မြန်မာနိုင်ငံမှာ အမျိုးသမီးတယောက်က လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းတယ် ဆိုတဲ့ အကမျိုး ကမိရင် အရေးယူခံရတာ မြန်ပေမဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကစလို့ တန်းတူအခွင့်အရေးတွေအတွက် ကာကွယ်ပေးမယ်လို့ ဆိုထားတဲ့ အင်စတီကျူးရှင်းတွေကတော့ အလုပ်ဖြစ်မနေသေးပါဘူး။ ဒီလို အလုပ်မဖြစ်တာက စစ်ကော်မရှင်ရဲ့ အာဏာစက်အောက်တင်မဟုတ်ဘဲ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာဒေသတွေမှာလည်း အတူတူပါပဲ။
၂ဝ၂၁ ခုနှစ် အာဏာသိမ်းခါစ ကာလတွေမှာတော့ စစ်အုပ်စု ကြီးစိုးတဲ့စနစ်ကို အမြစ်လှန် ပြောင်းလဲချင်ကြတဲ့ လူထုအကြားမှာ လိင်အခြေပြုတန်းတူညီမျှရေးနဲ့ လူမျိုးကြီးဝါဒ တိုက်ဖျက်ရေးလို အိုင်ဒီယိုလိုဂျီတော်လှန်မှုတွေက ကျွဲကူးရေပါ ပါလာခဲ့သယောင်ရှိပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တာတွေအတွက် တောင်းပန်ကြောင်း ထုတ်ဖော်ကြတာတွေ၊ ထဘီအလံထူလို့ ဆန္ဒပြကြသူတွေ နေရာအနှံ့ပေါ်လာပြီး လူ့အဖွဲ့အစည်းတခုလုံးရဲ့ အတွေးအခေါ်ဟာ မြေလှန်ပြောင်းလဲတော့မယောင်ယောင် မြင်ခဲ့ရပါတယ်။ ဒီဂျန်ဒါအခြေပြုခွဲခြားမှုကို တော်လှန်ဆန့်ကျင်တာဟာ ဖိုဝါဒကြီးစိုးတဲ့ စစ်အုပ်စုကို ဆန့်ကျင်ရေးအတွက်ဆိုတာထက် တကယ်တမ်းမှာတော့ ရန်သူထက် ကိုယ့်ဘက်က ကိုယ်ကျင့်တရားအခြေခံ သာလွန်တယ်ဆိုတဲ့ moral force မျိုးကို ပြသတဲ့သဘောပါ။ ဒါကြောင့်မို့လို့လည်း တော်လှန်သူတွေကိုယ်တိုင်မှာ ဂျန်ဒါအခြေပြုခွဲခြားမှုကို ငြင်းပယ်ဖို့ အခွင့်အလမ်း တံခါးပေါက် ပွင့်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီတံခါးအဟက အကြာကြီးတော့ ပွင့်မနေနိုင်ခဲ့ပါဘူး။ နှစ်ပေါက်လာတဲ့အခါမှာတော့ စစ်အုပ်စုကို တော်လှန်နေကြတဲ့သူတွေကြားမှာလည်း ဂျန်ဒါအခြေပြုခွဲခြားမှုတွေ ပုံစံမျိုးစုံနဲ့ ထွက်ပေါ်လာတာ အထွေအထူး ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ထဘီအလံထူခဲ့သူတွေ ဘယ်ရောက်သွားကြလဲ ဆိုတာကို တွေးမိပါတယ်။ ဒီလိုခွဲခြားမှုတွေကို ဆန့်ကျင်တာက ရန်သူစစ်အုပ်စုထက် moral force မှာ သာလွန်ကြောင်း ပြရာရောက်မှန်း သိကြပါလျက် အမျိုးသမီးအရေး၊ ဂျန်ဒါတန်းတူရေး ခေါင်းစဉ်နဲ့ လုပ်ဆောင်နေကြတဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေလည်း အပုံအပင်ရှိပါလျက်နဲ့ တော်လှန်သူတွေကိုယ်တိုင်ရဲ့ အသိုင်းအဝိုင်းမှာ ဘာလို့ ဒီဖိုဝါဒကြီးစိုးမှု ရှိနေသေးလဲဆိုတာကို ပြန်လည်စောကြော သုံးသပ်သင့်ပါတယ်။
ဒီဆောင်းပါးမှာတော့ ဒီအကြောင်းကို ရှုထောင့်သုံးခုကနေ ဆွေးနွေးပါမယ်။ တော်လှန်သူတွေရဲ့ နိုင်ငံရေးပတ်ဝန်းကျင်မှာရှိတဲ့ ဂျန်ဒါတန်းတူရေးအတွက် အခွင့်အလမ်း(political opportunity structure)၊ ဂျန်ဒါတန်းတူရေး လှုပ်ရှားသူတွေရဲ့ လူထုအပေါ် စုစည်းလှုပ်ရှားနိုင်မှု(mobilization structure)နဲ့ ဒီလှုပ်ရှားသူတွေက ဂျန်ဒါအရေးကို လူထုကြားထဲ ပုံဖော်နေတဲ့ ဇာတ်ကြောင်းပြောတွေ (framing process) တို့ပဲ ဖြစ်ပါတယ်။
ပထမဆုံးတခုအနေနဲ့ တော်လှန်သူတွေရဲ့ နိုင်ငံရေးပတ်ဝန်းကျင်မှာ ရှိတဲ့ ဂျန်ဒါတန်းတူရေးအတွက် အခွင့်အလမ်းအကြောင်း ဆွေးနွေးချင်ပါတယ်။ ရှေ့မှာဆိုခဲ့သလို တော်လှန်ရေးတပ်ဖွဲ့အများစုရဲ့ ဦးဆောင်သူတွေဟာ ရန်သူထက် ကိုယ်ကျင့်တရားရှုထောင့်မှာ သာလွန်ကြောင်း ပြသဖို့ ဂျန်ဒါတန်းတူရေးကို (တကယ်ယုံတာမယုံတာ အသာထား) လက်ခံကြောင်းတော့ ထုတ်ဖော်ပြကြပါတယ်။ သူတို့ရဲ့ တပ်ဖွဲ့တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ဦးဆောင်မှုကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်ပါကြောင်းကို ပြသတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုနေရာပေးထားတာတွေကို သေချာကြည့်ရင် နေရာရပါတယ်ဆိုတဲ့ အမျိူးသမီးတွေဟာ အဖွဲ့အစည်းရဲ့ စစ်ရေး၊ အုပ်ချုပ်ရေးတွေကို ပါဝင်ဆုံးဖြတ်ရတဲ့ နေရာတွေထက် logistics စီမံရေးမှာသာ ပိုများပါတယ်။ အထူးသဖြင့် တပ်ဖွဲ့အများစုရဲ့ ဘဏ္ဍာရေးမှူး၊ ရိက္ခာမှူးနဲ့ ပြန်ကြားရေးမှူးနေရာတွေမှာသာ အမျိုးသမီးတွေ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ခေါင်းဆောင်နေတဲ့ ယောက်ျားတွေအနေနဲ့ ဂျန်ဒါတန်းတူရေးကို ယုံတာမယုံတာထက် နိုင်ငံတကာအမြင်မှာ သူတို့အဖွဲ့တွေ ပိုအမြင်လှဖို့၊ အရပ်ဘက်အဖွဲ့တွေနဲ့ မီဒီယာတွေရဲ့ အပြောခံရတဲ့ ဖိအားကို ရှောင်ရှားနိုင်ဖို့ ပိုရည်ရွယ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ တနည်းအားဖြင့် သူတို့ကိုင်စွဲထားတဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို အနှောင့်အယှက်နည်းပြီး အမျိုးသမီးပါဝင်မှုကို လူအမြင်မှာ ပြလို့ကောင်းတဲ့ နေရာမျိုးတွေမှာသာ လက်ညိုးထောင်ခေါင်းငြိမ့် ဖြစ်စေမယ့် အမျိုးသမီးတွေကို ရွေးချယ်နေရာပေးတာမျိုးပါ။ ဒီအခင်းအကျင်းဟာ ပေါင်းစည်းချိတ်ဆက်တဲ့ (integration) သဘောထက် သွတ်သွင်းထိန်းချုပ်တဲ့ (subjugation) သဘော ဆောင်ပါတယ်။ ဘာကြောင့်ပဲ နေရာပေးပေး ဘာမှမရတာထက်တော့ ရနေသေးတာပဲ၊ အခွင့်အလမ်းတံခါးမှာ အဟလေးရှိသေးတာပဲလို့ တွေးချင်လည်း တွေးနိုင်ပါတယ်။
ဂျန်ဒါအရေးကိုယ်တိုင်က အလုပ်သမားအရေးလို အကျိုးစီးပွားအရေးထက် သရုပ်လက္ခဏာအရေး ပိုဆောင်တာကြောင့် နဂိုကပဲ မြေပြင်မှာ သရုပ်လက္ခဏာကို ကျော်လွန်ပြီး လူပေါင်းစုံပါဝင်တဲ့ စုစည်းမှုဖြစ်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒီကြားထဲမှာ အရပ်ဘက်အဖွဲ့အစည်းတွေက စံနှုန်းတန်းဖိုးတွေကိုပဲ pdf file ထုတ်ပြောနေတော့ မြေပြင်မှာ လှုပ်ရှားမှုတွေက ခြေကုပ်ရဖို့ ပိုခက်စေပါတယ်။
ဒုတိယရှုထောင့်ကတော့ ဂျန်ဒါအရေးခေါင်းစဉ်အောက်က အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ လူထုကို ဘယ်လောက်စုစည်းလှုပ်ရှားနိုင်သလဲဆိုတာပါပဲ။ အရပ်ဘက်အဖွဲ့အစည်းတွေဟာ သူတို့ယုံကြည်တဲ့ စံနှုန်းတန်ဖိုးတွေကို ကိုင်စွဲပြီး သူတို့ကိုယ်စားပြုလိုတဲ့ လူထု(ဒီမှာတော့ အမျိုးသမီးထုနဲ့ အခြားလိင်စိတ်ကွဲပြားသူများပေါ့)နဲ့ ဆုံးဖြတ်နိုင်စွမ်းအာဏာရှိတဲ့သူတွေကြား(ဒီမှာတော့ တော်လှန်ရေး ဦးဆောင်သူတွေပါ)မှာ ပေါင်းကူးတံတားသဖွယ် ပြုမူဖို့ တာဝန်ရှိပါတယ်။ သူတို့ကိုယ်စားပြုလိုတဲ့ လူထုရဲ့ လိုအပ်ချက်တွေကို အာဏာရှိသူတွေရဲ့ မူဝါဒစဉ်းစားချက်ထဲ အရေးပေးခံရဖို့ အကောင်အထည်ဖော်ခံရဖို့ အားထုတ်ရမယ့်သူတွေ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ဂျန်ဒါအခြေပြု အရပ်ဘက်အဖွဲ့အစည်းတွေဟာ သူတို့ကြွေးကြော်ကြတဲ့ စံနှုန်းတန်ဖိုးအရာမှာတော့ ပြောစရာမလိုလောက်အောင် တန်းမြင့်ပြီး လက်ခမောင်းခတ်နိုင်ပေမဲ့ သူတို့လိုလားချက်တွေကို မူဝါဒအဝန်းအဝိုင်းထဲ ရောက်လာဖို့ လုပ်ရာမှာတော့ အဖွဲ့အစည်းအချို့ရဲ့ မူဝါဒစာတမ်း pdf ဖိုင်အချို့နဲ့ နှစ်ပတ်လည်အခမ်းအနား အမှတ်တရစာတို (quote) တွေက လွဲပြီး ရလဒ်ပြစရာ နည်းလှပါတယ်။ ဒါဟာ အာဏာရှိသူတွေနဲ့ လူထုအကြား ဆက်စပ်ပေးရမယ့် အရပ်ဘက်အဖွဲ့တွေကိုယ်တိုင်က မြေပြင်လူထုကြားမှာ စည်းရုံးဖွဲ့စည်းနိုင်မှု အားနည်းလို့လို့ ဆိုချင်ပါတယ်။ အရပ်ဘက်အဖွဲ့တွေက မြေပြင်မှာ နေ့စဉ်လှုပ်ရှားရှင်သန်နေရသူတွေအကြား စည်းရုံးစုစည်းနိုင်စွမ်း အားနည်းတဲ့အခါမှာ မြေပြင် လက်တွေမျက်တွေ့ လှုပ်ရှားစည်းရုံးနေသူတွေ ဖြစ်ရမယ့်အစား အရပ်ဘက်အဖွဲ့အဖြစ်ထက် ပြည်ခြားရောက် မီဒီယာတွေလို အပြင်ကနေ ထောက်ပြရသူတွေ နေရာအဖြစ်သို့ ရောက်သွားကြပါတယ်။ ဂျန်ဒါအရေးကိုယ်တိုင်က အလုပ်သမားအရေးလို အကျိုးစီးပွားအရေးထက် သရုပ်လက္ခဏာအရေး ပိုဆောင်တာကြောင့် နဂိုကပဲ မြေပြင်မှာ သရုပ်လက္ခဏာကို ကျော်လွန်ပြီး လူပေါင်းစုံပါဝင်တဲ့ စုစည်းမှုဖြစ်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒီကြားထဲမှာ အရပ်ဘက်အဖွဲ့အစည်းတွေက စံနှုန်းတန်းဖိုးတွေကိုပဲ pdf file ထုတ်ပြောနေတော့ မြေပြင်မှာ လှုပ်ရှားမှုတွေက ခြေကုပ်ရဖို့ ပိုခက်စေပါတယ်။ တကယ်တော့ ကြွေးကြော်သံတွေထက် လက်တွေ့ရလဒ်ထွက်နိုင်မယ့် အခင်းအကျင်းကို အကောင်အထည်ဖော်၊ ဖိအားပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
နောက်ဆုံးတခုကတော့ ဂျန်ဒါမညီမျှမှု ပြဿနာကို ဘယ်လိုပုံဖော်တည်ဆောက်ကြလဲဆိုတဲ့ ဇာတ်ကြောင်းပြောဖြစ်စဉ်ပါ။ ကျမတို့ရဲ့ ဂျန်ဒါအရေး အရပ်ဘက်အဖွဲ့အစည်းအများစုကတော့ ဒီအရေးကို ‘ပါဝါကြီးမားအလွဲသုံးစား မကောင်းဆိုးဝါးယောက်ျားများ’ နဲ့ ‘အဖိနှိပ်ခံ သတ္တိခဲ တက်ကြွလှုပ်ရှားသူများ’ ဆိုတဲ့ လူဆိုး-လူကောင်း ဇာတ်လမ်းသဖွယ် ပုံဖော်တတ်ကြပါတယ်။ ကျမတို့ရဲ့ တသက်တာဖြတ်သန်းမှုထဲက ဖိနှိပ်ခံရမှုအတွေ့အကြုံတွေကို အများဆုံး ပြောဖြစ်ကြပါတယ်။ အဲဒီလိုပြောရာမှာလည်း ဒါတွေဟာ မိန်းမတွေပဲ သိမယ့် နားလည်နိုင်မယ့် အင်မတန်ခါးသီးတဲ့ အတွေ့အကြုံ lived experience အဖြစ် ပုံဖော်ကြပါတယ်။ တကယ့်လက်တွေ့မှာလည်း အမျိုးသမီးတွေ ကိုယ်စီမှာ ပြန်ပြောပြဖို့ ခက်တဲ့ ကိုယ်ပဲနားလည်နိုင်တဲ့ ဖိုဝါဒဒဏ်ကို ခံရတဲ့ lived experience တွေ ကိုယ်စီရှိကြပါတယ်။ တဖက်မှာလည်း ဂျန်ဒါအရေးကို ဖြေရှင်းဖို့က ဒီ lived experience တွေကို ရှေ့တန်းတင်နေရုံနဲ့ မလုံလောက်ပါဘူး။ ကျား-မ မရွေး ဝေမျှနားလည်လို့ရမယ့် အတွေ့အကြုံ shared experience အဖြစ် ပုံဖော်ဖို့လိုအပ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ civil right movement ကို နမူနာပေးလိုပါတယ်။ မာတင်လူသာကင်းမှာ လူမည်းတွေပဲ နားလည်နိုင်မယ့် ဖိနှိပ်ခံရမှု lived experience တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူဦးဆောင်တဲ့ လူထုလှုပ်ရှားမှုဟာ လူမည်းတွေအတွက် သီးသန့်တောင်းဆိုမှု black right တွေ ဆိုတာထက် လူဖြူ-လူမည်း လူသားမရွေးမျှဝေနိုင်တဲ့ civil right ကို ဦးတည်ခဲ့ပါတယ်။ အဲဒီအချိန်က လူမည်းတွေအကြောင်း လူမည်းတွေပဲနားလည်တယ်၊ ဖိနှိပ်သူလူဖြူတွေနဲ့ အတူမနေ၊ ငါတို့အရေးငါတို့ပဲ ဆုံးဖြတ်မယ် ဆိုတဲ့ Malcolm X လိုလူတွေ ရှိခဲ့ပေမဲ့ နောက်ဆုံးမှာ ဒီလို lived experience