ချင်ကြတာကြောင့် သိန်းနဲ့ချီတဲ့ လူငယ်တွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်။ နိုင်ငံကူးလက်မှတ်ရုံးတွေမှာ တန်းစီကြ၊ ပွဲစားတွေကို လာဘ်ထိုးကြ၊ ဒါမှမဟုတ် တရားမဝင် နယ်စပ်ဖြတ်ကျော်ကြနဲ့ နည်းလမ်းပေါင်းစုံ သုံးခဲ့ကြရတယ်။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ဖန်တီးမှုစွမ်းရည်ရှိသူတွေ စတဲ့ ပညာတတ် လူလတ်တန်းစားတွေ အပါအဝင် လူငယ်တွေဟာ ‘ပိုမိုကောင်းမွန်တဲ့ဘဝ’ ရဖို့နဲ့ စစ်မှုထမ်းတာကနေ ရှောင်ရှားဖို့အတွက် စင်ကာပူ၊ ထိုင်း၊ ဂျပန်နဲ့ အနောက်နိုင်ငံတွေဆီ ထွက်ခွာကြရတယ်။
ရန်ကုန်မြို့ဟာ လူသားအရင်းအမြစ် အလုံးအရင်းနဲ့ ဆုံးရှုံးနေရတဲ့ ‘သွေးထွက်လွန်’ အခြေအနေကို ကြုံတွေ့နေရတယ်။ မြို့ဟာ မထွက်နိုင်ဘဲ ပိတ်မိနေသူတွေသာ ကျန်ရစ်တော့မယ့် ‘မြို့ခွံကြီး’ အဖြစ်ကို ဦးတည်နေတယ်။ အိပ်မက်ဆိုတာ မက်မယ့်သူရှိမှ ဖြစ်တည်နိုင်တာမျိုးပါ။ အိပ်မက်မက်သူတွေ စွန့်ခွာသွားကြတဲ့ မြို့တမြို့မှာ ‘ရန်ကုန်အိပ်မက်’ ဆိုတာ တံလျှပ်တခုပမာ ဝေးကွာကျန်ရစ်ခဲ့ပြီလို့ ဆိုရမလားပါပဲ။
