ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

အိမ်နီးချင်း၏ ရောင်စုံခြယ်နိုင်ငံရေးဇာတ်ခုံ

အာဏာလက်ကိုင်ပြုထားသူတွေက နည်းမျိုးစုံနဲ့ ဖိနှိပ်ပြီး ဇာတ်သိမ်းပေးဖို့ ကြိုးစားခဲ့ပေမဲ့ လူငယ်တွေကတော့ ‘လဲလေ ပိုထလေ’ဆိုတဲ့ ပစ်တိုင်းထောင် စိတ်ဓာတ်နဲ့ အမြဲတမ်း ပြန်လာပါတယ်။ ဒါကြောင့်လည်း ဒီလူငယ်တွေဟာ အပိုင်တွက်လို့မရတဲ့ ရင်ဆိုင်ရ အလှဆုံး ပြိုင်ဘက်ကောင်းတွေ ဖြစ်လာတာပေါ့။ ဝါရင့်နိုင်ငံရေးသမားကြီး အနုတင်အတွက်လည်း ဒီလိုပဲ ဖြစ်ခဲ့မှာပါ။
By  နော;ယေန်(Naw Yain)  | March 19, 2026

အပြင်ပန်းမှာ မီးရောင်စုံတွေနဲ့ လှပနေပေမဲ့ အတွင်းထဲမှာတော့ ‘နာတာရှည်ရောဂါ’အသည်းအသန် ခံစားနေရတဲ့ ထိုင်းနိုင်ငံရေးဟာ အခုတော့ အပြာရောင်လှိုင်းတွေရဲ့ လွှမ်းမိုးမှုအောက်မှာ အခန်းကဏ္ဍသစ်တခုကို ကူးပြောင်းဖို့ ပြင်ဆင်နေပါတယ်။ မပြိုင်ခင်ကတည်းက ရလဒ်ကို ကြိုသိနေတဲ့ မြန်မာ့ရွေးကောက်ပွဲထက် အပြောင်းအလဲကို ဆာလောင်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီအားပြိုင်ပွဲတွေက ရင်ခုန်စရာကောင်းခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတုန်းက လူငယ်တွေ ဦးဆောင်တဲ့ Move Forward Party က မဲ အများဆုံးရခဲ့ပေမဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ ကန့်သတ်ချက်တွေကြောင့် အစိုးရဖွဲ့ခွင့်မရပါဘူး။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ ပါတီခေါင်းဆောင်ကို နိုင်ငံရေးလုပ်ခွင့်ပိတ်ပြီး ပါတီကိုပါ ဖျက်သိမ်းလိုက်ရော။ အဲဒီနောက်မှာ သက်ဆင်ရဲ့ ဖွေ့ထိုင်းပါတီက ညွန့်ပေါင်းအစိုးရဖွဲ့ပြီး တက်လာပေမဲ့ ကမ္ဘောဒီးယားနဲ့ဖြစ်တဲ့ပဋိပက္ခမှာ ကိုင်တွယ်ပုံမှားလို့ လမ်းခုလတ်မှာ ပြိုလဲခဲ့ရပြန်တယ်။ နောက်ဆုံးတော့ ဖျက်သိမ်းခံရတဲ့ Move Forward Party ရဲ့ အသွင်သစ် People’s Party ရဲ့ ထောက်ခံမှုနဲ့ပဲ တတိယမဲအများဆုံးရတဲ့ Bhumjaithai ပါတီ (BJT)  ခေါင်းဆောင် အနုတင်က ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပေါ့။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

တကယ်တော့ ထိုင်းနိုင်ငံဆိုတာ အပြင်ပန်းကြည့်ရင် မီးရောင်စုံတွေနဲ့ လှနေပေမဲ့ အတွင်းထဲမှာတော့ စီးပွားရေးရော၊ နိုင်ငံရေးပါ ‘နာတာရှည်ရောဂါ’သည်ကြီး ဖြစ်နေတာဗျ။ စီးပွားရေးမှာ Sick man of Asia လို့ အမည်တွင်ခဲ့သလိုပဲ နိုင်ငံရေးမှာလည်း အရေးပေါ်အခန်းရောက်လိုက်၊ ပြန်သက်သာလာလိုက်နဲ့ အသက်ဆက် နေရသလိုပါပဲ။ စဉ်းစားကြည့်ဦးလေ၊ သုံးနှစ်တည်းနဲ့ ဝန်ကြီးချုပ်သုံးယောက်တောင် လဲလိုက်ရတယ်ဆိုတာ ကျန်းမာတဲ့ နိုင်ငံရေးစနစ်မှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ။