ဇာတ်ကြောင်းထက် မာတင်လူသာကင်းရဲ့ shared experience ဇာတ်ကြောင်းကသာ မူဝါဒအဝန်းအဝိုင်းထဲကို ရောက်လာခဲ့ပါတယ်။ မြန်မာပြည် ဂျန်ဒါအရေးလှုပ်ရှားသူတွေကလည်း ကျည်လွတ်ဗုံးလွတ်နေရာကနေ စင်ပေါ်တက် ပုဝါခြုံ မိုက်ကိုင် ခြေချိတ်ထိုင်ပြီး ‘ကျမတို့ အမျိုးသမီးတွေက’ လို့ ခံစားချက်အပြည့်နဲ့ အော်နေရုံကတော့ ဂျန်ဒါအရေးမူဝါဒတွေကလည်း PDF format မှာပဲ လမ်းဆုံးနေဦးမယ် ထင်ပါတယ်။
အချုပ်ပြောရရင်တော့ ဂျန်ဒါအရေး လှုပ်ရှားမှုကို လူထုလှုပ်ရှားတွေထဲက တခုအနေနဲ့ မြင်ကြည့်ဖို့လိုပါတယ်။ တည်ဆဲနိုင်ငံရေး အခင်းအကျင်းမှာ ရှိတဲ့ အခွင့်အလမ်းတွေက အမြဲ အကန့်အသတ်ရှိနေတာကို တွေ့ရမှာပါ။ အာဏာသိမ်းကာစ တော်လှန်သူတွေကြားထဲ ထဘီအလံထူသူတွေပေါ်ခဲ့ပေမဲ့ ခုတော့ တော်လှန်ရေး အသိုင်းအဝိုင်းမှာ မနည်းတွန်းတင်နေရတဲ့ကိစ္စ ဖြစ်ခဲ့ရသလိုပါပဲ။ အခွင့်အလမ်းတွေဟာ အမြဲရှိချင်မှ ရှိနေနိုင်ပါလိမ့်မယ်။ နိုင်ငံတကာမှာ အပြလှဖို့၊ မီဒီယာတွေ အရပ်ဘက်အဖွဲ့တွေရဲ့ ဝေဖန်မှုကို လျှော့ချဖို့ သွတ်သွင်းရုံသာသာ ရှိနေတဲ့ တော်လှန်ရေးအဖွဲ့တွေထဲက အမျိုးသမီးဦးဆောင်မှုတွေဆိုတာလည်း အမြဲရှိနေလိမ့်မယ်၊ ရှေ့လျှောက်ကောင်းလာဖို့ပဲ ရှိတယ်လို့လည်း အာမမခံနိုင်ပါ။ ရှိစုမဲ့စု အခွင့်အလမ်းကို အရပ်ဘက်အဖွဲ့အစည်းတွေက ပိုင်ပိုင်နိုင်နိုင် ကိုင်ဆွဲပြီး ရလဒ်အဖြစ် အသွင်ပြောင်းနိုင်မှ ဖြစ်မှာပါ။ ဒီလိုပြောင်းလဲဖို့ကလည်း မြေပြင်က ထီးထမ်းလမ်းလျှောက်နေသူလူထုကြား ကိုယ့်စံတန်ဖိုးတွေ နားလည်လက်ခံလာဖို့၊ ဒါတွေကို ကျင့်သုံးလို့ နေ့စဉ်ဘဝထဲ အကျိုးရလဒ်ထွက်လာဖို့အတွက် သရုပ်လက္ခဏာမျိုးစုံနဲ့ လူတွေကို လွှမ်းခြုံနိုင်တဲ့ ကွန်ရက်မျိုးတွေ တည်ဆောက်ဖို့ လိုအပ်ပါတယ်။ Zoom meeting နဲ့ ပေးတဲ့ ရက်တိုသင်တန်းတွေထက် နေ့စဉ်ဘဝထဲ ရလဒ်ထွက်တဲ့ စုဖွဲ့လှုပ်ရှားမှုမျိုးတွေကို ဆိုလိုတာပါ။ ဒီလိုတည်ဆောက်ဖို့ကလည်း ‘ငါတို့ချင်းပဲ ကိုယ်ချင်းစာ နားလည်နိုင်တာ’ဆိုတဲ့ lived experience တွေ၊ လူဆိုး-လူကောင်း ဇာတ်ကြောင်းတွေထက် အားလုံး မျှဝေနားလည်လို့ရတဲ့ စိတ်ကူးဇာတ်ကြောင်းကို တည်ဆောက်ရပါလိမ့်မယ်။ ဂျန်ဒါအရေးဟာ ရလဒ်ထွက်အောင် ပြောင်းလဲယူရမယ့် လူထုလှုပ်ရှားဖြစ်ပါတယ်။ ရပ်ပါတွေ ဦးထုပ်နောက်ပြန်ဆောင်းသလို၊ ပန့်ခ်တွေ ဝမ်းဝေးကေ ထောင်သလို ကိုယ့်တကိုယ်စာ ဖက်ရှင်အဖြစ် ဝတ်စားဆင်ယင်ထားရမယ့် တန်ဆာတခု မဟုတ်တဲ့အကြောင်း သတိချပ်ဖို့ ပြောပြရင်း နိဂုံးချုပ်လိုက်ပါတယ်။