ဒါပေမဲ့ တကယ့်အလှည့်အပြောင်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဗျ။ အနုတင်က လွှတ်တော်ကို အချိန်စောဖျက်ပြီး ရွေးကောက်ပွဲပြန်လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ စစ်တမ်းတွေက ဘယ်လိုပြော လဲဆိုတော့ “People’s Party ကပဲ ပြန်နိုင်လိမ့်မယ်၊ အာဏာရ BJT နဲ့ ဖွေ့ထိုင်းကတော့ ရုန်းကန်ရလိမ့်မယ်” ပေါ့။ တကယ်တမ်း ရလဒ်တွေလည်း ထွက်လာရော အားလုံး “ဟိုး”ခနဲ ဖြစ်သွားကြတယ်။ ထင်ထားသလို People’s Party က မနိုင်ဘဲ အာဏာရ BJT ပါတီကပဲ လွှတ်တော်မှာ ခုံနေရာအများဆုံးနဲ့ အပြတ်အသတ် နိုင်သွားတာဗျ။ ဘာလို့လဲလို့ ပြန်ကြည့်တော့ အမျိုးသားရေးစိတ်ဓာတ်တွေ ပြင်းထန်နေတဲ့အချိန် အခုနောက်ပိုင်း ထိုင်းပြည်သူတွေအကြားမှာ BJT ရဲ့ အမျိုးသားရေးမူဝါဒတွေက လူထုကို ကောင်းကောင်းကြီး ဆွဲဆောင်နိုင်သွား တာကိုး။ အခုတော့ People’s Party လည်း အတိုက်အခံအဖြစ်ပဲ ဆက်ရှိနေမယ်လို့ ဝန်ခံလိုက်ရပြီး BJT ကိုလည်း အစိုးရဖွဲ့ဖို့ ထောက်ခံမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒါကိုကြည့်ရင် ထိုင်းရွေးကောက်ပွဲဟာ လူအများ ထင်ထားသလို ဖြစ်မလာဘဲ တွက်ကိန်းတွေ အကုန်လွဲသွားတဲ့ ပွဲတပွဲလို့ ဆိုရမှာပါပဲ။

BJT ပါတီရဲ့ခေါင်းဆောင် အနုတင်ကလည်း ခေသူမဟုတ်ပါဘူး။ ထိုင်းနိုင်ငံရေးမှာ အစိုးရအဖွဲ့တွေ တခုပြီးတခု ပြောင်းလဲသွားပေမဲ့ အမြဲတမ်း နေရာရနေသူကတော့ အနုတင်ပါပဲ။ သူ့ကို ‘မြွေဟောက်’ (Cobra) လို့ တချို့က တင်စားကြသလို ပါးနပ်တဲ့ နိုင်ငံရေးသမားတဦးအဖြစ်လည်း အားလုံးက လက်ခံထားကြပါတယ်။ ပရာယွတ်ကနေ ဆေထာနဲ့ ပေတုန်တန် အစိုးရအဆက်ဆက်အထိ ဒုတိယဝန်ကြီးချုပ်လို အရေးပါတဲ့နေရာတွေကို လက်မလွှတ်တမ်း ဆုပ်ကိုင်ထားနိုင်တဲ့ ပါးနပ်လွန်းသူဖြစ်ပါတယ်။ ပေတုန်တန်အစိုးရ ပြိုလဲပြီးနောက်ပိုင်းမှာ ပြည်သူ့ပါတီရဲ့ ထောက်ခံမှုနဲ့ ဝန်ကြီးချုပ်နေရာကို ဝင်ယူနိုင်ခဲ့သူ။ ဟော..ဒီရွေးကောက်ပွဲမှာလည်း အနိုင်ရပါတီရဲ့ ခေါင်းဆောင်အနေနဲ့ ဝန်ကြီးချုပ်ဆက်လုပ်ဖို့ သေချာနေပါပြီ။

တဖက် People’s Party က လူငယ်တွေကတော့ အံ့မခန်း မျိုးဆက်တွေလို့ ဆိုရပါမယ်။ အာဏာလက်ကိုင်ပြုထားသူတွေက နည်းမျိုးစုံနဲ့ ဖိနှိပ်ပြီး ဇာတ်သိမ်းပေးဖို့ ကြိုးစားခဲ့ပေမဲ့ လူငယ်တွေကတော့ ‘လဲလေ ပိုထလေ’ဆိုတဲ့ ပစ်တိုင်းထောင် စိတ်ဓာတ်နဲ့ အမြဲတမ်း ပြန်လာပါတယ်။ ဒါကြောင့်လည်း ဒီလူငယ်တွေဟာ အပိုင်တွက်လို့မရတဲ့ ရင်ဆိုင်ရ အလှဆုံး ပြိုင်ဘက်ကောင်းတွေ ဖြစ်လာတာပေါ့။ ဝါရင့်နိုင်ငံရေးသမားကြီး အနုတင်အတွက်လည်း ဒီလိုပဲ ဖြစ်ခဲ့မှာပါ။

ဖွေ့ထိုင်းပါတီအတွက်တော့ အခုချိန်ဟာ ပဲ့ကိုင်ရှင် သက်ဆင် ထောင်နန်းစံနေရပြီး ပေတုန်တန်ရဲ့ ဖုန်းပြောဆိုမှုတွေကြောင့် ဝေဖန်ခံနေရတဲ့ အားအနည်းဆုံးကာလ ဖြစ်ပါတယ်။ အစဉ်အလာကြီးမားခဲ့ပေမဲ့ အခုရွေးကောက်ပွဲမှာတော့ အဆင့်သုံးနေရာအထိ ထိုးဆင်းသွားခဲ့ရလို့ ဖွေ့ထိုင်းရဲ့ ဩဇာစက် မှိန်ဖျော့သွားတာ တကယ်ကို သိသာလှပါတယ်။ နဂိုကတည်းက ရောင်စုံခြယ်ထားသလို ရှုပ်ထွေးလှတဲ့ ဒီထိုင်းနိုင်ငံရေးဇာတ်ခုံပေါ်မှာ အခုတော့ အပြာရောင်လှိုင်းက အသာစီးယူပြီး အခန်းကဏ္ဍသစ်တခုကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။ ဒါကြောင့် အနာဂတ်ထိုင်းနိုင်ငံဟာ ဒီလိုအရောင် အသွေးစုံလင်တဲ့ အားပြိုင်မှုတွေအကြားကနေ ဘယ်လိုပုံသဏ္ဌာန်နဲ့ ခရီးဆက်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles